သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးတက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဗီယက်နမ်ရောက်ရှိ


နိုင်ငံတော်အတိုင်ပင်ခံ ဗီယက်နမ် ရောက်ရှိ (MOI)
နိုင်ငံတော်အတိုင်ပင်ခံ ဗီယက်နမ် ရောက်ရှိ (MOI)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဒီသီတင်းပတ်ထဲ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ ဒီကနေ့ပဲ ဗီယက်နမ်နိုင်ငံကို ရောက်ရှိသွားပါပြီ။

၁၁ ရက်နဲ့ ၁၂ ရက်နေ့ ကျင်းပမယ့် အာရှ-ပဖိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒါနန်းမြို့ကို ဒီကနေ့ပဲ ရောက်ရှိသွားခဲ့တာပါ။ APEC ညီလာခံ အပြင်၊ ဖိလစ်ပိုင်နိုင်ငံမှာ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမယ့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ နဲ့ တခြားဆက်စပ် ဆွေးနွေးပွဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့အထိ ပြဿနာပေါ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားတွေ ဆက်လက် ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံတကာ ခေါင်းဆောင်တွေပါ တက်ရောက်မယ့် ညီလာခံတွေကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့တာပါ။

အမေရိကန် သမ္မတ Donald Trump အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေပါ တက်ရောက်လာမယ့် ညီလာခံမှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကို ဆွေးနွေးဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်မှုတွေ ရှိနေပါတယ်။ မနက်ဖြန်မှာတော့ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သီးသန့်တွေ့ဆုံမှာ ဖြစ်ကြောင်းလည်း ကနေဒါနိုင်ငံက သတင်းတွေက ဖော်ပြနေကြတာပါ။

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အာဆီယံအသင်းနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေအတွင်း ရိုဟင်ဂျာအရေးကို ဦးစားပေး ပြောဆိုဖို့လည်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန် တိုက်တွန်းထားပါတယ်။ အာရှတိုက်မှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေး ပြဿနာတခု ဖြစ်တဲ့ ရိုဟင်ဂျာအရေးကို နိုင်ငံတကာ ခေါင်းဆောင်တွေ အလေးထားပြောဆိုဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်သမ္မတရဲ့ အာရှခရီးစဉ်မှာ လိုက်ပါလာတဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးဖို့ ရှေ့သီတင်းပတ်ထဲမှာပဲ နေပြည်တော်ကို သွားရောက်ဖို့ စီစဉ်ထားတာပါ။ သမ္မတ Trump အစိုးရလက်ထက် အဆင့်အမြင့်ဆုံး အစိုးရတာဝန်ရှိသူတဦးအဖြစ် မြန်မာအစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရေး ကြိုးပမ်းမှုတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပံ့ပိုးကူညီနိုင်မယ့် ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG