သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံညီလာခံအတွင်း ရခိုင်အရေး ဒေါ်စု ရှင်းလင်းဖို့ အကဲခတ်တွေမျှော်လင့်


ASEAN ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများ
ASEAN ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများ

ဒီသီတင်းပတ်နှောင်းပိုင်း စတင်ကျင်းပမယ့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒေသတွင်း ခေါင်းဆောင်တွေအပြင်၊ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တွေ့ဆုံရာမှာတော့ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေး ဝေဖန်မှုတွေ ကြီးထွားလာနေတဲ့ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ဆွေးနွေးလိမ့်မယ်လို့လည်း အကဲခတ်တွေ ခန့်မှန်းနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးမှာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ နိုဝင်ဘာ ၁၁ ရက်နဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ကျင်းပမယ့် APEC အာရှ-ပဖိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံ၊ ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ကျင်းပသွားမယ့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ နဲ့ တခြားဆက်စပ် ဆွေးနွေးပွဲတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန် ထားပါတယ်။ အာဆီယံ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေပါ တက်ရောက်လာမယ့် ညီလာခံမှာ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်တွေကိုတော့ နောက်ပိုင်းမှာ အသေးစိတ် သတင်းထုတ်ပြန်ပေးမှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

“မကြာခင်သွားရောက်မှီပဲ ကျနော်တို့ သတင်းထုတ်ပေးပါမယ် အဲဒီသွားတဲ့အခါကျရင်”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက်တစောင် မနေ့တုန်းကပဲ ထုတ်ပြန်လိုက်ပြီး အပြင်းအထန် ဝေဖန်ခဲ့တာ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ညီလာခံတွေ တက်ရောက်မှာလည်း ဖြစ်ပါတယ်။ အာဆီယံ ညီလာခံတွေကိုတော့ အမေရိကန်သမ္မတ Donald Trump အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေပါ တက်ရောက်လာမှာ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ရခိုင်ပြည်နယ်အရေး ရှင်းပြနိုင်မယ့် အလားအလာတွေ ရှိနေကြောင်းလည်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

“နိုင်ငံ့ခေါင်းဆောင်တချို့နဲ့ အထူးသဖြင့် APEC ပေါ့ သီးသန့်တွေ့ဆုံခွင့်ရအောင်တော့ ကြိုးစားမယ်လို့တော့ ကျနေ်ာတို့ သိရတယ်။ အဲဒီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်းပါနိုင်တာပေါ့နော်။ ပါမယ်ဆိုတဲ့ အခါကျတော့ သူအဲဒီသွားတဲ့ ရည်ရွယ်ချက်က အဲဒီဟာအဓိက ဖြစ်ဖို့များတယ်။ အဲဒီမှာ သူတွေ့ဆုံတဲ့အခါကျရင် ရခိုင်ပြည်နယ်ထဲက ကိစ္စကို နားလည်အောင်ပေါ့နော် လောလောဆည်ဒီ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ Statement လည်းထွက်ထားတယ်။ ထုတ်ပြန်ချက်ကလည်း ရှိထားတယ်။ ဒီလိုအနေအထားမျိုးအောက်မှာ ဖိအားတွေများနေတဲ့အောက်မှာ ပိုပြီးတော့မှ နားလည်အောင်ရှင်းပြဖို့ သူကြိုးစားမယ်လို့တော့ထင်တယ်။ ရှင်းပြလို့ရမယ်ဆိုရင်တော့ ဘာပဲပြောပြောအကျိုးဆက်ကတော့ ကောင်းမှာပါ။ အဲဒီမှာ နိုင်ငံခေါင်းဆောင်တွေအနေနဲ့လည်း သူကိုယ်တိုင် စကားပြောရတယ်ဆိုရင်တော့ အခြေအနေကို ပိုပြီးတော့ နားလည်နိုင်တာပေါ့။ နားလည်နိုင်တဲ့အခါကျရင် တုံ့ပြန်တဲ့အခါကျရင် သူတို့ပြန်ပြီးတော့မှ စဉ်းစားစရာရလာလိမ့်မယ်လို့တော့ ထင်ပါတယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် စက်တင်ဘာလထဲ နယူးယောက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်မယ့် အစီအစဉ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဖျက်ခဲ့ရတာပါ။ ဒါကြောင့်လည်း ခုတကြိမ် အာဆီယံ ညီလာခံတွေ တက်ရောက်တာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝန်းကို ရှင်းပြနိုင်မယ့် အခွင့်အရေးတရပ် ဖြစ်လာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇေယျသူ ကယူဆပါတယ်။

“အခုသွားလိုက်တယ်ဆိုတော့ ဘာပဲပြောပြော ခေါင်းဆောင်တွေအများကြီးနဲ့ ကျနော်တို့ ကျနော်တို့ တွေ့ခွင့်ရမယ်လေ ပြီးတော့ အာဆီယံဆိုပေမယ့် East Asia Summit လည်းတက်မှာဆိုတော့ အဲဒီမှာ Trump တို့ တရုတ်ကခေါင်းဆောင်တွေတို့ ထပ်သီးတွေလည်းအများကြီးလာလိမ့်မယ်လို့ ကျနေ်ာထင်တယ်။ အနည်းဆုံး ဂျပန်၊ တောင်ကိုရီးယားပေါ့လေ။ ဆိုတော့ အဲဒီမှာလည်းသူ ခုနတုန်းကလိုမျိုး ဒေသတွင်းကရော အမေရိကန်သမ္မတ Donald Trump လည်းလာမယ်ဆိုတော့ အဆင်ပြေရင်တော့ ဘာပဲပြောပြော တွေ့ပြီးတော့ သေချာရှင်းပြလို့ရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အထွေထွေညီလာခံ မတက်လိုက်ရတာက ကျနော်တို့က အခွင့်အရေး လက်လွတ်သွားသလိုဖြစ်နေတာကို။ အခုကျတော့ ဒီအခွင့်အရေးကို ခုနကလို ကုလသမဂ္ဂညီလာခံလောက်တော့ မကြီးဘူး ၊ ဒါပေမယ့် ဒေသအတွင်းက အရေးပါတဲ့နိုင်ငံတွေ အပြင်၊ ဒေသအပြင်ဘက်က အရေးကြီးတဲ့ အမေရိကန်တို့လို နိုင်ငံမျိုးတွေလည်း လာမယ်ဆိုတဲ့အခါကျတော့ ဒါက ကျနော်တို့ မြန်မာပြည်အတွက်ကောင်းတာပေါ့ အထူးသဖြင့် ရခိုင်အရေးအတွက်ကောင်းတာပေါ့။”

အမေရိကန်သမ္မတရဲ့ အာရှခရီးစဉ်မှာ လိုက်ပါလာတဲ့ နိုင်ငံခြားရေးဝန်ကြီး Tillerson ဟာလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးဖို့အတွက် ရှေ့သီတင်းပတ်ထဲမှာပဲ နေပြည်တော်ကို သွားရောက်ဖို့ ရှိနေပါတယ်။ သမ္မတ Trump အစိုးရလက်ထက် အဆင့်အမြင့်ဆုံး အစိုးရတာဝန်ရှိသူတဦးအဖြစ် မြန်မာအစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရေး ကြိုးပမ်းမှုတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပံ့ပိုးကူညီနိုင်မယ့် ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ တကျော့ပြန် ထွက်ပေါ်ခဲ့ပြီးနောက် စက်တင်ဘာလထဲမှာပဲ ဝန်ကြီး Tillerson ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကတဆင့် ဆွေးနွေးပြောဆိုခဲ့သလို၊ ပြီးခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းမှာလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် စိုးရိမ်တဲ့အကြောင်း ပြောဆိုထားဘူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG