ဒေသတွင်း လမ်းပမ်းဆက်သွယ်ရေးအပါအဝင် အရေးတကြီးလိုအပ်ချက်တွေ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေဖို့၊ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုပြင် ပြောင်းလဲနိုင်တဲ့ အစိုးရတရပ်ဖွဲ့စည်းနိုင်ဖို့ ပြည်သူတွေနဲ့အတူ လက်တွဲဆောင်ရွက်မယ်လို့ အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဲဆန္ဒနယ် ကော့မှူးကို မဲဆွယ်စည်းရုံးရေးခရီးစဉ် မှာပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒီမဲဆန္ဒ နယ်ထဲမှာ ၂၀၁၅ ဘယ်သူ့ကို၊ ဘယ်ပါတီကို မဲပေးရမလဲဆိုတာ ဒေသခံပြည်သူအချို့ကြား ဒွိဟဖြစ်နေတာတွေရှိတယ်လို့ သိရပါတယ်။ နိုင်ငံကို အမှန်တကယ် ပြောင်းလဲချင်တယ်ဆိုရင် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ ပြည်သူတွေ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်စေချင်ပါတယ် လို့လည်း NLD ဘက်က ပြောပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက အပြတ်အသတ်အနိုင်ရခဲ့တဲ့ ကော့မှုးမြို့နယ် မဲဆန္ဒနယ်မှာပဲ အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ထပ်ပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာ ဒေါ်အောင်ဆန်း စုကြည် ဟာ သူမရဲ့မဲဆန္ဒနယ် ကော့မှူးမြို့နယ် ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးခရီးစဉ် စတင်လိုက်တာဖြစ်ပြီး ဒေသတွင်း အဓိက လိုအပ်ချက် ဖြစ်တဲ့ လမ်းပမ်းဆက်သွယ်ရေးကနေစပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နိုင်မယ့် အစိုးရတရပ် ဖွဲ့စည်းနိုင်ရေး အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
“အဲတော့ ကျမတို့ ကော့မှူးမှာဆိုရင် လမ်းပမ်းဆက်သွယ်ရေးက စလို့ မပြည့်စုံသေးပါဘူး။ ၁၀၀ % ပြီးမှပဲ ပြည့်စုံတယ်လို့ ပြောလို့ရမှာပါ။ လျှပ်စစ်ကတော့ ဒီလောက်တောင်မှ မရသေးဘူး။ ဒါကတော့ ပိုပြီးတော့ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ဆိုင်နေတာကြောင့်မို့လို့ ကိုယ်စားလှယ်တယောက်ချင်း တယောက်ချင်း လုပ်ဖို့ဆိုတာဟာ အင်မတန်မှခက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဆိုတော့ ကျန်းမာရေးနဲ့ပညာရေးလည်း ထိုနည်းလည်းကောင်းပါပဲ။ ခြုံငုံပြီးပြောရမယ်ဆိုလို့ရှိရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ရမယ့်ကိစ္စ လျှပ်စစ်မီးတို့၊ ကျန်းမာရေးတို့၊ ပညာရေးတို့ဆိုတာဟာ အစိုးရတခုကပဲ လုပ်လို့ရတဲ့ ကိစ္စပါ။ ဒါကြောင့်မို့လို့ ကျမတို့က နေပြီးတော့ ပွင့်ပွင့်လင်းလင်းပဲပြောပါတယ်။ အခုနိုဝင်ဘာမှာ ကျရောက်မယ့် ရွေးကောက်ပွဲမှာ ကျမတို့ဝင်ပြီးတော့ ယှဉ်ပြိုင်တာဟာ အစိုးရဖွဲ့ရေးအတွက် ဝင်ပြီးတော့ယှဉ်ပြိုင်တာပါ။ ကျမတို့ အဲဒီလိုပဲ ပြောပါတယ်။ ဒါဟာ မြို့နယ်တစ်နယ်အတွက်တင် ယှဉ်ပြိုင်တာမဟုတ်ပါဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဖွဲ့ဖို့အတွက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ၊ နတ်စင်ကုန်းကျေးရွာတွေက ပြည်သူတွေနဲ့ လမ်းတလျှောက် တွေ့ဆုံခဲ့သလို ကော့မှုးမြို့နယ် မဆယ်ဆိပ်ကျေးရွာမှာလည်း ရပ်ရွာလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေသခံ ပြည်သူတချို့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပေးရမယ်ဆိုတဲ့ ဒွိဟဖြစ်နေတာတွေ ကြားသိရတယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကော့မှူးခရီးစဉ်အတွင်း လိုက်ပါသတင်းယူနေတဲ့ ဗွီအိုအေ ဗွီဒီယိုသတင်းထောက် ကိုကောင်းစံက ပြောပြပါတယ်။
“ကျနော်တို့ရောက်နေတဲ့ မဆယ်ဆိပ်ကျေးရွာမှာရှိတဲ့ ရွာသူရွာသားတွေထဲကပေါ့နော်၊ အနည်းစုကတော့ သူတို့မှာ ဝေခွဲမရဖြစ်နေပါတယ်။ ဝေခွဲမရ ဖြစ်နေတယ်ဆိုတာက အခုရွာရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း ကြံ့ခိုင်ရေးပါတီက ဖွံ့ဖြိုးတိုးတက်အောင် လမ်းဖောက်ပေးတာမျိုးတွေ၊ အလှူအတန်း ပေးတာမျိုးတွေ လုပ်ပေးထားတယ်ခင်ဗျာ။ တဘက်မှာလည်း NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ ရှိနေတာဆိုတော့ကျတော့ သူတို့က ဘယ်ပါတီ ဘယ်ဘက်ကို အခုအချိန်အထိ မဲပေး ရမလဲဆိုတာ ဝေခွဲမရဘူးလို့ပြောပါတယ် ခင်ဗျာ။ နှစ်ယောက်စလုံးကိုလည်း မဲပေးချင်တယ်လို့လည်း ပြောပါတယ်။ တချို့ကတော့လည်း ဒီ NLD ပါတီကိုပဲ အမေစု ကယ်မှ ဖြစ်မယ်ဆိုတဲ့ ခံယူချက်တွေ အပြည့်ရှိနေတာကိုလည်း တွေ့ရတယ်။ ဒေါ်စုရဲ့ လုံခြုံရေးကအစ အကုန်လုံးကို စီစဉ်ထားတာကို တွေ့ရပါတယ် ခင်ဗျာ။ ရွာခံအနေနဲ့ ရွာပတ်လည်မှာရှိတဲ့ ရွာနီးချုပ်စပ်က ရွာတွေဆိုရင်လည်း မနက်ကတည်းကလာပြီးတော့ ဒေါ်စုကို မျှော်လင့်စောင့်စားပြီးတော့ လာစောင့်နေကြတယ်ခင်ဗျာ။ အခုချိန်ထိ စောင့်နေကြတယ် ခင်ဗျာ။”
ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့နိုင်ငံကို အမှန်တကယ် ပြောင်းလဲချင်တယ်ဆိုရင် ဘယ်သူ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ ပြည်သူတွေ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်စေချင်ပါတယ်လို့လည်း NLDရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။
“ကိုယ့်ကို အုပ်ချုပ်မယ့်အစိုးရကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်။ အဲဒါက နိုင်ငံရေးအချုပ်အခြာ အာဏာဆိုတာ မဲဆန္ဒရှင် ပြည်သူလူထု လက်ထဲမှာပဲ ရှိတယ်။ ရွေးကောက်ပွဲနီးလာမှ ထမင်းတလုတ် ရေတမှုတ်ပေါ့နော်၊ ထမင်းတနပ် ဟင်းတဖတ် ဒီရွေးကောက်ပွဲက တစ်နပ်စာကြည့်ရင် တသက်စာ ခံသွားရမယ်။ ဒါကြောင့်မို့လို့ တနပ်စာနဲ့ မကြည့်ပါနဲ့ ။ တဘဝစာနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကြည့်ပြီးတော့ မှန်မှန်ကန်ကန် မဲဆန္ဒရှင် ပြည်သူလူထုက ရွေးချယ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။”
ကော့မှူးမြို့နယ်အပါအဝင် မဲဆွယ်စည်းရုံးရေးတွေ ဆက်တိုက်ဆက်သွားမယ့် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေနဲ့ ပတ်သက်လို့ အဖွဲ့ချုပ်က ခရီးလမ်းစီစဉ်သူ ဦးသိန်းဦးက အခုလိုပြောပြပါတယ်။
“ကော့မှူးကို လမ်းမှာရှိတဲ့ရွာတွေမှာ နှုတ်ဆက်စကားပြောတယ်ပေါ့လေ။ အဓိကကတော့ မဆယ်ဆိပ်ဆိုတဲ့ရွာမှာ အဲဒီမှာ ပြည်သူတွေနဲ့ စကားပြောတယ်။ အဲဒီညတော့ ကော့မှူးမှာ နားမယ်။ နတ်စင်ကျတော့ တခါ ကော့မှူး မြို့နယ်အတွင်းက ထန်းမနိုင်ရွာ၊ ဝါးဘလောက်တောက်၊ နောက်ပြီးတော့ သမင်ပြန် အဲဒီရွာတွေမှာ သူ ပြည်သူတွေနဲ့တွေ့ပြီးတော့ ကွမ်းခြံကုန်းမြို့ကို သွားမယ်။ ပြီးတော့ ဒေးဒရဲမြို့ မနက်ဖြန်အတွက် စာရင်းထဲမှာပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ထောင့်တစ်ရာကျော်နဲ့ အင်အားအများဆုံးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။