မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေ အပေါ်မှာ အများကြီး မူတည်နေတာမို့ လူငယ်တွေ အနေနဲ့ တာဝန်သိတဲ့စိတ် ရှိဖို့၊ တာဝန်ယူတတ်ဖို့ကို ဒီနေ့ အောက်မြန်မာနိုင်ငံတဝန်းက လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်တွေ ကြုံတွေ့နေရတဲ့ ပြဿနာ မျိုးစုံကို ကိုယ်တိုင် ဆွေးနွေးခွင့် ရတာမို့ လူငယ်တွေက ကျေနပ်မှု ရှိတယ်လို့လည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လူငယ်တွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်၊ ချင်း၊ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်နဲ့ တိုင်း ၃ ခုက NLD လူငယ် ၇၃ ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး ဒီကနေ့တော့ အောက်မြန်မာပြည်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေ အပြင် မွန်နဲ့ ကရင်ပြည်နယ်က လူငယ်ပေါင်း ၃၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
အခုဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် NLD ရုံးချုပ်က လူငယ်တွေ ဦးဆောင်မှုဟာ နောင်မှာ အောက်ခြေအထိ အလုပ်သွားလုပ်မယ့် လူငယ့်ကဏ္ဍတခုကို ဖော်ဆောင်တာလို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“နောင်ကို အောက်ခြေမှာ သွားပြီးတော့ လုပ်ဖို့အတွက် အလုပ် လုပ်နိုင်မယ့်၊ အလုပ် လုပ်ကြရမယ့် လူငယ်ကဏ္ဍတခုကို ပေါ်ပေါက်လာအောင် ဖော်ဆောင်တဲ့ဟာ ဖြစ်တယ်။ ရှေ့လည်းပဲ ဆက်ပြီးတော့ အသက် ၃၅ နှစ်အောက် လူငယ်တွေဟာ လူငယ်အခန်းကဏ္ဍမှာ အဓိက ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အစီအစဉ် အားလုံးကိုလည်း အဖွဲ့ချုပ်မှာရှိတဲ့ လူငယ်တွေက သူတို့အစီအစဉ်နဲ့ လုပ်တာ ဖြစ်ပါတယ်။”
နောင်မှာ နိုင်ငံ့အကျိုးအတွက် တာဝန်ယူ လုပ်ကိုင်သွားမယ့် လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖန်တီးနေတာဖြစ်ပြီး နိုင်ငံရဲ့ အနာဂတ် လှပစေဖို့အတွက် လူငယ်တွေ အပေါ်မှာ အများကြီး မူတည်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“တိုင်းပြည်ရဲ့ အနာဂတ် ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက်ဆိုးတယ် ဆိုတာ လူငယ်တွေရဲ့ အရည်အချင်းပေါ်မှာပဲ တည်တယ်။ ဒီလူငယ်တွေက လူကြီးဖြစ်သွားရင် ဒီလူငယ်တွေပဲ တိုင်းပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ရမှာပဲ။ လုပ်ချင် လုပ်ချင်၊ မလုပ်ချင် လုပ်ချင်၊ ဒီလူငယ်တွေရဲ့ ပခုံးပေါ်မှာ ကျလာမှာပဲ။ အဲတော့ ဒီလူငယ်တွေက အရည်အချင်း မပြည့်စုံရင် တိုင်းပြည်ရဲ့ အနာဂတ်က လှမှာမဟုတ်ဘူး။
“ဒီလူငယ်တွေက စိတ်ဓာတ်ကလည်း မှန်တယ်၊ အရည်အချင်းကလည်း ရှိတယ်၊ ဇွဲလည်းကောင်းတယ်၊ သတ္တိလည်း ရှိတယ်၊ လုပ်ရည်ကိုင်ရည်ကလည်း ပြည့်စုံတယ်ဆိုရင် ကျမတို့တိုင်းပြည် အနာဂတ်က လှမှာပေါ့။ အဲတော့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ ကျမ အဲဒါကို ပြောတာပါ။ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းလား၊ ဆိုးလား ကြည့်ချင်လို့ရှိရင် လူငယ်တွေကိုသာ ကြည့်လိုက်။ အဲဒါ ပေါ်လာမှာပဲ။”
အနာဂတ်ကို ဖန်တီးမယ့် လူငယ်တွေအတွက် တာဝန်သိစိတ် ရှိဖို့နဲ့ တာဝန်ယူတတ်ဖို့လည်း လူငယ်တွေကို ပြောကြားခဲ့ပါတယ်။
“တာဝန်ယူတယ် ဆိုတာဟာ ယူချင်တိုင်းလည်း ယူလို့မရဘူး။ ယူနိုင်တဲ့ အရည်အချင်းလည်း ရှိဖို့ လိုပါတယ်။ ဒါကြောင့် ပထမ အရည်အချင်းတွေကို တည်ဆောက်ရတယ်။ ဒီအရည်အချင်းတွေကို တည်ဆောက်ရင်းနဲ့ တပြိုင်တည်းမှာ တာဝန်သိစိတ်ကိုလည်း တိုးတက်အောင် ပြုစု ပျိုးထောင်ရတယ်။ တာဝန်သိစိတ်ဆိုတာ အရေးအကြီးဆုံးပါပဲ။
“နိုင်ငံရေး လှုပ်ရှားမှုတခုမှာ ပါဝင်တယ်ဆိုရင် အခြေခံကတော့ ယုံကြည်ချက်ပဲ။ ယုံကြည်ချက် မရှိဘဲ ပါလို့မရဘူး။ ယုံကြည်ချက်နဲ့အတူ တန်းတူ တွဲသွားရမှာကတော့ တာဝန်သိစိတ်ပဲ။ တာဝန်သိစိတ်ဆိုတာ နှစ်မျိုးရှိပါတယ်။ ကိုယ့်တာဝန်ဆိုတာ ဘာလဲ ဆိုတာကိုလည်း သေချာသိရမယ်၊ ဒီတာဝန်ကို ဘယ်လို ကျေပွန်အောင် ထမ်းဆောင်ရမလဲ ဆိုတာလည်း နားလည်ရမယ်၊ သဘောပေါက်ရမယ်၊ ထမ်းဆောင်နိုင်တဲ့ အရည်အချင်းလည်း ရှိရမယ်။”
လူငယ်နဲ့ နိုင်ငံသားတိုင်းအတွက် နိုင်ငံ့အကျိုးကို ဆောင်ရွက်ချင်ရင် နိုင်ငံရေးနဲ့ ကင်းလို့မရဘဲ ကိုယ်တိုင် မလှုပ်ရှားနိုင်ရင်တောင်မှ အားပေးဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူကြီးတွေက ဘာလုပ်ပေးနိုင်မယ် ဆိုတာကိုချည်း မျှော်ကိုးမနေဘဲ ကိုယ့်စွမ်းရည် ကိုယ်တက်အောင် ကိုယ်တိုင် ကြိုးစားဖို့ပါ တိုက်တွန်းခဲ့ပါတယ်။
ဒီလို တိုက်တွန်းတဲ့အခါမှာ HIV/AIDS ဝေဒနာရှင်တွေကို အကူအညီ ပေးနေတဲ့ မဖြူဖြူသင်းကို ဥပမာပေးပြီး ကုလသမဂ္ဂက ပေးတဲ့ ၂ ပတ်သင်တန်းကို တက်ရောက်ခဲ့သူ ၁၅ ဦးထဲက ကိုယ်တိုင် ကြိုးစားပြီး ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့သူလို့ ဆိုပါတယ်။
“ကျမတို့ လွှတ်လိုက်တာ ၁၅ ယောက်၊ အားလုံး ဒီသင်တန်းပဲ၊ ဒီသင်တန်းကိုပဲ အားလုံး အတူတူတက်ကြတာ။ ဒါပေမဲ့ ဒီသင်တန်းကနေ ပြန်ပါလာတာကတော့ လူတယောက်ချင်း တယောက်ချင်း မတူဘူး။ ဖြူဖြူသင်းကတော့ တကယ်ကို ဒီသင်တန်းဟာ သူ့အတွက် အင်မတန်မှ အထောက်အကူ ဖြစ်သလို သူ့ပတ်ဝန်းကျင်ကိုလည်း အထောက်အကူပြုတယ်။ ကျမတို့ သင်တန်းလုပ်ပေးတဲ့ သူတွေမှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ သင်တန်းတက်တဲ့ သူတွေမှာလည်း တာဝန်ရှိတယ်။”
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လူငယ်တွေထဲက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က လူငယ် ကိုဖြိုးဝေသိန်းကတော့ လူကုန်ကူးမှုကအစ နိုင်ငံတွင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေ အတော်များများကို ဆွေးနွေးနိုင်ခဲ့တာမို့ ဝမ်းသာ ကျေနပ်တယ်လို့ ဆိုပါတယ်။
“အန်တီနဲ့ မျက်နှာချင်းဆိုင် သွားတွေ့တာ ဒါ ပထမဆုံးအကြိမ်ပေါ့။ ကျနော်တို့ အနေနဲ့ ရန်ကုန်တိုင်း အနေနဲ့ရော၊ လူငယ်တွေ အနေနဲ့ရော ဒါ ပွင့်ပွင့်လင်းလင်းနဲ့ ပထမဆုံး မျက်နှာချင်းဆိုင် စကားပြောရတဲ့အတွက် အရမ်းကိုလည်း ကျေနပ်ကြပါတယ်၊ အားရပါတယ်။ အန်တီ့ကို ပထမဆုံး အနေနဲ့ ပြောရတဲ့ အတွက်ကြောင့်၊ လူငယ်တွေ အနေနဲ့ကတော့ လူကြီးတွေ အပေါ်ကို မမှီခိုဘဲနဲ့ လူငယ်တွေက ကိုယ့်လမ်းကို ကိုယ်ဖောက်ကြဖို့၊ ကိုယ်လုပ်နိုင်တဲ့ အလုပ်တွေကို ဖိဖိစီးစီး လုပ်တတ်ကြဖို့ အတွက်ကို အန်တီကတော့ ပြောကြားပါတယ်။”
ဒီလို တွေ့ဆုံ ဆွေးနွေးပွဲတွေဟာ ဝေဖန်တတ်ဖို့ သင်ကြားပေးတာမျိုး ဖြစ်ပြီး လူကြီးလူငယ်မရွေး အားသာချက် အားနည်းချက်တွေကို မြင်အောင်ကြည့်တတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေအပြင် ပညာရှာတဲ့ နေရာမှာ နားထောင်တတ်တဲ့နား ရှိဖို့ပါ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။