သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လုံလောက်မဲ မရတဲ့အပေါ် ဒေါ်စုအမြင်


ဒေါ်အောင်ဆန်းစုကြည် -ဖွဲ့စည်းပုံဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ။ (ဇွန် ၂၅၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည် -ဖွဲ့စည်းပုံဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ။ (ဇွန် ၂၅၊ ၂၀၁၅)

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးဆောင် တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တချို့ ပြင်ဆင်နိုင်ရေး လုံလောက်တဲ့ မဲအရေအတွက် မရခဲ့တာဟာ တကယ်တန်း စစ်မှန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်လိုစိတ် မရှိဘူး ဆိုတာကို မီးမောင်းထိုးပြ လိုက်တာဘဲ ဖြစ်တယ်လို့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ခြင်း မပြင်ဆင်နိုင်ခြင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လာမယ့် ရွေးကောက်ပွဲ ဝင်မယ် မဝင်ဘူး ဆိုတဲ့ အပေါ်မှာ သက်ရောက်မှုမဖြစ်စေဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် လွှတ်တော်တွင်း မဲခွဲမှုမှာ လုံလောက်တဲ့ မဲမရခဲ့တဲ့ အပေါ် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ တုန့်ပြန်ချက်တွေကို မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

သမ္မတအရည်အချင်းသတ်မှတ်ချက်တွေကို ပြဋ္ဌာန်းထားတဲ့ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) အပါအဝင် အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးမှာ အဓိက အရေးပါတဲ့ ပုဒ်မ ၄၃၆ နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ တချို့ကို ကြာသပတေးနေ့ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတာမှာတော့ ပြင်ဆင်နိုင်ရေး အတွက် လုံလောက်တဲ့ ထောက်ခံမှု မရခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဆန္ဒမဲ
ဒေါ်အောင်ဆန်းစုကြည် ဆန္ဒမဲ

ဒါပေမယ့်လည်း ဒီအချက်ကြောင့်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျင်းပမယ် လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ဆုံးဖြတ်မယ့် အပေါ်မှာတော့ သက်ရောက်မှု မရှိဘူးလို့ NLD ဥက္ကဋ္ဌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

"NLD ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးဆိုတာက ဒီ ဖွဲ့စည်းပုံအခြေခံ ပုဒ်မ တွေ ပြင်ရေး မပြင်ရေးအပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။ တခြားကိစ္စတွေလည်း NLD က စဉ်းစားရမှာဖြစ်ပါတယ်။ ဒီဟာတခု နဲ့တော့ ရွေးကောက်ပွဲကနေ နောက်ဆုတ်စရာ အကြောင်း မရှိပါဘူး။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီလိုပြုပြင်ပြောင်းလဲနိုင်ဖို့ လိုလားတာဟာ ဘယ်သူတွေက လိုလားတာလည်းဆိုတာ ပြည်သူတွေက ရှင်းရှင်းလင်းလင်း သိသွားလို့ရှိရင် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို ထောက်ခံရမလဲ ဆိုတာ ပြည်သူတွေက ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်လို့ရမယ်လို့ အန်တီတို့က ယုံကြည်ပါတယ်။ "

ဒါပေမယ့် ကြာသပတေးနေ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှု ရလဒ်ကို ကြည့်ပြီး နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံရေး ထိပ်သီး ၆ ဦးတို့ရဲ့ တွေ့ဆုံဆွေးနွေးမှု အပေါ်မှာတော့ စိတ်ဝင်စားမှု လျော့ သွားစေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရင် အန်တီက သိပ်ပြီးတော့ မစဉ်းစားဘူး ခြောက်ပွင့်ဆိုင် အကြောင်းကို မစဉ်းစားတော့ဘူး။ စဉ်းစားနေရင် နည်းနည်း အချိန်ပိုကုန်တယ်။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သွားမယ်။"

အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် မဲခွဲမှုမှာတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သား လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်းတို့က ကန့်ကွက်ခဲ့ကြတဲ့ အပေါ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရရှိထားတဲ့ လုပ်ပိုင်ခွင့် အပေါ်မှာတော့ ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ပါတယ်။

" ကာကွယ်ရေးဦးစီးချုပ်ဆိုတာဟာ ပြည်သူက ရွေးချယ်တင်မြှောက်ပြီးတော့ တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ သူ့ရဲ့ စည်းမျဉ်းစည်းကမ်း တပ်ရဲ့ အစဉ်အလာအရ တပ်ရဲ့ဖြစ်စဉ်အရ ဒီဟာမျိုးကို ရခဲ့တာ။ အဲ့သလို ပုဂ္ဂိုလ်တဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ဟန့်တားပိုင်ခွင့် အပြည့်အဝ ရှိတယ်ဆိုတာ ဖြစ်သင့်သလား။ ဒါ ဒီမိုကရေစီ လားဆိုတာ အန်တီတို့ပြောနေတဲ့ကိစ္စပဲ။ ဒီအတိုင်းပဲ အခု ဆက်ပြောရမှာပဲ။ တပ်မတော် ကိုယ်စားလှယ်တွေက အမိန့်အရ ကန့်ကွက်တာလည်း အန်တီတို့အနေနဲ့ အံ့အားလည်း မသင့်ဘူး။ ဘာမှလည်း ထူးထူးထွေထွေ ပြောစရာ မရှိဘူး။ "

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးဆောင် တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တချို့ ပြင်ဆင်နိုင်ရေး လုံလောက်တဲ့ မဲအရေအတွက် မရခဲ့တာက လက်ရှိ လွှတ်တော်တွင်းမှာ ပြည်သူတို့ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော် အမတ် တဦးချင်းစီရဲ့ ပြုပြင်ပြောင်းလဲလို စိတ်ကို ဖော်ညွှန်းလိုက်တာလည်း ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

" ဘယ်လိုပဲပြောပြော အဲ့တာဟာ ပါတီအသီးသီး ကိယ်စားလှယ်အသီးသီးရဲ့ စိတ်နေသဘောထား ပြည်သူနဲ့ တိုင်းပြည် အပေါ် စေတနာတွေ ကိုတော့ ပေါ်လွင်စေ ပါတယ်။ အဲ့ဒီ့တော့ အဲ့တာကြောင့်မို့လို့ ဘာမှ မထူးပါဘူး။ နိုင်မှာလည်း မဟုတ်ပါဘူးလို့ လျစ်လျူမရှု့ထားပါနဲ့။

အန်တီ့အနေနဲ့ကတော့ ကျေနပ်တယ်။ အန်တီတို့ ကိုယ်စားလှယ်တွေက NLD ရဲ့ ရပ်တည်မှုကို ပြည်သူသိအောင် ဖော်ပြနိုင်တဲ့ အခွင့်အရေးရခဲ့တယ်။ ကျေနပ်တယ်။ အဲ့တော့ ဒီဟာကိုလည်း ရှုံးတယ်လို့ သဘောမထားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရှုံးတယ် နိုင်တယ်ဆိုတာ တကယ်တော့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်သူ့ကို မှန်တယ်လို့ မြင်လည်း ဆိုတာအပေါ်မှာပဲ မူတည်ပါတယ်။"

အခုလို လွှတ်တော်တွင်းမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး မအောင်မမြင် ဖြစ်တဲ့ အပေါ်မှာလည်း ပြည်သူတွေ စိတ်ဓာတ် မကျဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ မဲစာရင်း စိစစ်မှု လုပ်ငန်းတွေမှာ အာဏာပိုင်တို့ဘက်က တားဆီးမှုတွေကိုလည်း ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ NLD ပါတီက ထည့်သွင်း ပြောဆိုလိုက်ပါတယ်။ အာဏာပိုင်တို့ရဲ့ အခု လုပ်ရပ်ဟာ ဆိုရင် ပြည်သူတွေ မဲပေးခွင့် အခွင့်အရေးကို ပြည့်ပြည့်၀၀ မရစေချင်တဲ့ သဘောလည်း ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG