သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်ရောက်ဒေါ်စုကို ဒေသခံမြန်မာတွေ ခရီးဦးကြို


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား မြန်မာသံရုံး/စစ်သံရုံး မိသားစုများက ကြိုဆိုစဉ် (MOFA)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား မြန်မာသံရုံး/စစ်သံရုံး မိသားစုများက ကြိုဆိုစဉ် (MOFA)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်အချိန်အတွင်းမှာ သမ္မတအိုဘားမားနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ အမေရိကန်စံချိန် အခု မနက်ပိုင်းမှာတော့ ဒု သမ္မတ ဂျိုးဘိုင်ဒန်နဲ့အတူ မနက်စာ စားသုံးနေပါတယ်။ သမ္မတအိုဘားမားနဲ့တွေ့ဆုံပြီးရင်တော့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့အတူ နေ့လည်စာ စားပြီး စကားပြောဆိုဖို့ရှိပါတယ်။ ညနေပိုင်းမှာတော့ ဝါရှင်တန်ဒီစီမြို့က အထင်ကရနေရာတခုဖြစ်တဲ့ လင်ကွန်းအမှတ်တရဗိမာန်ကို သွားရောက် လည်ပတ်မှာဖြစ်ပြီး၊ ညပိုင်းမှာတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ညစာ စားပွဲကို တတ်ရောက်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဝါရှင်တန်ဒီစီကို ရောက်ရှိချိန်မှာတော့ ဒေသခံမြန်မာတွေက ခရီးဦးကြိုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ မသိဂီထိုက်က ပြောပြမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် စံတော်ချိန် မနေ့ အင်္ဂါနေ့ ည ၉ နာရီကျော်မှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ကို ဆိုက်ရောက်လာခဲ့တာပါ။ ကျမတို့ ဗွီအိုအေ ရုံးချုပ်နဲ့ သိပ်မဝေးလှတဲ့ အမေရိကန် သမ္မတရဲ့ ဧည့်ဂေဟာ Blair House ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်း ရောက်ရှိလာချိန်မှာတော့ မြန်မာနိုင်ငံဖွားတွေရော အမေရိကန်တွေကပါ အော်ဟစ် ကြိုဆိုခဲ့ကြပါတယ်။

ကြိုဆိုခဲ့ကြသူတွေထဲက တဦးက မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကို ရက်တိုးပေးဖို့ တောင်းဆိုတာကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ဗီဇာတွေကိစ္စ ပြောချင်တာ ရှိလို့ရှိရင် သံရုံးကိုစာရေးပြီးတော့ပြောပါ။ ပြောပြီးတော့ ဒီဟာကြည့်စရာရှိတာတွေကို ပြန်ပြီးတော့ ကြည့်မယ်။ တယောက်ချင်း တယောက်ချင်း လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ ဒါမူဝါဒအရ လုပ်သွားရမှာဖြစ်တယ်။ အန်တီတို့ပြောပြီးသား ကိုယ့်နိုင်ငံကလူတွေက ကိုယ့်နိုင်ငံလူတွေပဲ။ အတက်နိုင်ဆုံးကာကွယ်မယ်၊ စောင့်ရှောက်မယ် ဒါဥပဒေအရလုပ်မယ်။ တဦးချင်းတဦးချင်းတော့ အထူးမလုပ်နိုင်ဘူး ဒါမူဆိုတာရှိရမယ်။”

ဒီကနေ့ ဗုဒ္ဓဟူနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမ တည်းခိုနေရာ Blair House နဲ့ လမ်းတဖက်တချက်မှာ ရှိတဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ဘရက်ခ်အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်တို့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့လည်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် သမ္မတရဲ့ ဧည့်ဂေဟာ သမိုင်းဝင် Blair House မှာ တည်းခိုဖို့ အမေရိကန် သမ္မတရဲ့ ဖိတ်ကြားချက်ကတော့ အမြင့်ဆုံး အလေးအနက်ထား ဂုဏ်ပြုမှု တခုလည်း ဖြစ်ပါတယ်။

