သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကန်လွှတ်တော်အကြီးအကဲများနဲ့ တွေ့ဆုံ


ဒေါ်စု ကန်လွှတ်တော်အကြီးအကဲများနဲ့တွေ့ဆုံ
ဒေါ်စု ကန်လွှတ်တော်အကြီးအကဲများနဲ့တွေ့ဆုံ

မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန်လွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်အကြီးအကဲတွေနဲ့ တွေ့ဆုံနေပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလီကန်အမတ် Mitch McConnell နဲ့ တွေ့ဖို့ရှိသလို၊ အခု မနက်ပိုင်းမှာတော့ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဒီမိုကရက်တစ်အမတ် Nancy Pelosi နဲ့လည်း တွေ့ဖို့ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့တုန်းကတော့ သမ္မတအိမ်ဖြူတော်မှာ သမတအိုဘားမား ဒု သမ္မတ ဂျိုးဘိုင်ဒန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ်အောင်မြင်စွာ အသွင်ကူးပြောင်းမှုတွေကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်ရုတ်သိမ်းပေးပြီး မြန်မာနိုင်ငံကို GSP အထူးကုန်သွယ်ရေးအခွင့်အလမ်းလည်း ပြန်လည်ပေးအပ်မယ်လို့ သမ္မတအိုဘားမားက အဲဒီတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှုတွေကို မြန်မာပြည်သူတွေအနေနဲ့ အထူးပဲ ကျေးဇူးတင်ပြီး၊ ဆက်ပြီးတော့လည်း နှစ်နိုင်ငံ နီးနီးကပ်ကပ်ဆက်ဆံမှုတွေ လုပ်သွားဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ နှစ်ပေါင်းများစွာကြာတဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် မိတ်ဆွေကောင်းဖြစ်ပါတယ်။ ကျမတို့ဟာ ဟိုး လွတ်လပ်လပ်ရေးရတဲ့အချိန်ကာလကတည်းက မိတ်ဆွေတွေဖြစ်ခဲ့ကြတာပါ။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် အမေရိကန်ကွန်ဂရက် အမေရိကန်အစိုးရဖက်က ထောက်ခံအားပေး လုပ်ဆောင်ခဲ့မှုအားလုံးအတွက် မြန်မာပြည်သူတွေက အထူးပဲ ကျေးဇူးတင်ကြပါတယ်။ ဒီထက်ပိုပြီး နီးကပ်တဲ့ဆက်ဆံရေးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့်တော့ ကျမတို့ရဲ့စီးပွားရေးတခါးဖွင့်လာတဲ့ အခြေအနေမှာ စီးပွားဆက်ဆံမှုတွေ ပိုရှိလာမှာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ်အတွင်း စီးပွားရေးအရေးယူမှုတွေကို အမေရိကန်ဖက်က ရုပ်သိမ်းသွားဖို့ရှိသလို၊ အမေရိကန် မြန်မာနှစ်ဖက် စီးပွားရေးဆက်ဆံမှုတွေလည်း ပိုမို တိုးလာဖွယ်ရှိပါတယ်။

ဒီကနေ့ ညမှာပဲ အာဆီယံ အမေရိကန် စီးပွားရေးကောင်စီမှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ ညစာစားဖို့ရှိနေပါတယ်။ အခု လွှတ်တော်မှာတော့ ဒီကနေ့ မနက်ပိုင်း အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Nancy Pelosi နဲ့ တွေ့ဆုံနေပြီဖြစ်ပါတယ်။ VOA ကနေ သတင်းသွားယူနေတဲ့ ကိုသိန်းထိုက်ဦးက အခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ လူနည်းစုခေါင်းဆောင် လွှတ်တော်အဆောက်အဦးအတွင်းမှာပေါ့လေ ဒေါ်အောင်ဆန်းစုကြည်နဲ့ Nancy Pelosi တို့တွေ့ကြပါတယ်ခင်ဗျ။ သတင်းထောက်တချို့ကိုလည်း ဝင်ပြီးတော့ ဓါတ်ပုံရိုက်ခွင့်ပေးပါတယ်။ သူတို့ စကားလေး နည်းနည်းပြောပါတယ်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်အခုလိုရောက်လာတာ ကိုကြိုဆိုတဲ့အကြောင်းပေါ့လေ။ အဲဒီတော့ Nancy Pelosi နဲ့အတူ နူးယောက်ပြည်နယ်က ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်အမတ် Joe Crowley လည်း ကျနော်တို့ တွေ့ရပါတယ်။ နောက်တယောက်ကတော့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးအောင်လင်းလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်နေတာကို တွေ့ရပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ သူတို့ဘက်ကရော သတင်းထောက်တွေကို တစုံတရာ သူတို့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ပြောတာဆိုတာ ရှိပါသလားခင်ဗျ။

ဖြေ။ ။ သတင်းထောက်တွေကို မေးမြန်းခွင့်မပေးတဲ့အတွက်ကြောင့် တစုံတရာတော့ ပြောတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် လာရောက်ရတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမြန်မာပြည်အတွက်ကို ဆက်လက်ပံ့ပိုးကူညီ သွားမယ်ဆိုတဲ့အကြောင်းတွေကို သူတို့ နည်းနည်းတော့ ပြောကြပါတယ်။ လွတ်တော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာရောက်ပြီးတော့ လွှတ်တေ်ာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ တာကလည်း မြန်မာပြည်ဒီမိုကရေစီအရေးအတွက် အခုလို စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်း တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အချိန်မှာ လွှတ်တော်ခေါင်းဆောင်တွေအတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေရှိနေတော့ ဒီလာရောက်တဲ့ ခရီးစဉ်က အကျိုးရှိတဲ့ ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လိုအပ်ချက်တွေကို လွှတ်တေ်ာခေါင်းဆောင် တွေကို နားချနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒါပြီးရင်တော့ အမေရိကန်လွှတ်တော်မှာပဲ အောက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ပလင်ကန်အမတ် Mitch McConnell အပါအဝင် လွှတ်တော်အကြီးအကဲတွေ မြန်မာ့အရေးစိတ်ဝင်စားတဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ကတော့ အမေရိကန်စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကိစ္စအပြင် အခြားလူ့အခွင့်အရေးကိစ္စရပ်တွေကိုပါ ဆွေးနွေးဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG