သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိကင်းစင်တဲ့ အစိုးရဖြစ်ဖို့ ဒေါ်စုကတိပေး


ရမည်းသင်းမြို့နယ်မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဟောပြောစည်းရုံးရေးဆင်းနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
ရမည်းသင်းမြို့နယ်မှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ဟောပြောစည်းရုံးရေးဆင်းနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အစိုးရဖွဲ့မယ်ဆိုရင် အဂတိကင်းစင်စေရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ရမည်းသင်းမြို့နယ် မဲဆွယ် စည်းရုံးဟောပြောပွဲမှာ ကတိပေးပြောဆိုလိုက်ပါတယ်။ မဲပေးပိုင်ခွင့်ဆိုတာ ကိုယ်ကြိုက်မယ့်အစိုးရကို ရွေးချယ်ပိုင်ခွင့်ဖြစ်တာကြောင့် လူတိုင်း မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းနေချိန်မှာပဲ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ မဲစာရင်းတွေသွားပြီးစစ်ဆေးကြဖို့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie Pitt ကလည်းပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြပေးထားပါတယ်။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဒေသခံပြည်သူသောင်းနဲ့ချီတက်ရောက်ခဲ့တဲ့ လူထုဟောပြောပွဲမှာ NLD အနေနဲ့ အစိုးရဖွဲ့ရင် ဘာတွေလုပ်မလဲဆိုတာကို အခုလို ကတိပေး ပြောဆိုသွားပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးဟောပြောပွဲ တက်ရောက်လာတဲ့ ဒေသခံပြည်သူများ။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးဟောပြောပွဲ တက်ရောက်လာတဲ့ ဒေသခံပြည်သူများ။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

“…အဲဒါတော့ ကျမတို့ ကတိပေးနိုင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အဂတိကင်းစင်စေရမယ်။ ကျမတို့ အခုကတည်းက ကိုယ်စားလှယ်လောင်းတွေဟာ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်တဲ့အခါမှာ မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကျမတို့ကို အသိပေးရတယ်။ နောက်ပြီးတော့လည်း လက်မှတ်ထိုးပြီးတော့ ဒီပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ သံသယဖြစ်စရာ ရှိလာလို့ရှိလို့ရှိရင် မေးမြန်းတာ၊ စိစစ်တာကို ခံယူပါ့မယ် ဆိုပြီးတော့ ကျမတို့ ဝန်ခံချက်ထိုးခိုင်းပါတယ်။ အဲဒါဟာ ကျမတို့ကိုယ်စားလှယ်လောင်းတွေဟာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်နဲ့ လုပ်နိုင်ဖို့ပါ။”

NLD အမတ်လောင်းတွေအနေနဲ့လည်း သူတို့ပိုင်ဆိုင်မှုစာရင်းတွေကို အသိပေးရတဲ့စည်းကမ်းသတ်မှတ်ထားတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ဒါ့အပြင် အများပိုင်ပစ္စည်း၊ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်တာနဲ့ပတ်သက်ပြီး NLD ပါတီတွင်းပြင်းပြင်း ထန်ထန် အရေးယူတဲ့ စည်းမျဉ်းပြဋ္ဌာန်းထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူပပျောက်နိုင်အောင် သူတို့အစိုးရဖွဲ့တဲ့အခါ မူဝါဒချမှတ် ဆောင်ရွက်သွားမယ် ဆိုရင် အောင်မြင်ဖို့အလားအလာရှိတယ်လို့လည်း အမေရိကန်ပြည်ထောင်စုရောက် မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဋ္ဌေးက မြင်ပါတယ်။

“လက်ရှိအစိုးရမှာလည်းရှိတာပဲဗျာ။ အဂတိတိုက်ဖျက်ရေးကော်မတီတို့၊ Good governance တို့ ဘာညာ ရှိပေမယ့်လည်း တကယ်တော့ ရှိတာကို သူတို့က အကောင်အထည်ဖော်တဲ့အပိုင်းမှာ မဖော်လို့ ပြဿနာတက်နေတာကိုး။ အဲဒီတော့ အကယ်၍ NLD က တက်လာမယ် ဆိုရင် NLD မှာ သူလည်း မူဝါဒရှိတာပဲလေ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့မူဝါဒ၊ စီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒ- ဒီမူဝါဒကို တိတိကျကျ အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင် ဒါ မဖြစ်နိုင် စရာမရှိဘူး။ ဘာကြောင့်လဲဆိုတာ ဥပမာတစ်ခု ထောက်ပြမယ်။ အခုတက်လာတဲ့၊ အခုပဲ ရွေးကောက်ပွဲဝင်မယ့်သူများဟာ သူတို့ရဲ့ပိုင်ဆိုင်မှုကို declare လုပ်ရတယ်ဗျ။ ဒါဟာ အရေးကြီးတဲ့အချက်ပဲ။ အခု လက်ရှိအစိုးရဟာ မလုပ်ရဲဘူး၊ မလုပ်နိုင်ဘူး။ လွှတ်တော်ကြီးမှာ တင်တာပဲ။ ဒါကြီးကို အကုန်လုံးက ပြန်ပြီးကန့်ကွက်လိုက်တယ်။ ပြဿနာက ဘာလဲဆိုတော့ ခေါင်က မိုးမလုံလို့ဖြစ်တဲ့ပြဿနာ။ အဲဒီတော့ NLD ကသာ တက်လာရင် NLD က ခေါင်က မိုးလုံခဲ့မယ်ဆိုလို့ရှိရင် ထိပ်ကလည်းပဲ ဒါကို သန့်ရှင်းမယ်ဆိုရင် အောက်က အဆင့်ဆင့်ရှိခဲ့ရင်တောင်မှ ဒါကို အရေးယူ၊ အပြစ်ပေးပစ်လို့ရတယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့က မဖြစ်နိုင်စရာ မရှိဘူး။ ဖြစ်ကိုဖြစ်နိုင်တယ်။ ဒီလိုပဲ - နိုင်ငံတကာအတွေ့အကြုံတွေအရ ကြည့်မယ်ဆိုလို့ရှိရင် မဖြစ်နိုင်စရာ အကြောင်းက မရှိဘူးဗျ။ ဖြစ်နိုင်ဖို့ကရှိတယ်။ စနိုင်ဖို့ပဲ လိုတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေတိုင်း ရွေးကောက်ပွဲမှာ မဲပေးရေး အရေးကြီးကြောင်း အမြဲပြောဆိုနေတာပါ။ အခု ရမည်းသင်းကပြည်သူတွေကိုလည်း မိမိတို့ ကြိုက်နှစ်သက်တဲ့အစိုးရကိုရွေးချယ်ဖို့ ရွေးကောက်ပွဲမှာ မဲပေးဖို့လိုကြောင်း အခုလို တိုက်တွန်းသွားပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးဟောပြောပွဲ တက်ရောက်လာတဲ့ ဒေသခံပြည်သူများ။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲစည်းရုံးဟောပြောပွဲ တက်ရောက်လာတဲ့ ဒေသခံပြည်သူများ။ (စက်တင်ဘာ ၁၉၊ ၂၀၁၅)

“မဲပေးပိုင်ခွင့်ဆိုတာဟာ ပြည်သူလူထုရဲ့ကြီးမားသော အခွင့်အရေးဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ဆိုတာဟာ ကိုယ့်ကိုအုပ်ချုပ်မယ့်အစိုးရကို ရွေးချယ်ပိုင်ခွင့် ဖြစ်ပါတယ်။ ဒါကြောင့် မဲပေးဖို့အရေးကြီးတယ်။ ရွေးကောက်ပွဲများဟာ ကိုယ့်အနာဂတ်နဲ့ဆိုင်တယ်ဆိုပြီးတော့ ပြည်သူပြည်သားတိုင်း တစ်ယောက်ချင်း တစ်ယောက်ချင်းက နှလုံးသွင်းထားဖို့ အင်မတန်မှ အရေးကြီးပါတယ်။”

အလားတူ မနေ့ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လူမှုကွန်ယက်အင်တာနက်ပေါ်က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှတ်တမ်းမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ အထူးသံတမန် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie Pitt က နိုဝင်ဘာလမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်အရေးကို အသုံးပြုပြီး အလွန်အရေးကြီးတဲ့ သမိုင်းဝင်အခိုက်အတန့်မှာ ပြည်သူအားလုံး ပါဝင်ကြဖို့ အခုလိုတိုက်တွန်းသွားပါတယ်။

“ရွေးကောက်ပွဲဟာ ဘယ်လောက်အထိအရေးကြီးသလဲဆိုတာ ကျမရဲ့ မြန်မာနိုင်ငံခရီးစဉ်ကနေသိခဲ့ရပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကိုယ့်ရဲ့မဲတွေ ပါဝင်နိုင်ရေး မိမိရဲ့မဲပေးပိုင်ခွင့်ကို အသုံးချဖို့မြန်မာပြည်သူတွေကို ကျမတိုက်တွန်းချင်ပါတယ်။ အလွန်အရေးကြီးတဲ့ သမိုင်းဝင် အခိုက်အတန့်မှာ ပါဝင် နိုင်ရေး နောက်ကျ မကျန်ရစ်ကြပါနဲ့။ မဲစာရင်းတွေကိုသွားကြည့်ကြပါ။ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ကိုယ့်ရဲ့နာမည်ပါမပါ သေချာအောင်စစ်ပါ။ မိတ်ဆွေတွေ အားလုံးသာမက မိသားစုဝင်တွေကိုပါ မဲစာရင်းမှာသွားပြီးစစ်ဆေးဖို့ အားပေးတိုက်တွန်းပါ။ ဒီမိုကရေစီ စနစ်မှာ မဲပြားတခုစီတိုင်းဟာ အရေးပါလှပါတယ်။”

ဒါပေမဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းတွေမှာ အမှားအယွင်းတွေအရင်ကထက် ပိုပြီးများလာတဲ့အပြင် အမည်ရှာဖွေဖို့ အခက်အခဲတွေ ပိုရှိလာတဲ့အပေါ်မှာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရိုးသားမှုမရှိဘူးဆိုပြီး အများပြည်သူက သံသယတွေကြီးထွားလာနေပါတယ်။

XS
SM
MD
LG