Blair House လို့ ခေါ်ကြတဲ့ အမေရိကန် သမ္မတရဲ့ ဧည့်ဂေဟာကတော့ ထီးရှင်နန်းရှင် ရှင်ဘုရင်တွေနဲ့ သူတို့ မိသားစုဝင်တွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ နောက် အမေရိကန် သမ္မတသစ် အဖြစ် ရွေးကောက်ခံရသူတွေ အိမ်ဖြူတော်ကို မပြောင်းမရွှေ့ခင် တည်းခိုနေထိုင်ရာနဲ့ အမေရိကန် သမ္မတတဦးဦး ကွယ်လွန်ခဲ့ရင်လည်း နိုင်ငံတော် ဈာပဏ အခမ်းအနားနဲ့ သဂြိုဟ်တဲ့ အချိန်မှာ သမ္မတကတော်တွေ ခေတ္တတည်းခိုနေထိုင်ပြီး နိုင်ငံတကာရဲ့ ဝမ်းနည်းကြေကွဲကြောင်း တယ်လီဖုန်း ဆက်သွယ်မှုတွေကို လက်ခံရာ နေရာလည်း ဖြစ်ပါတယ်။

ကျမတို့ရဲ့ ဗွီအိုအေ ဌာနချုပ်နဲ့လည်း သိပ်ပြီး မဝေးလှပါဘူး။ မနေ့ညကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ အတွက် သူမ တည်းခိုမယ့် Blair House အနီးမှာ မြန်မာပြည်ဖွားတချို့ နာရီနဲ့ချီပြီး စောင့်ဆိုင်းခဲ့ကြတာမှာ ကျမတို့ ဗွီအိုအေ ဝိုင်းတော်သူ မအင်ကြင်းနိုင် သွားရောက်သတင်းရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေသူတွေထဲက တချို့ကို မအင်ကြင်းနိုင်က အခုလို မေးမြန်းခဲ့ပါတယ်။

မေး။ ။ ဟုတ်ကဲ့ ကိုယဉ်ထွေးရေ ပြောပါဦး အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်လာပြီးတော့ နှုတ်ဆက်တာကို ။

ဖြေ။ ။ ဟုတ်ကဲ့ အရမ်းဝမ်းသာပါတယ်။ ကျနော်ပြောလိုက်တယ်လေ ကျနော်တို့ ဝါရှင်တန်ဒီစီက မိသားစုတွေနဲ့လည်း တွေ့ချင်သေးတယ်ဆိုတဲ့အကြောင်းပေါ့နော်။ အဲဒါကိုလည်း တွေ့ချင်တယ်လို့ ကျနော်ပြောလိုက်တယ်။ သူကတော့ ကတိမပေးဘူးတဲ့ ကတိပေးရင် ပျက်သွားရင် မကောင်းဘူးတဲ့။ နယူးယောက် မှာတော့ တွေ့မယ်လို့တော့ပြောတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ ကျနော်တို့ အနီးကပ်တွေ့လိုက်ရတယ်။ အနီးကပ်ကြိုဆိုလိုက်ရတယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။

မေး။ ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။"

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမ အနေနဲ့ ဝါရှင်တန် ဒီစီမြို့တော်မှာတော့ မြန်မာပြည်ဖွားတွေနဲ့ တွေ့ဆုံဖို့ မသေချာပေမယ့် နယူးယောက်မြို့မှာတော့ တွေ့ဖို့ စီစဉ်ထားတယ်လို့လည်း ပြောဆိုသွားပါတယ်။ အမေရိကန် ခရီးစဉ် အတွင်း ဝါရှင်တန်ဒီစီမြို့တော်မှာ သမ္မတ ဘရက်ခ်အိုဘားမား၊ ဒုတိယ သမ္မတ၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တဲ့ အပြင် ကာကွယ်ရေး ဝန်ကြီးနဲ့ပါတွေ့ဆုံနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ခရီးစဉ် အကြိုမှာ ပြောဆိုထားတာပါ။ အမေရိကန် အစိုးရ၊ လွှွတ်တော် ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံ အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကို သွားရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူများ အရေးဆွေးနွေးမယ့် ကုလ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးမှာ မိန့်ခွန်းပြောဖို့ ရှိသလို ကုလ အထွေထွေ ညီလာခံမှာလည်း မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG