သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း


တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း
တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေတာမို့ အားလုံးဟာ ခိုင်မာတဲ့ တာဝန်ယူမှုနဲ့အတူ ညီညွတ်ဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ မှန်ကန်တဲ့ ပြောင်းလဲမှုကို ရဖို့ တောင်းဆိုနေရုံနဲ့ မပြီးဘဲ တိုးတက်မှု ရှိအောင်ပါ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ပြောကြားပါတယ်။ အမေရိကန်နိုင်ငံ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံအတွက် ပြောကြားတဲ့ အမှာစကားမှာ အခုလို တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေရဖို့၊ တောင်းဆိုမှုတွေ တိုးတက်လာဖို့အတွက် အားလုံးဟာ ညီညွတ်ဖို့ လိုတယ်ဆိုတဲ့ အချက်ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ပြုလုပ်တဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံမှာ အဓိက တိုက်တွန်းခဲ့တာပါ။ မတ်လ ၅ ရက်နေ့ကနေ ၆ ရက်နေ့ထိ ၂ ရက်ကြာ ဖို့ဝိန်းမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုအခွေနဲ့ သူ့ရဲ့ နှုတ်ဆက် အမှာစကားအတွင်း အခုလို တိုက်တွန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အခုအချိန်မှာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်တရပ် ပွင့်လင်းလာပြီဆိုတဲ့ အမြင်တွေ ရှိနိုင်သလို စစ်မှန်တဲ့ လုပ်ရပ်တွေပေါ်မှာ ပွင့်လင်းမှု မရှိသူတွေနဲ့ လှည့်ဖြားသူတွေက တားဆီးဖို့ လိုတယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ အမြင်တွေလည်း ရှိနိုင်ပါတယ်။ ဒီတော့ ဒီလို အခြေအနေတွေ အမျိုးမျိုး အပေါ်မှာ ကျမတို့အားလုံးဟာ သတိရှိရှိ၊ တာဝန်ယူမှု အပြည့်နဲ့ အမှန်တရားအတွက် မြင်နိုင်ရပါမယ်။ အမှန်တရားအတွက် ကြိုးစားရပါမယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အစည်းအဝေး အတွင်းမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေအပြင် အမေရိကန် အစိုးရရဲ့ မြန်မာ့အရေးအပေါ် လုပ်ဆောင်ချက်၊ တခါ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ဘယ်လိုရအောင် လုပ်ကြမလဲဆိုတဲ့ အကြောင်းအရာတွေကိုပါ ဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။ ဒီလို ပြည်တွင်း ပြည်ပက မြန်မာ့အရေး ဆွေးနွေးမှုတွေမှာ တိုးတက်တဲ့ အပြောင်းအလဲတွေနဲ့အတူ အောင်မြင်မှုတွေ ရဖို့အတွက် ညီညွတ်ကြဖို့ အရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်လို့ မတူကွဲပြားတဲ့ အမြင်တွေ အမျိုးမျိုး ရှိနိုင်ပေမဲ့ ညီညွတ်ရေးဟာ အားလုံးအတွက် အခုအချိန်မှာ အရေးကြီးပါတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

ညီညွတ်မှုအား ပိုကောင်းလေလေ တိုးတက်တဲ့ ပြောင်းလဲမှုတွေကို အလျှင်အမြန်ရမှာ ဖြစ်သလို မတူကွဲပြားတဲ့ အမြင်တွေနဲ့ လှုပ်ရှားမှုတွေ အားလုံးရဲ့ နောက်ဆုံး ကြိုးပမ်းချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ဆိုတဲ့အမြင် တသားတည်း ဖြစ်သင့်တဲ့အတွက် ညီညွတ်ကြဖို့ကိုလည်း အဓိက ပြောသွားပါတယ်။ အသစ်အဆန်း မဟုတ်တဲ့ စကားတခုကို ထပ်ပြောရရင် အောင်မြင်မှုတွေရဖို့ ညီညွတ်မှု လိုသလို ညီညွတ်မှုမရှိရင် အောင်မြင်မှုဆိုတာ အလှမ်းဝေးနေမှာပဲလို့လည်း ပြောပါတယ်။

“အပြောင်းအလဲကို လိုချင်ရင် အပြောင်းအလဲ ဖြစ်လာအောင် လုပ်ဖို့လိုပါတယ်။ တိုးတက်မှုရှိအောင် မလုပ်နိုင်ဘူးဆိုရင် လိုချင်တဲ့ အပြောင်းအလဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ တိုးတက်မှုတွေရဖို့ တောင်းဆိုရုံသက်သက် မဟုတ်ဘဲ တိုးတက်မှုတွေရအောင် လုပ်ဖို့လိုတယ်။” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြန်မာ့အရေးအတွက် ကြိုးပမ်းလာကြတာ ဆယ်စုနှစ်နဲ့ချီ ကြာလာပြီ ဖြစ်ပေမဲ့ ဇွဲမလျှော့ကြဖို့နဲ့ တာဝန်ယူမှုတွေနဲ့ အတူ ကြိုးစား လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့သလို ဒီညီလာခံအတွင်း မြန်မာနိုင်ငံအတွက် သူနဲ့အတူ ရပ်တည်နေကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နှုတ်ဆက်စကားထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနား အတွင်းမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆက် အမှာစကားနဲ့အတူ NLD ပါတီ ထိပ်တန်းခေါင်းဆောင် သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ နှုတ်ဆက်စကား ဗွီဒီယို အခွေကိုလည်း ဒီညီလာခံအတွင်း ပြသခဲ့ပါတယ်။

XS
SM
MD
LG