သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုငြိမ်းချမ်းရေးဆွေးနွေးဖို့ အပစ်ရပ်ပူးတွဲကော်မတီနဲ့ တွေ့ဆုံမည်


ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (မတ်လ ၃၀ ရက်)
ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် (မတ်လ ၃၀ ရက်)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ်အဖြစ်အရင်သမ္မတ ဦးသိန်းစိန်အစိုးရဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)နဲ့ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) နေ့လည်ပိုင်းမှာတွေ့ဆုံမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပူးတွဲစောင့်ကြည့်ရေးကော်မတီအပေါ် ဘယ်လိုသဘောထားမလဲ၊ နောက် ဘယ်လိုပူးပေါင်းဆောင်ရွက်ပြီး သွားနိုင်မလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြောကြားတဲ့ မြန်မာနှစ်သစ်ကူးမိန့်ခွန်းထဲမှာငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင် အရင်အစိုးရအကောင်အထည်ဖေါ်ခဲ့တာတွေကို ပစ်ပယ်ဖို့ မရှိဘူးလို့ ထည့်သွင်းပြောကြားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သမ္မတဦးသိန်းစိန်လက်ထက်မှာဖွဲ့စည်းခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကော်မတီနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အခုလိုဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ လက်ရှိကော်မတီနဲ့ ဘယ်လိုညှိုနှိုင်းဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးဖို့ရှိကြောင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ရဲ့လက်ရှိဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မနေ့က နေပြည်တော်မှာစတင်ကျင်းပတဲ့ ငါးကြိမ်မြောက်ကော်မတီအစည်းအဝေးမှာ အခုလို ပြောသွားပါတယ်။

“အစိုးရသစ်ကနေပြီးတော့ ငြိမ်းချမ်းရေးအတွက် တာဝန်ယူ မယ့် နိုင်ငံတော်အတိုင်ပင်ခင်ပုဂ္ဂိုလ်နဲ့ ကျနော်တို့တွေ့ ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်၊ ဒီပိုင်းကိုလည်း ကျနော် တို့ဘယ်လိုဆွေးနွေးမလဲ၊ ဘာတွေဆွေးနွေးမယ်ဆိုတာကိုလည်း ဒီမှာညှိနှိုင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။”

ဦးသိန်းစိန်အစိုးရအဖွဲ့ဟာ အရင်စစ်အစိုးရလက်ထက်တွေတုန်းကလိုမဟုတ်ပဲ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးစတင်ပြီး ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ်မှာ တန်ဖိုးထားကြောင်းနဲ့ ဆက်ပြီးပြီးမြောက်အောင် အားလုံးပါဝင်နိုင်ရေးကြိုးစားသွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သူရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီသဘောထားကို ကြိုဆိုကြောင်း NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးကိုယ်စားလှယ် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက JMC ကော်မတီအစည်းအဝေးတွင်းမှာ အခုလိုပြောသွားပါတယ်။

“သမ္မတဦးသိန်းစိန်လက်ထက်မှာပဲ ဒီအခွင့်အရေးကို ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ နောက်တက်လာတဲ့အစိုးရသစ် သမ္မတကြီး ဦးထင်ကျော်နဲ့တကွ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဆက်လက်ပြီးအကောင်အထည်ဖေါ်သွားမယ်လို့ ပြောကြားတဲ့အတွက် ကျနော်တို့ဝမ်းပန်းတသာကြိုဆိုပါတယ်။ အခုဟာက လက်မှတ်ထိုးထားတဲ့အဖွဲ့ (၈)ဖွဲ့ ပဲရှိသေးတဲ့အတွက် တပြည်လုံးမှာငြိမ်းချမ်းရေးစဖို့ဆိုတာ အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးမထိုးသေးတဲ့ ကျန်နေတဲ့ အဖွဲ့အစည်းတွေပါဝင်လာဖို့ ဆန္ဒပြုပါတယ်။”

JMC ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ NCA မှာလက်မှတ်ထိုးတာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့အပါအဝင် စစ်တပ်နဲ့ အရင်အစိုးရကိုယ်စားလှယ်တွေနဲ့ ပါဝင်တာပါ။ ဒီအတောအတွင်းမှာပဲ NCA အပစ်အခတ်ရပ်စဲရေးမှာပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအောင်းတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တို့ကနေ ဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ဇော်ဦး ဦးဆောင်တဲ့ အရင်အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့မရှိကြောင်း မနေ့အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သူခက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ တိုင်းရင်းသားညီအကိုတွေရဲ့ ဒေသအတော်များများမှာ မြန်မာ့တပ်မတော်ဘက်ကနေထိုးစစ်တွေဆက်ပြီးတော့လုပ်နေတယ်။ အထူးသဖြင့် ကျနော်တို့ ရခိုင်ဒေသမှာဆိုလို့ရှိရင် မြန်မာ့တပ်မတော်ဘက်ကနေ ကျနော်တို့ရခိုင့်တပ်မတော်ကို အပြတ်တိုက်ရေးကြွေးကြော်ပြီးတော့မှ လက်ရှိမှာ ထိုးစစ်တွေအကြီးအကျယ်လုပ်နေတာတွေရှိတယ်။ အဲဒီလို ထိုးစစ်တွေအကြီးအကျယ်ရှိနေတဲ့ကာလမှာ ကျနော်တို့ဘက်က အလွတ်သဘောမတွေ့သင့်ဘူးလို့ ဆုံးဖြတ်တဲ့အတွက်ကြောင့် မတွေ့တော့ဘူးဆိုပြီး ထုတ်ပြန်တာဖြစ်ပါတယ်။”

မေး။ ။ ပြည်တွင်းမှာတော့ ငြိမ်းချမ်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်တော့မှာဆိုတော့ ဒီအပေါ်မှာ ဘာတွေမျှော်လင့်ထားလဲရှင့်။

ခိုင်သူခ။ ။ ကျနော်တို့ကလည်း အစကတည်းကလဲ ပြောပြီးသာရှိတယ်ဗျ။ နှစ်ပေါင်း (၅၄)နှစ်အတွင်း ပထမဆုံးတက်လာတဲ့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ကြိုဆိုတယ်၊ ဝမ်းသာတယ်ဆိုတဲ့အကြောင်း ကျနော်တို့ဘက်က ထုတ်ပြန်ထားပြီးသားရှိတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းလုပ်ငန်းစဉ်တွေကို သူကိုယ်တိုင်လုပ်တော့မယ်ဆိုတော့ တော်တော်ဝမ်းသာစရာကောင်းတဲ့ကိစ္စဗျ။ ကျနော်တို့ကတော့ ကြိုဆိုတယ်။

မေး၊ ။ သူကိုယ်တိုင်ဦးဆောင်မယ်ဆိုပေမဲ့ တဖက်မှာလည်း စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေတဲ့အချိန်မှာ အခက်အခဲတွေရှိလားနိုင်မလားရှင့်။

ခိုင်သူခ။ ။ ကျနော်တို့အမြင်ကတော့လေ အခုတက်လာတဲ့အစိုးရက မြန်မာ့တပ်မတော်ပေါ်မှာ ဘယ်လောက်ထိသူတို့အနေနဲ့ ညှိုနှိုင်းလို့ရနိုင်မလဲ၊ မြန်မာ့တပ်မတော်ကို အစိုးရအနေနဲ့ ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်တယ်ဗျ။

ရခိုင့်တပ်မတော် AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သူခ ပြောသွားတာပါ။

XS
SM
MD
LG