အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာ၊၂၀၁၅ ရွေးကောက်ပွဲ အခြေအနေ အပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေနဲ့ ပတ်သက်လို့ ကချင်ပြည်သူလူထုနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးနေပါတယ်။ ကချင်ပြည်နယ်ခရီးစဉ်တွင်း ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်သူလူထုနဲ့တွေ့ဆုံမှုအပေါ် ကြိုဆိုပေမဲ့၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါတီကြီးတွေအနေနဲ့ ဒေသခံ တိုင်းရင်းသားပါတီတွေကို ဦးစားပေးစေချင်ပါတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တိုင်းရင်းဒေသတွေဆီ ခရီးဆက်နေတဲ့ NLD ပါတီရဲ့ ပါတီစည်းရုံးရေးခရီးစဉ် နောက်ဆုံးရသတင်းကို မဆုမွန် စုစည်းတင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ အချိန်ကာလ နီးကပ်လာချိန်မှာပဲ တိုင်းရင်းဒေသတွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းတွေကို ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်နေခဲ့ရာက ဒီကနေ့ မေလ ၂၃ရက်နေ့ စနေနေ့မှာတော့ ကချင်ပြည်နယ်ကို ရောက်ရှိလာခဲ့ပါတယ်။ ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့ကို စနေ မနက်ပိုင်းက ရောက်ရှိခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံကချင်ပြည်သူလူထုက တိုင်းရင်းရိုးရာဝတ်စုံပြည့်တွေ ဝတ်ဆင်ပြီး သူမ ဆိုက်ရောက်လာရာလေဆိပ်ကနေစလို့ မြို့အဝင်လမ်း တလျောက် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
ပါတီရဲ့စည်းရုံးရေးခရီးစဉ်လည်းဖြစ်သလို လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွေကို ပါတီအနေနဲ့ ပြည်သူတွေသိရှိအောင် ရှင်းလင်းပြဖို့ဖြစ် ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကျနော်သိတာကတော့ အဲဒီဒေသကလူတွေက အန်တီ အဲဒီကိုတခါမှ မရောက်ဖူးလို့ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ဖိတ်ပါတယ်။ ပါတီ စည်းရုံးရေးလို့ ပြောရင်ရပါတယ်။ ရွေးကောက်ပွဲအခြေအနေ၊ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီရရှိမှု ဒါတွေဟာ ဘယ်လို အခြေအနေ၊ အခြေခံဥပဒေက ဘယ်လိုရှိတယ်၊ ဒါမျိုး- အမျိုးစုံ၊ ကျနော်တို့၊ ဒီလို ခရီးစဉ်မျိုး ပြည်သူလူထုကို ရှင်းပြရတာပေါ့ဗျာ။”
အခုလို ၂၀၁၅ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်တွင်း ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် ကချင်ပြည်သူလူထုနဲ့ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်တဲ့အပေါ် ကချင်ခေါင်းဆောင်တယောက်အနေနဲ့ ကြိုဆိုပါတယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
“ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုနဲ့တွေ့တယ်ဆိုတာတော့ ရွေးကောက်ပွဲလည်း နီးကပ်လာပြီဆိုတော့ ရွေးကောက်ပွဲ မဲအောင်နိုင်ရေး ခရီးစဉ်ဆိုတော့ အထိုက်အလျှောက်တော့ အကျိုးရှိမှာပါ။ အောင်မြင်မှာပါ။ ကျနော် အဲလိုပဲမြင်ပါတယ်ဗျ။”
ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီစည်းရုံးရေး ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ဆောင်နေမှုတွေအပေါ်မှာတော့ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ NLD ပါတီလို ပါတီကြီးအနေနဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးသင့်ပါတယ်လို့ ၂၀၁၅ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌက အကြံပြုပါတယ်။
“၂၀၁၅ ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပြည်နယ်တွေမှာ ပါတီကြီးတွေအနေနဲ့ ဒေသပါတီတွေကို ဦးစားပေးစေချင်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် လာမယ့်အချိန်အခါတွေမှာ ကျနော်တို့က ဖက်ဒရယ်ယူနီယံကို ….အချိန်အခါဖြစ်တယ်၊ နောက်ပြီးတော့မှ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေးကို သွားနေတဲ့အချိန်အခါဖြစ်တယ်ပေါ့။ နောင် ရရှိလာမှာပဲဒီအခွင့်အရေးတွေ၊ အဲဒီအခါကျတော့ အခုကစပြီးတော့မှ တိုင်းရင်းသားပြည်နယ်တွေမှာ ပြည်နယ်သူ ပြည်နယ်သားများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့အခွင့်အရေးပေါ့- တိုင်းရင်းသားပါတီတွေအနေနဲ့၊ ဒေသပါတီအနေနဲ့ ကိုယ့်ရဲ့ ဒေသသားတွေကို စည်းစည်းလုံးလုံးနဲ့ ဒေသသားတွေ ဦးဆောင်မှုပေးနိုင်တဲ့အနေအထားမျိုး၊ ဒီ ဒေသရဲ့ကံကြမ္မာကို ဖန်တီးပေးနိုင်မယ့် အနေအထားမျိုး အစပြုသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကြီးတွေအနေနဲ့ တိုင်းရင်းသားပါတီတွေမှာ လွှမ်းမိုးမှု မရှိဘဲနဲ့ တိုင်းရင်းသားပါတီတွေကို ဦးစားပေးသင့်တယ်လို့ မြင်ပါတယ်။”
ရွေးကောက်ပွဲအတွင်း တိုင်းရင်းဒေသတွေမှာ တိုင်းရင်းပါတီတွေအပေါ် ဦးစားပေးသင့်ပါတယ်လို့ တိုင်းရင်းသားပါတီတွေဘက်က အကြံပြုချက်အပေါ်မှာတော့ NLD ပြောခွင့်ရဦးညဏ်ဝင်းက အခုလိုတုံ့ပြန်ပါတယ်။
“သူတို့ပြောတာကို တုံ့ပြန်ပြောဆိုခြင်းတော့ အန်ကယ်လ်တို့မလုပ်ပါဘူး။ ဒါပေမယ့်လို့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တကယ်လုပ်နိုင်ဖို့က တကယ် အင်အားကြီးတဲ့ပါတီရှိဖို့လိုပါတယ်။ အဲဒီတော့ လက်ရှိအားဖြင့်တော့ အင်အားကြီးပါတီဖြစ်နိုင်တာလည်း အဖွဲ့ချုပ်ပဲဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အင်အားကြီးမှ ပြုပြင်ပြောင်းလဲမှုကို ကိုယ်တိုင်ဆောင်ရွက်နိုင်ဖို့ အခွင့်အရေးကို မျှော်နေပါတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ပူတာအိုမြို့မှာ ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံပွဲကို နေ့လည်ပိုင်းမှာ ကျင်းပပြီး ညနေပိုင်းမှာတော့ ပူတာအိုဒေသခံ လီဆူး၊ ရဝမ်၊ ကချင်စတဲ့ ဒေသခံ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ခရစ်ယာန်အသင်းတော်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။