သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ပွင့်ဆိုင် အလားအလာကောင်း ဒေါ်စုမျှော်လင့်


ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သတင်းစာရှင်းလင်းပွဲ၊ (ဧပြီ ၉၊ ၂၀၁၅) သတင်းဓာတ်ပုံ- စည်သူ (VOA)
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သတင်းစာရှင်းလင်းပွဲ၊ (ဧပြီ ၉၊ ၂၀၁၅) သတင်းဓာတ်ပုံ- စည်သူ (VOA)

ရွေးကောက်ပွဲကို သပိတ်မှောက်မယ် ဆိုတဲ့ ကိစ္စဟာ နိုင်ငံရေးမှာ မမျှော်လင့်တဲ့ အခြေအနေ တရပ်ရပ်ကြုံလာရမှာသာ ထည့်သွင်းစဉ်းစားမယ့် နည်းလမ်း တရပ်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ အခုလာမယ့် ခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက် လို့လည်း ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်ပြီး၊ နိုင်ငံအတွက် အကျိုးရှိမယ့် ရလာဒ်တွေ ရလာဖို့ ပို အရေးကြီးမယ်လို့ လွှတ်တော် အဆောက်အဦး မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းမီဒီယာနဲ့တွေ့ဆုံပွဲ မှာ ပြောဆို သွားပါတယ်။ နေပြည်တော် မှာ သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုစည်သူက တင်ဆက်ပေးမှာပါ။

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မမျှော်လင့်တဲ့ နိုင်ငံရေးအခြေအနေအပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်လာခဲ့ရင် ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နည်းလမ်းတခုကို ထည့်သွင်း စဉ်းစားထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။

" အန်တီပြောတာ ရှင်းရှင်းလေးပဲ သူတို့က ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်လား ဆိုတော့ ဒါ ပြောလို့မရဘူးလို့။ နိုင်ငံရေးမှာဆိုရင် ဟိုဟာ လုံးဝ မဖြစ်နိုင်ဘူး။ ဒီဟာ လုံးဝ မဖြစ်နိုင်ဘူး ဘယ်တော့မှ အပြတ်ပြောလို့ မရဘူးလို့။ ဒါပါပဲ။ နိုင်ငံရေး အခြေအနေ ဆိုတာ တွက်လို့ရတာ မဟုတ်ဘူးနော်။ ဒီနေ့နဲ့ မနက်ဖြန် ဘာဖြစ်မယ်လို့ ပြောလို့ရတာမဟုတ်ဘူး။ ဥပမာ အားဖြင့် အစွန်းရောက်တဲ့ ဥပမာ တခုပြောရမယ်ဆိုရင် သဘာဝ ဘေးအန္တရာယ်ကြီးဆိုတာ ကိုယ်မထင်မှတ်ပဲနဲ့ နေ့ခြင်းညခြင်း ဖြစ်သွားနိုင်တယ်။ တခါတလေ အဲ့သလို ကိစ္စတွေကိုက ဒါ လူတွေဖန်တီးတာမဟုတ်ဘူး။ သဘာဝ အရဖြစ်သွားတာ။ ဘယ်အဖွဲ့အစည်းကမှ ဖန်တီးတာမဟုတ်ဘူး။ အဲ့တာတွေကတောင်မှ နိုင်ငံတခုရဲ့ လမ်းကြောင်းတခုကို ပြောင်းသွားစေတာမျိုးတွေ ဖြစ်တတ်တယ်လေ။ အဲ့တာကြောင့်မို့လို့ နိုင်ငံရေး လုပ်တဲ့အခါမှာ ဟိုဟာတော့ လုံးဝ မလုပ်ဘူး။ ဒီဟာတော့ လုံးဝ မဖြစ်ဘူးဆိုတာကို အဲ့ဒီ့လို အန်တီက ဘယ်တော့မှ အပြတ်မပြောချင်ဘူး။ ဘာဖြစ်လို့ဆိုတော့ နောက်တော့မှ ဒီလိုမှားသွားပါတယ်။ ဒီလိုပြောချင်လို့ မဟုတ်ပါဘူးလို့ ပြန်ပြီးတော့ စကားကို ပြင်ရတဲ့ အနေအထားမျိုး မဖြစ်စေချင်ဘူး။ တတ်နိုင်သမျှတော့ ဖြစ်နိုင်ခြေရှိတာ မဖြစ်နိုင်ခြေရှိတာ မသေချာလို့ရှိရင် မသေချာတဲ့အတိုင်းပဲ ပြောတယ်။ သေသေချာချာ အပြတ်မပြောဘူး။"

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောဆိုလိုက်တာပါ။ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သတ်လို့လည်း အဖွဲ့အစည်းတစ်ခုရဲ့ အကြံပြုဆွေးနွေးချက်တွေကို အားမပြုပဲ အားလုံး ဝိုင်းဝန်း ဆောင်ရွက်နိုင်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

" ဘယ်အဖွဲ့က တင်တာနဲ့ ကောင်းတယ်။ မကောင်းဘူးဆိုတာ အဖွဲ့ပေါ်မှာ မူတည်တာ မဟုတ်ဘူး။ ပုဂ္ဂိုလ်ပေါ်မှာ တည်တာမဟုတ်ဘူး။ အကြောင်းအရာပေါ် မှာ တည်တာ။ အဲ့တော့ အဖွဲ့တဖွဲ့က သူတို့တင်တာ အားလုံးကောင်းတယ်။ ဒါဟာ NNER ပဲဖြစ်ဖြစ် အစိုးရဌာနပဲဖြစ်ဖြစ် အမျိုးသား လွှတ်တော် ပဲဖြစ်ဖြစ် ကျောင်းသားတွေပဲ ဖြစ်ဖြစ် သူတို့ တင်သမျှဟာ အားလုံး ကောင်းပါတယ် ဆိုလို့ရှိရင် ဒီအမြင်ကိုက မမှန်တော့ဘူး။ ဒါ ကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ် တင်တာ ကောင်းရင် ကောင်းမယ်။ ဒါထက်ကောင်းတာလည်း ရှိရင် ရှိမယ်။ အဲ့ဒီ့ဟာကိုတော့ အမြဲတစေ ခေါင်းထဲမှာ ထားရမယ်။ ငါတို့ တင်တာထက် ကောင်းတာ မရှိနိုင်ဘူး ဆိုတဲ့ အမြင်ကတော့ မှားပြီဆိုတာတော့ ဒီအတိုင်းပဲ ဆင်ခြင်ရမှာပဲ။ အန်တီတို့ တင်တာလည်း ရှိတယ်။ အဖွဲ့ချုပ်ကနေ တင်တာတွေရှိတယ်။ တချို့ဟာတွေကို လက်မခံဘူး။ လွှတ်တော်က အဲ့ဒီ့ဟာကို။ လက်မခံဘူး။ လက်မခံတဲ့ဟာမှာ အန်တီတို့အနေနဲ့ ဒေါသထွက်တာတို့၊ မကျေနပ်တာတို့ မရှိပါဘူး။ အပေးအယူဆိုတာတော့ ရှိတာပေါ့။ ယေဘူယျ အားဖြင့်ဆိုရင်တော့ တော်တော်ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံးကို ဦးတည်ပြီးတော့ ဘယ်သူ့ကိုမှ ချွေးသိပ်ဖို့ မဟုတ်ဘူး။ အကောင်းဆုံးထင်တဲ့ အချက်တွေကို ယူပြီးတော့ ဒီဥပဒေကြမ်းကို ဆွဲနိုင်ခဲ့တယ်လို့ ဒီလိုပဲ အန်တီယုံကြည်တယ်။"

မနက်ဖြန် ဧပြီလ(၁၀) ရက်နေ့မှာ ပြုလုပ်မယ့် (၆) ပွင့်ဆိုင်ဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သတ်လို့တော့ ဆွေးနွေးပွဲကို လက်ခံကြိုဆိုကြောင်းနဲ့ အနာဂတ်ဆွေးနွေးပွဲတွေ အတွက် အလားအလာကောင်းဖြစ်ကြောင်း အခုလိုပြောပါတယ်။

"ဒီလို စ လိုက်တာ ကောင်းပါတယ်။ ဒါဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ တောင်းဆိုချက် ပါပဲ။ ဒါ ကျမ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ကျမ တောင်းထားတာ ဟိုး ၂၀၁၃နှစ်ပေါ့။ နှစ်နှစ် ကျော်ကျော် ကတည်းက တောင်းထားတာက လေးပွင့်ဆိုင်ပါ။ ဒါပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ ခြောက်ဦးပေါ့နော်။ တွေ့ဆုံပွဲ တောင်းတော့လည်း ကျမတို့အနေနဲ့ သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်စလုံး ပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် ပါတယ် ဆိုတော့ ဒါ ဘာမှ ကျမတို့ ကန့်ကွက်စရာလည်း မရှိပါဘူး။ ဒါ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုပြုချက်ကို သမ္မတက လက်ခံပြီးတော့ စတင်တွေ့ဆုံတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့၊ နောက်ပြီးတော့ ဒီတွေ့ဆုံပွဲတွေဟာ တကယ်ပဲ နိုင်ငံအတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက်တွေ ရနိုင်ဖို့ ဒါကသာ အရေးကြီးတာပါ။"

ဒါပေမယ့် ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အချက်တွေကို ကြိုတင်ပြောကြားခြင်းတော့ မပြုခဲ့ပါဘူး။ သတင်းစာ ရှင်းလင်းပွဲအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် အပြောင်းအလဲပေါ် မူတည်ပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနှောင့်နှေးတာမျိုးမဖြစ်စေလိုတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားပါတယ်။ အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးစားအားထုတ်မှုတွေလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက် ကြိုးစားနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

XS
SM
MD
LG