သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါဝန်ကြီးချုပ် ဒေါ်စုနှင့် ရိုဟင်ဂျာပြဿနာ ဆွေးနွေးမည်


၂၀၁၇ ဇွန်လ ၇ ရက်နေ့တုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နံ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တွေ့ဆုံစဉ်။
၂၀၁၇ ဇွန်လ ၇ ရက်နေ့တုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နံ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တွေ့ဆုံစဉ်။

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံကို ရောက်နေတဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ သောကြာနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ကနေဒါဝန်ကြီးချုပ်ဟာ စက်တင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ရော စာနဲ့ပါဆက်သွယ်ပြီး အပြစ်မဲ့ ပြည်သူတွေကို အကာကွယ်ပေးဖို့ ပြောကြားခဲ့တာပါ။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ သူမရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဘူးလို့ မြင်တာကြောင့် ရခိုင်ပြည်နယ် ကနေ သြဂုတ်လ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို ဒုက္ခသည် သိန်းနဲ့ချီထွက်ပြေး ခဲ့တာနဲ့ ပတ်သက်ပြီး သူမကို အပြစ်တင်ဖို့ ကနေဒါ အစိုးရက ဝန်လေးနေတာ ဖြစ်ကြောင်း ကနေဒါအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Star သတင်းမှာ ဖေါ်ပြထားပါတယ်။

သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင်မှာ ကနေဒါရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် မကြာသေးခင်ကမှ ခန့်အပ်ခြင်း ခံခဲ့ရတဲ့ Bob Rae ဟာ ဝန်ကြီးချုပ် Trudeau နဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံခရီးစဉ် တွေ့ရှိချက်တွေကို တင်ပြမှာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဒီသီတင်းပတ်ထဲ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ ကြာသပတေးနေ့မှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေပါတယ်။

ဗီယက်နမ်မှာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ ကျင်းပမယ့် (APEC) ထိပ်သီးညီလာခံ အပြင် ဖိလစ်ပိုင်နိုင်ငံမှာ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမယ့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ နဲ့ တခြားဆက်စပ် ဆွေးနွေးပွဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားတွေ ဆက်လက် ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံတကာ ခေါင်းဆောင်တွေပါ တက်ရောက်မယ့် ညီလာခံတွေကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG