သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့က ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့စဉ်။ (သြဂုတ်လ ၁၄၊ ၂၀၁၁)။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့က ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့စဉ်။ (သြဂုတ်လ ၁၄၊ ၂၀၁၁)။
ဒီကနေ့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာဖို့ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် အတွင်းမှာတော့ ဂုဏ်ထူးဆောင်ဆုတွေ လက်ခံရယူဖို့၊ အမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သာမက အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မရှေးမနှောင်း ဆိုသလို သမ္မတ ဦးသိန်းစိန် ဟာလည်း နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရင်း အမေရိကန်ကို ဒီလနှောင်းပိုင်း ရောက်လာ ဦးမှာပါ။ မြန်မာ့နိုင်ငံရေး လောကက အဓိက ပုဂ္ဂိုလ် ၂ ယောက်ရဲ့ အမေရိကန် ခရီးစဉ်အပေါ် အကဲခတ်တွေရဲ့ သုံးသပ်ချက် အမြင်တွေကိုတော့ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။

ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုကို ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် အတွင်းမှာတော့ အရပ်သားတွေ အတွက် လွှတ်တော်က ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတခုဖြစ်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ် လက်ခံ ရယူဖို့ အပါအဝင် သမ္မတ ဘရက်ခ် အိုဘားမား နဲ့ပါ တွေ့ဆုံလိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် လက်ခံရယူခဲ့တဲ့ ဥရောပ တလွှား ဒီနှစ်ဆန်းပိုင်း သွားရောက်ခဲ့ပြီး ဒုတိယ အကြိမ် အနောက်နိုင်ငံ ခရီးစဉ်အဖြစ် အမေရိကန် တဝှမ်း သီတင်း ၂ ပတ်ကျော်ကြာ နေထိုင်မှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဆိုရင်တော့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပမယ့် အထွေထွေ ညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက်မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။ တိုက်တိုက်ဆိုင်ဆိုင် အခြေအနေကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပြုထားတဲ့ မြန်မာ သမ္မတရဲ့ ခရီးစဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျော်ကြားမှုက အရိပ်မိုးနေမလား ဆန်းစစ်သူတွေ သုံးသပ်နေကြပါတယ်။

မြန်မာ့အရေး အနီးကပ် စောင့်ကြည့် လေ့လာနေသူ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က ပါမောက္ခ Sean Turnell ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဆက်ဆံရေးမှာ အပြန်အလှန် အကျိုးပြုနိုင်တာတွေ ရှိတယ်လို့ သုံးသပ်ပါတယ်။

“ဦးသိန်းစိန် နဲ့ ပတ်သက်လို့ ကောင်းတဲ့ အချက်တခု အနေနဲ့ကတော့ သူဟာ ရာထူးသက်တမ်း တခုပဲ ရှိမယ့်သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ဆောင်ကြဉ်းပေးတဲ့ အမွေအနှစ်မျိုး ချန်ရစ်လိုတဲ့ ကြီးကြီးမားမား အမြင်မျိုး ရှိပါတယ်။ တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် က သူ့အတွက်တော့ အတော်ကလေး တန်ဘိုးရှိတဲ့ အရာတခုပါ။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အံံ့မခန်းလောက်အောင် ရေပန်းစားသူ တယောက် ဖြစ်တာမို့ ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်တခုဖြစ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်လာအောင် လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။”

အခုခရီးစဉ် အတွင်းမှာပဲ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ထပ်မံ လျှော့ပေါ့မှုတွေကို ကြေညာကောင်း ကြေညာနိုင်တယ်လို့လည်း ပါမောက္ခ Turnell ကပြောပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးတာ၊ မေးမြန်းတာတွေ ရှိမယ်လို့လည်း ဆန်းစစ်သူ တချို့က ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့်ကတော့ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးပြီး အကြီးအကျယ် ထိခိုက် ဆုံးရှုံးမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်ကြလိမ့်မယ်လို့ ပြည်ပမှာ အခြေစိုက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ကပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာတွေကို မေးခွန်းထုတ်ကြပါလိမ့်မယ်။ ဒါက မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ ပတ်သက်လို့ လည်း မေးကောင်းမေးခံရ နိုင်ပါတယ်။ အခြေခံကျကျ အပြောင်းအလဲတွေ၊ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရပ်ဘဲနဲ့ကတော့ သူ့ခရီးစဉ်က အမေရိကန်ရဲ့ မူဝါဒတွေ ပြောင်းလဲအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုအပ်နေသလို လက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့်မှသာ အမေရိကန်ရဲ့ မူဝါဒတွေကို ပြောင်းလဲလာဖွယ် ရှိတယ်လို့လည်း ကိုဘိုကြည် ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်အတွင်း အမေရိကန် လွှတ်တော်နဲ့ တက္ကသိုလ်တွေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံရာမှာတော့ တိုင်းပြည်က အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ သူ့ကိုယ်ပိုင် သုံးသပ်ချက်ကို ပြောလိမ့်မယ် လို့လည်း မျှော်လင့်ထားကြတာပါ။ အမေရိကန် ကွန်ဂရက် လွှတ်တော်က ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုအပြင် Asia Society ကချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ဆု၊ Atlantic Council ရဲ့ ကမ္ဘာ့နိုင်ငံသား ဆုတွေကို လက်ခံရယူသွားမှာ ဖြစ်တဲ့အပြင်၊ Yale, Harvard နဲ့ Kentucky ပြည်နယ် Louisville တက္ကသိုလ်တွေကို သွားရောက်ပြီး စကားပြောမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG