သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပေးခွင့် လက်လွတ်မခံဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် မိုးညှင်းမြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးဟောပြောစဉ်။ (ဓာတ်ပုံ- NLD)
ဒေါ်အောင်ဆန်းစုကြည် မိုးညှင်းမြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးဟောပြောစဉ်။ (ဓာတ်ပုံ- NLD)

နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်အတွက် အလွန်အရေးကြီးတာကြောင့် မဲပေးနိုင်တဲ့အခွင့် အရေးကို လက်လွတ်မခံဘဲ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ကချင်ပြည်နယ်ကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြည်သူတွေရဲ့ဘဝ လွတ်လပ်ပြီးလုံခြုံမှုရှိတဲ့ အခြေအနေမျိုးမှ တိုင်းပြည်မှာ ဒီမိုကရေစီရှိတယ်ဆိုတာကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ညက မိုးညှင်းမြို့မှာ ညအိပ် ခရီးတထောက်နားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေ ဒီနေ့မနက်ပိုင်းမိုးညှင်း မြို့ခံတွေကိုဟောပြောခဲ့ပြီး အခုတော့ မြစ်ကြီးနားမြို့ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ NLD ပါတီ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်းဖြစ်တဲ့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

“မိုးညှင်းမှာမနက်ကဟောတယ်၊ မိုးညှင်းပြီးတော့မှ နမ့်မွန်းကိုသွားတယ်။ နမ့်မွန်းမှာဟောပြီးတော့မှ နမ့်မွန်းကနေပြီးတော့ အခု မြစ်ကြီးနားကို ထွက်သွားပါပြီ။ ….မှာ ဒေါ်အောင်ဆန်းစုကြည်လာတော့ အခု အကုန်လုံးကို အုန်းအုန်းကျွက်ကျွက် ထွက်ကြပါတယ်။ ရှမ်းနီ၊ ယဉ်ကျေးမှုအဖွဲ့တွေကအစ အကုန်လုံးကြိုဆိုကြတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံတယ်ဗျ။”

ဒီ ၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်အတွက် အလွန်အရေးကြီးကြောင်း ဟိုပင်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။

“ရွေးကောက်ပွဲကော်မရှင်က ပြောသွားပါတယ်။ ၃၀ % ပဲ မဲစာရင်းတွေကို တာဝန်ယူနိုင်မယ်-တဲ့။ ရွေးကောက်ပွဲကော်မရှင်က တာဝန် မယူနိုင်ရင် ၇၀ % အတွက်ကို ကျမတို့အားလုံးကနေပြီးတော့ ကြိုးစားပြီးတော့ တာဝန်ယူရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ကျမတို့အနာဂတ်အတွက် အင်မတန်မှ အရေးကြီးလို့ပါ။ နိုင်ငံတနိုင်ငံရဲ့သမိုင်းမှာ ဆိုလို့ရှိရင် ဒီလိုအကွေ့အပြောင်းဆိုတာ အင်မတန်မှ ရှားပါတယ်။ တစ်ခေတ်မှ တစ်ခါပေါ်တဲ့အခွင့်အရေးပါ။ ဒီလို တစ်ခေတ်မှာတစ်ခါပေါ်တဲ့အခွင့်အရေးကို ကျမတို့လွတ်သွားပြီဆိုလို့ရှိရင် ဘယ်တော့ နောက်အခွင့်အရေးရမယ်ဆိုတာကိုသေသေချာချာ တွက်လို့မရပါဘူး။ အေးအေးချမ်းချမ်းနဲ့ နိုင်ငံတစ်နိုင်ငံကိုပြောင်းဖို့ နည်းဆိုတာဟာ ရွေးကောက်ပွဲနည်းပဲဖြစ်ပါတယ်။”

ဘာသာရေးကို အသုံးချပြီး NLD ပါတီကို တိုက်ခိုက်တာတွေနဲ့ အခြားတဖက်ကို စည်းရုံးနေတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောသွားပါတယ်။

