သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ရခိုင်ပြည်နယ် ခရီးစဉ် အကြို လုံခြုံရေး ဆောင်ရွက်


ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီး။
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း NLD အနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက် ထားတယ်လို့ သံတွဲခရိုင် NLD ဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေ အနေနဲ့ ပူးပေါင်းပြီး ခရီးစဉ် အတွင်း ဆူပူမှုတွေမဖြစ်အောင် ထိန်းသိမ်းသွားမယ်လို့ NLD ကပြောပါတယ်။ ရခိုင်ပြည်နယ် သံတွဲ ၊ တောင်ကုတ်၊ ဂွမြို့တွေဆီ မဲဆွယ် စည်းရုံးရေး သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အခြေအနေတွေ အကြောင်း ရခိုင်ပြည်နယ် သံတွဲကို ရောက်နေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူက ပြောပြပေးမှာပါ။

မနက်ဖြန် အောက်တိုဘာလ (၁၆) ရက်နေ့မှာ ရခိုင်ပြည်နယ် ကို ရောက် လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်လို့ သံတွဲခရိုင် NLD ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။

“ လုံခြုံရေးကို ကျနော်တို့တော်တော်ကြီးကို တင်းတင်းကျပ်ကျပ် လုပ်ထားပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ် ကတော့ ခုနကလည်း အမေရိကန်သံရုံးက လှမ်းမေး တယ်ပေါ့နော်။ စိုးရိမ်စိတ်ကတော့ ရှိပါတယ်။ စိုးရိမ်တာကတော့ အထူးစိုးရိမ် တာပေါ့နော်။ ဒါပေမယ့် ဖြစ်လာတယ်ဆိုတဲ့ ပြဿနာ ကြီးကြီးမားမား မဖြစ်လာအောင် ထိန်းထားရမယ်လေ။ တကယ်လို့ ပြဿနာ ကြီးကြီးမားမားဖြစ်လာခဲ့ရင် ထပ်ပြီးတော့ ကိုယ့်ပြည်မှာ အမဲစက်တခု ထပ်ပြီးတော့ စွန်းသွားရင် ပိုပြီးတော့ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်၊ ရခိုင်ပြည်သူပြည်သားတွေ အားလုံး ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်နေတယ်။ ဘာလို့လဲဆိုတော့ အခုရွေးကောက်ပွဲ campaign ကာလ ရောက်လာတဲ့ အခါမှာ နိုင်ငံရေး ရေချိန် တော်တော်လေး တက်လာတာကိုတွေ့ရတာပေါ့နော်။ အဲဒါကြောင့် စိုးတော့ စိုးရိမ်တယ်။ ကြီးကြီးမားမားပြဿနာလည်း မဖြစ်ဘူးလို့ ထင်ပါတယ်။”

အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဦးဝင်နိုင်က ဆက်ပြောပါတယ်။

“အာဏာပိုင်တွေဘက်ကလည်း ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံပြီးတော့ ဒီလိုပြဿနာမျိုးတွေ မဖြစ်ရအောင်၊ ဒါမျိုးတွေ လုပ်နိုင်ခြေ ရှိခဲ့ရင်လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ မဖြစ်အောင် ထိန်းပြီး သူတို့ကလည်း ပြောဆိုထားတာ ရှိပါတယ်တဲ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အနီးကပ်လုံခြုံရေးအဖွဲ့တွေအပြင် ဒေသ NLD အဖွဲ့ဝင် အင်အား (၇၀၀) ကျော်နဲ့ လည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက် သွားမယ်လို့ သံတွဲခရိုင် NLD က ပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့ အတွင်း စီတန်း လှည့်လည်တာနဲ့ ဆူပူအကြမ်းဖက်မှုတွေ မလုပ်ကြဖို့ သံတွဲမြို့ အထွေထွေ အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့ ရက်စွဲနဲ့ ဒေသန္တရ အမိန့်ကြေညာ ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ဟာ အောက်တိုဘာလ (၁၅) ရက်နေ့ ကနေ နိုဝင်ဘာလ (၁၁) ရက်နေ့ထိ အကျုံးဝင်မှာဖြစ်ပါတယ်။

ဘာသာရေး လူမျိုးရေး မတူညီမှုတွေ အကြား အကဲဆတ်တဲ့ ရခိုင်ပြည်နယ် ဒေသ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်နေကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွက် ရှေ့ပြေးရောက် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနီးကပ်လုံခြုံရေးအဖွဲ့ကို ဒီကနေ့ တောင်ကုတ်မြို့ ကို သွားတဲ့ လမ်းမှာ အုပ်ချုပ်ရေး ဝန်ထမ်းတွေက သတိပေးတားဆီးခဲ့တယ်လို့ လုံခြုံရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လင်းလင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ Facebook မှာဖော်ပြခဲ့ပါတယ်။

လုံခြုံရေးအဖွဲ့သားတွေထဲက တချို့ကို အစ္စလာမ်ဘာသာဝင်တွေလို့ သတင်းလွှင့် ထားတာကြောင့် သတိနဲ့သွားနိုင်ဖို့ အသိပေးပြောကြားတာသာဖြစ်တယ်လို့ လုံခြုံရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် အောက်တိုဘာလ (၁၆)ရက်နေ့မှာ တောင်ကုတ်မြို့မှာ မဲဆွယ် စည်းရုံး ဟောပြော မှာဖြစ်ပြီးတော့ အောက်တိုဘာလ (၁၇) ရက်နေ့မှာ သံတွဲမြို့၊ အောက်တိုဘာလ (၁၈) ရက်နေ့မှာ ဂွ မြို့တွေမှာ မဲဆွယ်စ ည်းရုံး ဟောပြောပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ဂွ မြို့ကနေ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ ကို ကားလမ်းကနေ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG