သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရတက်ပြီး ပြောင်းလဲမှုတွေရှိခဲ့ဟု ဒေါ်စုပြော


ကနေဒါ မြန်မာမိသားစုနဲ့ ဒေါ်စုတွေ့ဆုံ(MOFA)
ကနေဒါ မြန်မာမိသားစုနဲ့ ဒေါ်စုတွေ့ဆုံ(MOFA)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီး တနှစ်ကာလအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာခဲ့တယ်လို့ ကနေဒါနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

၅ ရက်ကြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါခရီးစဉ်ကနေ ကနေဒါနဲ့ မြန်မာအစိုးရကြား တိုက်ရိုက် ချိတ်ဆက်မှုတွေ ပိုများလာပြီး မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အခွင့်အလမ်းတွေ ပိုမို ရရှိလာဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကနေဒါခရီးစဉ်နဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း တိုင်းပြည်မှာ တိုးတက်ပြောင်းလဲ လာတဲ့ အခြေအနေတွေ အများအပြားရှိခဲ့ပြီး အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်မှုတွေ ထင်ထင်ရှားရှား တွေ့ရနိုင်တယ်လို့ ကနေဒါနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အော်တဝါမြို့က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံချိန် ပြောဆိုသွားပါတယ်။

“ဒီ ၁ နှစ်ကျော်ကျော်အတွင်းမှာ အပြောင်းအလဲတွေအများကြီးရှိခဲ့ပါတယ်။ တချို့အပြောင်းအလဲတွေက ပြောင်းလဲနေတုန်းမှာ မသိရပေမယ့် အခုပြန်လှည့်ကြည့်လိုက်တဲ့အခါကျတော့ အပြောင်းအလဲက တော်တော်များများ ရှိခဲ့ပါလားဆိုတာကို ကျမတို့ စိတ်ထဲမှာ ခံစားရတယ်။ အဲဒါကြောင့်မို့လို့ အခုကျမတို့ သွားနေတဲ့ ဦးတည်နေတဲ့ ပန်းတိုင်ဟာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပါပဲ။ ဒီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့ဆိုတာဟာ ကျမတို့လူမှုရေးအရ၊ စီးပွားရေး၊ အထူးသဖြင့် နိုင်ငံရေးအရ အများကြီးရုန်းကန်ရမှာဖြစ်ပါတယ်။ ကျမတို့နိုင်ငံ စီးပွားရေးအလားအလာကောင်းပါတယ်၊ လူမှုရေး အလားအလာကောင်းပါတယ်။ ကျမလည်း သွားတိုင်းသွားတိုင်း ဒီလို ကြွားပြောတယ်လို့ပြောပြော၊ ဝမ်းသာတယ်လို့ပြောပြော ကျမတို့နိုင်ငံမှာဆိုရင် တချို့ကိစ္စတွေ ဆိုရင် အင်မတန်မှ မြန်ဆန်ပါတယ်။ အထူးသဖြင့်ဆိုရင် ဒီကျန်းမာရေးကဏ္ဍမှာဆိုရင် တိုးတက်မှုတွေက အင်မတန်မှ မြန်ပါတယ် ထိရောက်ပါတယ်၊ ကမ္ဘာကလည်း အသိအမှတ်ပြုတဲ့အဆင့်ကိုရောက်ပါတယ်။ အဲဒီတော့ ပညာရေးဘက်မှာလည်း အပြောင်းအလဲတွေရှိပါတယ်။ ပြောင်းလဲနေတုန်းကတော့ မပြောင်းလဲသလိုပဲ ဒါပေမယ့် တနှစ်ကျော်လို့ ပြန်ကြည့်လိုက်တဲ့အချိန်ှမှာ အရင်တနှစ်ကျော်တုန်းကအခြေအနေနဲ့ အခုအခြေအနေနဲ့ ဘယ်လောက်ကွာသွားသလဲဆိုတာကို ကျမတို့ ထင်ရှားမြင်ရပါတယ်။”

ကနေဒါနိုင်ငံကို ငါးရက်ကြာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအတွင်းမှာတော့ ကနေဒါဝန်ကြီးချုပ် Trudeau က ခုလို ပြောသွားပါတယ်။

“ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေ တိုးမြင့်သွားနိုင်ဖို့အပြင် ပြည်သူတွေ အကျိုးရှိစေမယ့် ကိစ္စရပ်တွေမှာ နှစ်နိုင်ငံအစိုးရတွေကြား ပိုမို နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်သွားနိုင်မယ့် အခွင့်အလမ်းတွေ ဆွေးနွေးသွားနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ အုပ်ချုပ်ရေး၊ ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေမှာ ကနေဒါနိုင်ငံ အနေနဲ့ မြန်မာအစိုးရကို ဘယ်လို ပံ့ပိုးကူညီသွားနိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးသွားချင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေအတွက် ကနေဒါနိုင်ငံက ဒေါ်လာ ၈ သန်းကျော် ထောက်ပံ့မယ့် အကြောင်းကိုလည်း ကနေဒါဝန်ကြီးချုပ်က တွေ့ဆုံမှုအပြီး ကြေညာချက်ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါ ခရီးစဉ်ကနေ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ပိုမို ရရှိလာဖို့ မျှော်လင့်ရသလို၊ နှစ်နိုင်ငံ အစိုးရတွေကြား ချိတ်ဆက်ဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေမယ့် အခွင့်အလမ်းတရပ်လည်း ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါခရီးစဉ် ဖြစ်မြောက်ရေး စီစဉ်သူတွေထဲမှာ တဦး အပါအဝင်ဖြစ်တဲ့ Timothy Zaw Zaw က ပြောပါတယ်။

“ကနေဒါ -မြန်မာဆက်ဆံရေးကတော့ အရင်ကတည်းကတော်တော်ကောင်းပါတယ်။ သို့သော်လည်း အကြောင်းကြောင်းကြောင့်ဒေါ်စုက လူကိုယ်တိုင်လာမရောက်နိုင်တာပဲ ရှိပါတယ်။ ဆိုတဲ့အခါမှာ ဒီဟာကတော့ လမ်းသစ်၊ တံခါးသစ် ဖွင့်လစ်ပြီးတော့ ကနေဒါနိုင်ငံနဲ့ မြန်မာနိုင်ငံကြားထဲမှာ ပိုမိုပြီးတော့ အစိုးရပိုင်းဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်မှုတွေအရှိန်တိုးမြင့်ပြီးဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့က အပြုသဘောနဲ့ အကောင်းမြင်သုံးသပ်ပါတယ်။ အရင်ထက်ပေါ့နော် ကျနော်တို့ တရားဝင်မကြေညာသော်လည်း ဟိုဘက်က ပါလီမန်အမတ်တွေ၊ မြန်မာနိုင်ငံကသူတွေ လာရောက်တာတွေ ၊ လေ့လာတာတွေရှိတယ်။ ကနေဒါဘက် က ပါလီမန်အမတ်တွေ မြန်မာနိုင်ငံပါလီမန်အမတ်တွေ သွားရောက်လေ့လာတာရှိတယ်။

၁ အချက်ကတော့နည်းပညာပိုင်းတွေပေါ့နော်၊ နိုင်ငံရေးနည်းပညာပိုင်းတွေ ၊ နောက်မနေ့ကဆိုရင်လည်း ဖက်ဒရယ် အစိုးရနဲ့ ပတ်သက်တဲ့ ဖက်ဒရယ်မူတွေကို အော်တဝါမှာ သူတို့ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ပြီးတော့ ဆွေးနွေးကြတာတွေရှိတယ် ဒီလိုမျိုး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ နည်းပညာတွေ ပံ့ပိုးမှုတွေပေါ့နော်။ ဆိုတော့ ကနေဒါနိုင်ငံအနေနဲ့ကတော့ သူတို့ရဲ့ပေါ်လစီကိုက တတ်နိုင်သလောက်ပေါ့နော် နောက်ကွယ်ကနေ အကောင်းဆုံး တိုးမြင့်ပြီးတော့လုပ်ဆောင်နိုင်အောင် ကူညီပံ့ပိုးပေးတဲ့ အနေအထားမျိုးမှာရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာတော့ အော်တဝါမြို့ကနေ ထွက်ခွာပြီး တိုရန်တို မြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ တိုရန်တိုမြို့ရှိရာ Ontario ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ညနေပိုင်း တွေ့ဆုံဖို့ရှိသလို၊ တိုရန်တို မြို့တော်ဝန်နဲ့လည်း မနက်ဖြန် မနက်ပိုင်း တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီနောက်မှာတော့ တိုရန်တိုမြို့က မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဦးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG