၁၇ ရက်ကြာ ဥရောပ ခရီးစဉ်ထွက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ နော်ဝေးနိုင်ငံ ဘာဂန်မြို့ကို ရောက်ရှိပြီး အဲဒီမှာရှိတဲ့ မြန်မာ လူမှုအသိုင်းအဝိုင်းတွေကိုရော ဘာဂန်မြို့ခံ လူထုကိုပါ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဘာဂန်မှာရှိတဲ့ Rafto Foundation ကို အဓိက လာရောက်တာပါ။ Rafto Foundation ကပေးတဲ့ Rafto ဆုဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ပထမဆုံး နိုင်ငံတကာဆုလည်း ဖြစ်ပါတယ်။ ဘာဂန်မြို့ကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ဘာဂန်မြို့ခံတဦးလည်းဖြစ်၊ မြန်မာမိသားစုနဲ့ ဒေါ်စု တွေ့ဆုံပွဲမှာ ပူးပေါင်းစီစဉ်သူ တဦးလည်းဖြစ်တဲ့ မကေသီအေးကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။
“အန်တီက ဒီကို ၁ နာရီခွဲ ဝန်းကျင်လောက် ရောက်တယ်။ ဘာဂန်က Rafto Foundation ရဲ့ ရုံးခန်းမှာ သူတို့ ဒီမြို့ကနေပြီးတော့ တွေ့ဖို့ပေါ့လေ။ သူတို့ ချိန်းထားတဲ့ ဒီက ဥပမာ သုတေသနသမားတို့၊ ပညာရေးနဲ့ ပတ်သက်တဲ့သူတွေ၊ နောက် သက်ဆိုင်ရာဌာနတွေ၊ ပြီးတော့ သူတို့ ချိန်းထားတဲ့ လူကြီးတွေနဲ့ တွေ့တယ်ပေါ့နော်။ ၃ နာရီလောက်မှာ စပြီးတော့ မြန်မာတွေနဲ့ တွေ့ဆုံပွဲကို ဟိုတယ်နောဂ မှာလုပ်တယ်။ အဲဒီဟိုတယ်ထဲကို မြန်မာတွေက ဘာဂန်တမြို့တည်းက မြန်မာတွေတင် မဟုတ်ဘူး။ ဆိုတော့ မြန်မာတွေက သုံးရာကျော်လောက် ရှိတာပေါ့နော်။ အဲဒီပွဲမှာ ဘာဂန်မြို့ရဲ့ မြို့တော်ဝန်ရယ်၊ နောက်ပြီးတော့ ဖောင်ဒေးရှင်းမှာ ဝိုင်းဝန်းလုပ်ဆောင်ကြတဲ့သူတွေ တချို့ တက်တယ်။”
အဲဒီမှာ ဘာဂန်က Rafto Foundation မှာ Rafto ဆုကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး ပေးခဲ့တဲ့ဆုကို ဒီဆု ပြန်ပေးတဲ့ အခမ်းအနားတွေ ဘာတွေ လုပ်ဖြစ်သေးလား။
“ပထမဆုံးကတော့ အဲဒီအစီအစဉ် လုပ်ဖို့ စဉ်းစားတယ်။ ဒါပေမဲ့ အန်တီလာတဲ့ အချိန်က သိပ်နည်းတယ်။ လေးနာရီ ငါးနာရီလောက်ပဲ ဘာဂန်မှာ ရှိမယ်ဆိုတော့ အဲဒါကြောင့်မို့ ထင်ပါတယ်။ သူတို့ ပွဲလုပ်မယ့် အစီအစဉ်ကို ဖျက်လိုက်ပြီးတော့၊ ဒီလို မြန်မာတွေနဲ့ တွေ့တယ်။ တွေ့ပြီးတဲ့အခါကျတော့မှ ဘာကိုလုပ်လဲ ဆိုတော့အခါကျတော့ မြို့ထဲမှာ နော်ဝေလူမျိုးတွေ၊ လူထုကို ပေါ့နော် စကားပြောတယ်။ မိန့်ခွန်းပြောပွဲကို အန်တီ ထပ် လုပ်သေးတယ်။ အဲဒီ မြန်မာတွေနဲ့ တွေ့ပြီးတဲ့အချိန်မှာ အဲဒီပွဲကို ခဏလေးနားပြီးတော့ ဒီပွဲမှာလာတဲ့ မြန်မာတွေ အကုန်လုံးကလည်း အဲဒီပွဲကို ကူးတယ်။ နောက်ပြီးတော့ နော်ေ၀ လူမျိုးတွေကလည်း အများကြီးပဲ။ တော်တော် ထူးဆန်းတာ တခုကတော့ ဘာဂန်မှာ အစ်မနေတာ ၇ နှစ်ရှိပြီ။ အဲဒီ ၇ နှစ်အတွင်းမှာ ဒီလောက်များတဲ့ နော်ဝေလူမျိုးတွေက မြို့လယ်မှာ နွေရာသီဆိုရင် ပွဲတွေ အများကြီး ရှိပါတယ်။ ကိုယ်ကလည်း ပွဲပေါင်းစုံ မရောက်ဖူးဘူး ဆိုပေမဲ့ တော်တော်များများတော့ သိတယ်။ ဒီလောက်များတာ တခါမှ မတွေ့ဖူးဘူး။ အဲဒီပွဲမှာ အန်တီက မိန့်ခွန်းပြောတယ်။ နော်ေ၀ public ကိုပြောတဲ့ မိန်ခွန်းဖြစ်တယ်။”
စောစောကပြောတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အဓိက အချက်က ဘာများ ပြောသွားတာ တွေ့ရလဲ။
“အန်တီကတော့ ပြောတာကတော့ များပါတယ်။ ဒါပေမဲ့ အန်တီ ပထမဦးဆုံး ပြောတဲ့အခါမှာ ဘာကိုပြောလဲဆိုတော့ - သူပေါ့လေ ဒီကိုလာတဲ့အချိန်မှာ သူ့ကို လှမ်းနှုတ်ဆက်တဲ့ တိုင်းရင်းသားတွေက၊ ပထမ ချင်းတိုင်းရင်းသား ၁၀၀ လောက်က အန်တီကို လှမ်းနှုတ်ဆက်တာကို အန်တီ တွေ့တယ်ပေါ့နော်။ တွေ့တဲ့အခါမှာတဲ့ သူ မြန်မာပြည်ကိုများ ပြန်ရောက်သွားသလားလို့ သူထင်မိတယ် ပေါ့လေ။ နောက်ပြီးတော့ သူ ဒီကိုလာတဲ့အခါမှာ တိုင်းရင်းသား မျိုးစုံ သူ တွေ့ရတယ်ပေါ့လေ။ အဲဒီအခါကျတော့တဲ့ အန်တီစိတ်ထဲမှာပေါ့လေ၊ မြန်မာပြည်ကလူတွေကို ဘာဂန်ကလူတွေကို ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေးနဲ့ စောင့်ရှောက်ကြတဲ့ဟာကို တွေ့တဲ့အချိန်မှာ သူ စဉ်းစားမိတယ်တဲ့။ ကိုယ့်တိုင်းပြည်က လူတွေကို ဒီတိုင်းပြည်က လူတွေက ဒီလိုကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်တယ်ဆိုရင် ကိုယ့်တိုင်းပြည် အစိုးရကရော မစောင့်ရှောက်နိုင်ဘူးလား ဆိုတဲ့ဟာကို။ နောက်တခုက အန်တီက မြန်မာတွေကို ဘာပြောလဲဆိုတော့ ကိုယ့်နေတဲ့တိုင်းပြည်မှာ မြန်မာပြည်ကလူတွေ အားလုံးက တယောက်နဲ့တယောက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေပါ။
“နောက်ပြီးတော့ ကိုယ့်ကို စောင့်ရှောက်ထားတဲ့ တိုင်းပြည်အတွက်ကိုလည်း မေတ္တာတရား ထားပြီးတော့ ဒီမှာလည်း ကောင်းကောင်းမွန်မွန် နေကြပါ။ နောက်ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဘာသာစကား အကုန်လုံးကိုလည်း ထိန်းသိမ်းပါ။ ဒီတိုင်းပြည်က ယဉ်ကျေးမှု ဘာသာစကားကိုလည်း သင်ယူပါ။ အန်တီက ပြောတာက လူတယောက်ဟာတဲ့၊ အခုခေတ် ကမ္ဘာကြီးမှာ လူတွေဟာ ဘာသာလူမျိုး မတူလို့၊ အရှေ့နဲ့ အနောက်နဲ့ ခွဲခြားတာတွေက မရှိတော့ပါဘူး။ အရမ်း ခေတ်နောက်ကျသွားပါပြီတဲ့။ ယဉ်ကျေးမှုတိုင်းကို တန်ဖိုးထားပြီး စောင့်ရှောက်တဲ့ခေတ်ကို ရောက်လာပြီတဲ့။ ဒီလိုအချိန်မှာ ကိုယ်က ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း ကိုယ်က ထိန်းသိမ်းတယ်ဆိုရင် ကိုယ်ကတန်ဖိုးရှိတဲ့သူတဲ့။ အခုလို လူမျိုးဟာ ရောက်နေတဲ့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း သင်ယူပြီး ထိန်းသိမ်းတဲ့ သူတယောက်က ယဉ်ကျေးမှုနှစ်ခုကို ထိန်းသိမ်းတဲ့သူတယောက် အဖြစ် ပိုပြီးတော့ တန်ဖိုးရှိပါတယ်တဲ့။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကို ကိုယ်က မထိန်းသိမ်းဘူး၊ ရောက်တဲ့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း သေချာ မသင်ဘူး ဆိုရင်တော့ ဒီလူတွေဟာ နှစ်ခါ ရှုံးတာပါတဲ့။ အန်တီ ပြောသွားတဲ့ အဲဒီစကားကတော့ အရမ်းကို တန်ဖိုးရှိတယ်လို့ ထင်ပါတယ်။”