မိုးညှင်းလူထုကို မဲဆွယ်စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ- NLD)
မိုးညှင်းလူထုကို မဲဆွယ်စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ- NLD)

“ဘာသာရေးနဲ့ပတ်သက်လို့ ကျမတို့အဖွဲ့ချုပ်ကို တိုက်ခိုက်နေတယ်။ ဘာသာရေးကိုအသုံးချပြီးတော့ တဘက်ကနေ စည်းရုံးနေကြတာ - အဲဒါကို ဘယ်လိုသဘောရသလဲလို့ ကျမကို မေးကြပါတယ်။ ဘာသာရေးကိုသုံးပြီးတော့ နိုင်ငံရေးလုပ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။ ဥပဒေနဲ့မကိုက်ညီတာကြောင့်မို့လို့ ကျမတို့ကိုယ်တိုင်လည်း ဘယ်တော့မှ မလုပ်ပါဘူး၊ လုပ်တဲ့လူတွေကလည်း အပြစ်ရှိပါတယ်။ အပြစ်ရှိမှန်း သိရဲ့သားနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ဘာဖြစ်လို့ ကြည့်နေလဲဆိုတာ ပြည်သူလူထုက အများကြီးစဉ်းစားစရာ ဖြစ်ပါလိမ့်မယ်။”

ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုနဲ့ လုံခြုံမှုပေးနိုင်မှသာ တိုင်းပြည်တခုမှာ ဒီမိုကရေစီရှိတယ်လို့ သတ်မှတ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“နိုင်ငံတစ်နိုင်ငံမှာ တကယ်ပဲ ပြည်သူကို တန်ဖိုးထားတယ်ဆိုလို့ရှိရင် ပြည်သူ တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကိုယ်က ဘယ်လိုရာထူး ရှိရှိ မရှိရှိ နိုင်ငံတော်က ပေးထားတဲ့အခွင့်အရေးတွေအားလုံးကို ပြည့်ပြည့်ဝဝ ခံစားနိုင်ခွင့်ရှိရမှာပါ။ ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ဘဝကို လွတ်လပ်မှုလည်း အာမခံရမယ်၊ လုံခြုံမှုလည်း အာမခံရမယ်။”

ကချင်ပြည်နယ်မှာ NLD ပါတီအပါအဝင် ကချင်နဲ့ ရှမ်းနီတိုင်းရင်းသားပါတီတွေကပါ စုစုပေါင်း ပါတီ ၇ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ ဒေသခံ တိုင်းရင်းသားတွေရဲ့ NLD ပါတီပေါ် သဘောထားနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့နဲ့အရင်တုန်းက သိပ်အဆင်မချောတဲ့ရွာတွေတောင်မှ - သဘောကဗျာ၊ ကြံ့ခိုင်ရေးက နည်းနည်းအားသာတဲ့ရွာတွေ ရှိတာပေါ့နော်။ အဲလိုရွာတွေကော၊ နောက် ရှမ်းနီဒေသဖြစ်တဲ့အတွက်ကြောင့် ရှမ်းနီ…လွှမ်းမိုးတဲ့နေရာတွေကော နောက်ပြီးတော့မှ မပစ လွှမ်းမိုးတဲ့နေရာတွေရှိတယ်။ အဲဒီနေရာတွေကိုက ကျနော်တို့ ဖိတ်လိုက်တိုင်းတော့ တော်တော်များများတော့ တက်လာပါတယ်။ တက်လာပြီး နားထောင်တယ်။ ကျနော်တို့ဘက်ပြန်ပြီးတော့မှ မဲပေးပါမယ်ဆိုတာတွေလည်း တော်တော်များများ တွေ့ရတယ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ည မြစ်ကြီးနားမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန် ကချင်ပြည်နယ်ဆိုင်ရာ NLD ပါတီခေါင်းဆောင် တွေနဲ့ တွေ့ဆုံပြီးနောက်ကချင်ပြည်နယ်ကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

XS
SM
MD
LG