သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် တောင်ကုတ်က ဒေါ်စု လူထု တရားပွဲ


ရခိုင် တောင်ကုတ်က ဒေါ်စု လူထု တရားပွဲ။ အောက်တိုဘာလ ၁၆၊ ၂၀၁၅။
ရခိုင် တောင်ကုတ်က ဒေါ်စု လူထု တရားပွဲ။ အောက်တိုဘာလ ၁၆၊ ၂၀၁၅။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ် အဖြစ် ရခိုင်ပြည်နယ်ကို ဒီကနေ ရောက်ရှိသွားပြီဖြစ်ပါတယ်။ ဘာသာရေး လူမျိုးရေး တင်းမာမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ်တွင်း ဒေါ်စု ခရီးစဉ် အပေါ် အများက စိတ်ဝင်စားမှု ရှိသလို၊ စိုးရိမ်မှုတွေလည်း ရှိခဲ့ကြ ပါတယ်။ တောင်ကုတ်မြို့ မှာ ဒီကနေ့ ပြောဆိုတဲ့ မိန့်ခွန်းထဲမှာတော့ ဘာသာရေးနဲ့ လူမျိုးရေး အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် စံနစ်တကျ တိုက်ခိုက်မှုတွေ ရှိနေတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပါတယ်။ ဒီခရီးစဉ်မှာ လိုက်ပါ သတင်း ယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်စု တောင်ကုတ်ဟောပြောပွဲ
ဒေါ်စု တောင်ကုတ်ဟောပြောပွဲ

ကိုသားညွန့်ဦး။ ။ ကိုစည်သူရေ ဒေါ်အောင်ဆန်းစုကြည် တောင်ကုတ်မြို့မှာ မိန့်ခွန်းပြောတယ်လို့ သိရပါတယ်။ သူ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်က အများက စိတ်ဝင်စားကြတဲ့ ခရီးစဉ်ဖြစ်နေပါတယ်။ တောင်ကုတ် လူထု စည်းဝေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ထူးထူးခြားခြား ဘာတွေများ ပြောသွားလဲ ခင်ဗျ။

ကိုစည်သူ။ ။ ထုံးစံအတိုင်း ပြောတာတွေကတော့ NLD ကို မဲထည့်ကြဖို့ ၊ ပြုပြင် ပြောင်းလဲရေး အစိုးရ အတွက် NLD ကို အင်တိုက် အားတိုက် မဲပေးကြဖို့ ပြောပါတယ်ဗျ။ ထူးခြားတာ တခုကတော့ ဒေသခံတွေ က မေးတဲ့ မေးခွန်း တခုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကများ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ သမ္မတဖြစ်လာခဲ့ရင် ဘင်္ဂလီတွေက ပိုပြီးတော့ နေရာယူလာလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးပါတယ်ခင်ဗျ။

အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စနဲ့ပတ်သက်လို့ နေရာအနှံ့အပြားမှာ သူ ဒီလိုမေးခွန်းတွေ အမေးခံရတယ်ဆိုတဲ့အကြောင်းကို ပြောပါတယ်ခင်ဗျ။ ဒီလို သူ့ရဲ့သုံးသပ်ချက်ကတော့ သူ့ကို NLD ပါတီကို ပြောနေခြင်းက အစုအဖွဲ့တခု ကနေပြီးတော့ တနိုင်ငံလုံးအနှံ့ စနစ်တကျ ဝါဒဖြန့်ချီရေး လုပ်နေတယ်လို့ သူက ဒီနေ့မှာ ပြောဆိုသွားတယ်ဗျ။ ဒီတော့ ဒီမိုကရေစီအစိုးရသစ် တရပ်ဖြစ်တဲ့ အတွက် ပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဘာတခုမှ လုပ်လို့မရဘူးဆိုတာလည်း ဆက်ပြောပါတယ် ခင်ဗျ။ ပြီးတော့ သူက လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးမှာ ပါဝင်ပြီးတော့ အသုံးချတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပါတယ်ခင်ဗျ။

ဒေါ်စု တောင်ကုတ်ဟောပြောပွဲ
ဒေါ်စု တောင်ကုတ်ဟောပြောပွဲ

NLD နဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုး ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး တစုံတရာ အဖွဲ့အစည်းတွေက လုံးဝ အရေးယူတာမျိုး မတွေ့ရတဲ့အတွက် သူ့အနေနဲ့ အထူးစိုးရိမ်တယ်ဆိုတဲ့အကြောင်း ပြောပါတယ်ဗျ။

ကိုသားညွန့်ဦး။ ။ တဖက်မှာ ဒီလူမျိုးရေး၊ ဘာသာရေးကိစ္စ တော်တော်လေးကို အထိအရှမခံဖြစ်နေပါတယ်။ ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ချက်တွေ ကိုလည်း ကျနော်တို့ တွေ့နေရပါတယ်။ ဒီတော့ ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ရော ဒေါ်အောင်ဆန်းစုကြည် ဘာများ တုန့်ပြန်ဖြေရှင်းတာရှိပါသလဲ။

ကိုစည်သူ။ ။ သူကတော့ တခြားကိစ္စတွေကို စဉ်းစားတာမျိုး မလုပ်ပဲနဲ့ လာမယ့် ရွေးကောက်ပွဲမှာ NLD ကိုပဲ အာရုံစိုက်ပြီးတော့ အဓိက မဲပေးကြပါ။ NLD က နိုင်ခဲ့ရင် ဒီရခိုင်ဒေသမှာ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းဖြစ်အောင် သယံဇာတတွေနဲ့ စနစ်တကျ အသုံးချပြီးတော့ ရခိုင်ဒေသခံတွေ အားလုံး ချမ်းသာတဲ့ အခြေအနေ ရောက်အောင် သူကတော့ သူ အစိုးရများ လုပ်ခွင့်ရခဲ့မယ်ဆိုရင် ဖန်တီးပေးပါမယ်လို့ ကတိပေး ပြောသွားပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ တော်တော်လေး စိတ်ဝင်စားကြပါတယ်။ အဓိက ဘာကြောင့်လဲ ဆိုတော့ ရခိုင်ဒေသမှာ ရခိုင်တိုင်းရင်းသားပါတီတွေကလည်း အင်အားကောင်းကြပါတယ်။ နောက်တချက်က ခုနက လူမျိုးရေး ဘာသာရေး အထိအရှ မခံတဲ့ကိစ္စ ဖြစ်တယ်။ ဒီအပေါ်မှာ NLD လည်း တော်တော်လေး ဝေဖန် ခံနေရ တဲ့ အခြေအနေ ရှိပါတယ်။ ရခိုင်ဒေသမှာရှိတဲ့ လူထုရဲ့အမြင် ကရော ဒေါ်အောင်ဆန်းစုကြည် အခုလာတဲ့ ခရီးစဉ်မှာ ဘယ်လိုများ တီးခေါက်မိပါလဲ။

ကိုစည်သူ။ ။ ဟုတ်ကဲ့ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် လာတဲ့အချိန်မှာ ကျနော်တို့ တွေ့ရတာကတော့ NLD ပါတီကို ထောက်ခံတဲ့သူတွေကတော့ ဒီမှာ လူထုအင်အား နဲ့ စုရုံးရောက်ရှိနေကြတာ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ပါတီတွေလည်း ရှိတယ်ဆိုတော့ အဲ့ဒီ့ပါတီတွေကို လူထုအင်အား ထောက်ခံမှုတွေလည်း ရှိနေတယ်လို့ တချို့ လူတွေကပြောပါတယ်ခင်ဗျ။ NLD နဲ့ပတ်သက်လို့ တော်တော်လေး အင်တိုက် အားတိုက်ရှိတာတော့ တွေ့ခဲ့ရပါတယ်။

ကိုသားညွန့်ဦး။ ။ အခုလာကြတဲ့သူ တစ်သောင်းလောက်ဆိုတာ NLD ကို ထောက်ခံတဲ့သူတွေပဲလား။ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားလို့ လာကြည့်တဲ့သူတွေလား။ ဘယ်လို အကဲခတ်လို့ရလဲ ကိုစည်သူ။

ကိုစည်သူ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တချိန်တခါမှ မမြင်ဖူးလို့ လာကြည့်တဲ့သူတွေလည်း ပါပါတယ်ခင်ဗျ။ ပြီးတော့ အပြောင်းအလဲကို လိုလားတာကြောင့် ဒီနေရာကို လာကြတာလို့လည်း ပြောပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒီနေရာကို ရောက်လာတာရှိသလို၊ NLD ပါတီကြောင့်လည်း ရောက်လာကြတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။ လုံခြုံရေး အစီအမံတွေရော ဘယ်လိုရှိတာတွေ့ရလဲ။

ကိုစည်သူ။ ။ NLD က စီစဉ်ထားတဲ့ အထူးလုံခြုံရေး၊ NLD ရဲ့ ဒေသခံလုံခြုံရေးတွေကတော့ အတော်များများ တွေ့ရတယ်ခင်ဗျ။ လူထုထဲမှာလည်း ရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်လည်း လုံခြုံရေး ယူထားတယ်။ ကျနော်တို့ အပြင်ကရောက်လာမယ့်သူတွေအတွက်လည်း လုံခြုံရေး အထူးစီစဉ်ထားတာ တွေ့ရပါတယ်ခင်ဗျ။ ဒေသခံအာဏာပိုင်ကတော့ အထူးတလည် ပေးထားတာ မရှိပါဘူးခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် တောင်ကုတ်တို့ ဘာတို့ သွားတဲ့အခါမှာ အာဏာပိုင်တွေဘက်က ရဲအစောင့်အရှောက်တွေ ဘာတွေ ယူပေးတာရော မရှိဘူးလား။

ကိုစည်သူ။ ။ ယာဉ်တန်းအနောက်မှာ လုံခြုံရေး အနည်းငယ် လိုက်ပြီးတော့ ကားနဲ့ လိုက်လာတာတော့ ရှိပါတယ်ဗျ။ ပြီးတော့ လမ်းခုလပ်တွေမှာလည်း လုံခြုံရေး အနည်းငယ်ပေါ့ တနေရာမှာ နှစ်ယောက်၊ သုံးယောက် ကားလေးတွေ ဆိုင်ကယ်လေးတွေနဲ့ ရှိနေတာကလွဲရင်တော့ ထူးထူးထွေထွေ လုံခြုံရေး ချထားတာ လုံးဝ မတွေ့ရဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် တောင်ကုတ်မြို့ကနေ သံတွဲမြို့ကို ပြန်လည်ရောက်ရှိပြီး ညအိပ် ရပ်နားမှာဖြစ်ပါတယ်။ မနက်ဖြန် သံတွဲမြို့မှာ လူထုဟောပြောပွဲရှိပြီး၊ နောက်တနေ့မှာတော့ ဂွမြို့မှာ လူထုဟောပြောပွဲလုပ်မှာပါ။ ဒါပြီးရင်တော့ ဂွ-ငါးသိုင်းချောင်း ကုန်းလမ်းကနေ ဧရာဝတီတိုင်းဖက် ခရီးထွက်မှာဖြစ်ပါတယ်။

XS
SM
MD
LG