သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကနေဒါဝန်ကြီးချုပ် ရခိုင်အရေးဆွေးနွေး


နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကနေဒါဝန်ကြီးချုပေ်တွ့ဆုံ။
နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကနေဒါဝန်ကြီးချုပေ်တွ့ဆုံ။

အာဆီယံနဲ့ ဆက်စပ် ထိပ်သီးညီလာခံတွေ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သီးသန့်တွေ့ဆုံပြီး၊ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။ အာရှ-ပဖိစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ ကျင်းပမယ့် Da Nang မြို့က ဒီကနေ့ သီးသန့်တွေ့ဆုံမှုအတွင်း၊ ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို ဖလှယ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး၊ နိုင်ငံသား စိစစ်ရေးနဲ့ ကျန်းမာရေး၊ ပညာရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တကျော့ပြန် အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့အထိ ပြဿနာပေါ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဖိအားတွေ ဆက်လက် ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံတကာ ခေါင်းဆောင်တွေပါ ရောက်ရှိနေတဲ့ ထိပ်သီး ညီလာခံတွေ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့တာပါ။

အမေရိကန် သမ္မတ Donald Trump အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေပါ ရောက်နေကြတဲ့ ညီလာခံတွေမှာ နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးဖြစ်လိမ့်မယ်လို့ မျှော်လင့်နေချိန်မှာပဲ ကနေဒါဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ဗီယက်နမ်နိုင်ငံက တွေ့ဆုံမှုအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ အပါအဝင် မြန်မာအစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေ ပါဝင်ခဲ့ကြသလို၊ ကနေဒါနိုင်ငံဘက်ကတော့ ဝန်ကြီးချုပ် Trudeau အပြင်၊ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Bob Rae အပါအဝင် တာဝန်ရှိသူတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG