သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရဲ့ သံတွဲမြို့ လူထုတရားပွဲ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတွဲမြို့မှာ လူထုဟောပြောပွဲနဲ့ မဲဆွယ်စည်းရုံးမှု မြင်ကွင်း။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သံတွဲမြို့မှာ လူထုဟောပြောပွဲနဲ့ မဲဆွယ်စည်းရုံးမှု မြင်ကွင်း။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)

ရခိုင်ပြည်နယ်ကို ရွေးကောက်ပွဲစည်းရုံးရေးခရီးစဉ်ထွက်နေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ သံတွဲမြို့မှာ ဒေသခံလူထုကို မိန့်ခွန်း ပြောခဲ့ပါတယ်။ ဘာသာရေး၊ လူမျိုးရေးတွေ တင်းမာနေတဲ့ရခိုင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖို့ အစီအစဉ်အပေါ် စိုးရိမ်စိတ်တွေ ရှိခဲ့ကြပေမယ့် အခု ဒီခရီးစဉ်ဟာ အတော်လေးကို ချောချောမောမောဖြစ်နေတာကို တွေ့ရပါတယ်။ ဒီခရီးစဉ်ကို လိုက်ပါသတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက်ကိုစည်သူကို နန်လဖိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကိုစည်သူ - အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ရခိုင်ပြည်နယ်၊ သံတွဲခရီးစဉ်နဲ့ပတ်သက်ပြီး ဘာတွေများ ထူးခြားမှုတွေရှိသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့၊ ဒီနေ့ ဒေါ်စုရဲ့သံတွဲခရီးစဉ်မှာ လူထုဟောပြောပွဲတစ်ခုလုပ်တယ်။ အဲဒီကနေပြီးတော့ ဂွမြို့ကို ခရီးဆက်လာတယ်ဗျ။ သံတွဲမှာတော့ လူမျိုးရေး၊ ဘာသာရေးတွေကို နိုင်ငံရေးမှာထည့်ပြီးတော့ စည်းရုံးတာမျိုးတွေ၊ အသုံးပြုလာတာမျိုးတွေဟာ ဥပဒေနဲ့မညီဘူး၊ ဒီလိုလုပ်နေတဲ့သူတွေကို ရှာဖွေဖော်ထုတ်ပြီးတော့ အရေးယူသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်ဗျ။ နောက်ပြီးတော့ နိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တဲ့၊ နိုင်ငံတော်၊ နိုင်ငံ့အရေးကို ဝင်ရောက်ပြီးတော့ ဆောင်ရွက်ကြဖို့ သူက တိုက်တွန်းပါတယ်။ နိုင်ငံရေးဆိုတဲ့နေရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ မဖြစ်မနေ မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်ဗျ။ အဲဒီနောက်မှာတော့ သံတွဲကနေပြီးတော့ ဂွမြို့ကို ခရီးဆက်တဲ့အချိန်မှာ လမ်းခရီးမှာ ကျိန်တလီဆိုတဲ့ မြို့တခုကို ဝင်တယ်ဗျ။ အဲဒီမှာလည်း လူထုဟောပြောပွဲတစ်ခု လုပ်ပါတယ်ဗျ။ အဲဒီကနေ ဂွမြို့ကို ခရီးဆက်နေပါတယ်။ အခု ကျနော်ပြောနေတဲ့အချိန်မှာ ဂွမြို့ကို အခုလေးပဲ ရောက်ပါတယ် ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ခရီးမစခင်တုန်းက လူထုကနေ စိုးရိမ်စိတ်တွေ ရှိခဲ့ပါတယ်။ ဆန္ဒပြမှုတွေ ဖြစ်မယ်တို့၊ ဘာတို့ ပြောနေကြတယ်ပေါ့။ အခု ဘာတွေများထူးထူးခြားခြားရှိလဲ၊ အရင်က ထင်မြင်ယူဆထားတာနဲ့စာရင်ပေါ့နော်။

ဖြေ။ ။ ဟုတ်ကဲ့၊ အဲဒါတွေကတော ဒီလိုဗျ- ဒေါ်အောင်ဆန်းစုကြည်မလာခင်တုန်းကတော့ အဲလို အသံတွေ ကြားနေရတယ်။ ရခိုင်ပြည်နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မလိုချင်တဲ့သူတွေ ရှိနေတယ်လို့ အသံတွေ ထွက်နေပါတယ်။ ဒါပေမယ့် တကယ်တန်း ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့ အချိန်မှာ ပြဿနာ တစုံတခု လုံးဝမဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကြတဲ့လူတွေကလည်း ရခိုင်ပြည်နယ်မှာ လုံးဝလျော့ မသွားတာမျိုးကို တွေ့ရတယ်ဗျ။ အဲဒီတော့ ပထမနေ့မှာ တောင်ကုတ်၊ တောင်ကုတ်မှာလည်း လူအင်အား တော်တော်များတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို လာရောက်နားထောင်ကြတဲ့ ရခိုင်ပြည်နယ်၊ သံတွဲလူထု။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို လာရောက်နားထောင်ကြတဲ့ ရခိုင်ပြည်နယ်၊ သံတွဲလူထု။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)

နောက်ရက်မှာ - ဒီနေ့ သံတွဲ၊ သံတွဲမှာလည်း လာပြီးတော့ အားပေးကြတဲ့လူတွေက တော်တော်များပြီးတော့ NLD ကို ထောက်ခံအားပေးတဲ့လူတွေက တော်တော်လေး များတာကို တွေ့ရတယ်ဗျ။ ပြဿနာတစုံတရာလည်း လုံးဝမဖြစ်ခဲ့သလို အခု ဂွကိုလာတဲ့အချိန်မှာလည်း လမ်းခရီးရွာတွေ၊ မြို့ငယ်လေးတွေမှာလည်း လူတွေက အကုန်လုံးထွက်ကြိုကြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တော်တော်လေးကို အားပေးကြတာကို တွေ့ရတယ်ဗျ။ …ဆိုတော့ ပထမတွေးထင်ထားခဲ့သလို ပြဿနာ တစုံတရာ ဖြစ်မှာတွေ၊ နောက် ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားတဲ့လူတွေက အန္တရာယ်တခုခုလုပ်မှာမျိုး-ဆိုတဲ့အခြေအနေမျိုးကတော့ အခုအချိန်အထိ လုံးဝမရှိသေးပါဘူးခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ လုံခြုံရေးကိစ္စ စိုးရိမ်မှုတွေ ရှိနေကြတယ်ပေါ့နော်၊ ..ဆိုတော့ လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုစည်သူ အဲဒီမှာ ဘာများမြင်လဲပေါ့နော်၊ နောက်ပြီး အာဏာပိုင်တွေဘက်က လုံခြုံရေးအတွက် သူတို့စီစဉ်ပေးတာတွေ ရှိလား။

ဖြေ။ ။ လုံခြုံရေးနဲ့ပတ်သက်လို့ကတော့ ဒီမှာ တွေ့ရှိသလောက်နဲ့ တာဝန်ရှိတဲ့သူတွေကို မေးမြန်းကြည့် သလောက်ကတော့ သံတွဲခရိုင်ကနေပြီးတော့ NLD ရဲ့ကိုယ်ပိုင် လုံခြုံရေးပေါ့နော်၊ လူငယ်တွေက လုံခြုံရေး ယူထားပေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်တာ ရှိပါတယ်ဗျ။ အဲဒီတော့ သူတို့ရဲ့ပြောကြားချက်အရကတော့ အနီးကပ်လုံခြုံရေးအင်အား (၇၀၀) ကျော် လောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်တယ်လို့ ပြောပါတယ်။

မေး။ ။ အာဏာပိုင်တွေရဲ့လုံခြုံရေးကူညီမှုအနေနဲ့ကတော့ တချို့နေရာလေးတွေမှာ လူစုလူဝေးဖြစ်နေတဲ့ အတွက် အဲဒီနေရာတွေမှာ ရဲတွေ၊ တခြားလုံခြုံရေးတွေ နည်းနည်းပါးပါး ရှိနေတာကလွဲရင်တော့ အထူးတလည် လုံခြုံရေး ကြီးကြီးမားမား ယူထားတာမျိုးတော့ မရှိပါဘူးခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့၊ ဒေါ်စုခရီးစဉ်နဲ့ပတ်သက်ပြီး အခုရှေ့ဆက်ပြီးတော့ သံတွဲပြီးရင် ဘယ်ကိုများ ရှေ့ဆက်သွားဖို့ရှိလဲ။

မေး။ ။ ဒီနေ့က သံတွဲမြို့ကနေ ဂွမြို့ကို ရောက်လာတယ်။ လမ်းမှာ တချို့နေရာလေးတွေမှာနားတယ်။ အခု ဂွမြို့ကို ရောက်လာပြီး ဒီနေ့ည ဂွမြို့မှာ ညအိပ်ရပ်နားပါမယ်ဗျ။ ပြီးသွားရင် မနက်ဖြန်မနက်မှာ ဂွမြို့မှာပဲ လူထု ဟောပြောပွဲတစ်ခု လုပ်ပါမယ်။ အဲဒီတဆက်တည်းပဲ အဲဒီနေ့မှာပဲ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းကို သွားပါမယ်ဗျ။ အဲဒီကနေ ကျောင်းကုန်းဘက်ကို ဆက်သွားမယ်လု့ိ လောလောဆယ် သိထားပါတယ်ဗျ။ အဲဒီကနေ ရန်ကုန်ကိုပြန်မယ်လို့ လောလောဆယ်အစီအစဉ်တွေအရတော့ သိထားရပါတယ်ခင်ဗျ။

ဗွီအိုအေသတင်းထောက် ကိုစည်သူကို နန်လဖိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG