သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ကနေဒါ ရောက်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ၊ Toronto မြို့ကို ရောက်ရှိစဉ် ဒေသခံမြန်မာများက ကြိုဆို (MOFA)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ၊ Toronto မြို့ကို ရောက်ရှိစဉ် ဒေသခံမြန်မာများက ကြိုဆို (MOFA)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက်ပိုင်းက ကနေဒါနိုင်ငံ၊ Toronto မြို့ကို ရောက်ရှိသွားပါပြီ။ ဇွန်လ ၁၀ ရက်နေ့အထိ ၆ ရက်ကြာမယ့် ဒီ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ တွေ့ဆုံပြီး ဖယ်ဒရယ် ဝါဒနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ ပီပြင်တဲ့ အုပ်ချုပ်ရေးစံနစ် ပေါ်ထွန်းရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေအပြင် ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကိုလည်း ဆွေးနွေးမှာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကနေဒါဝန်ကြီးချုပ် Justin Trudeau ရဲ့ ဖိတ်ကြားချက်နဲ့ တနင်္လာနေ့ မနက် ၁၀ နာရီ မထိုးခင်က တိုရွန်တိုမြို့က Lester B. Pearson အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Bryon Wilfert တို့ အပါအဝင် ကနေဒါ လွှတ်တော်အမတ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တိုရွန်တို လေဆိပ်မှာ ကြိုဆိုတဲ့ အခြေအနေတွေကိုတော့ ကနေဒါအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုအောင်မိုးက အခုလို ပြောပြပါတယ်။

“ကျနော်တို့ အဖွဲ့ကတော့ လေယာဉ်ကွင်းမှာသွားကြိုတာပေါ့နော်၊ အဲဒါကတော့ အမေစုရဲ့လုံခြုံရေးအရ လူမများပါဘူး။ ကနေဒါ ပါလီမန်အမတ်တချို့ရယ် နောက်သံရုံးက အမှုထမ်း၊ သံမှူးတွေရယ် နောက်ကျနေ်ာတို့ တိုရွန်တိုက ကူညီပေးတဲ့ တသီးပုဂ္ဂလတွေရယ် အဲဒါတွေသွားပြီးတော့ သွားကြိုကြတာခင်ဗျ။ ကျနေ်ာတို့ မြန်မာတွေ ကတော့ အမေစုတည်းတဲ့ ဟိုတယ်မှာ ကြိုကြတာခင်ဗျ ကျနော်သတင်းကြားတာ တွေ့ခဲ့တာကတော့ ဆန္ဒပြတဲ့လူတွေလည်းရှိတယ်။ အမေစုကို ကြိုတဲ့လူတွေလည်းရှိတာပေါ့။ ဟိုတယ်မှာကျတော့ လူများတယ်ခင်ဗျ ကျနေ်ာထင်တယ် ၁၀၀ ကျော်လောက်ရှိမယ် ဒါက အမေစုကိုလာကြိုတယ်။ ဆန္ဒပြတဲ့လူတွေကျတော့ ၁၀ ဂဏန်းလောက်တော့ရှိမယ်ခင်ဗျ။

မေး။ ။ အဲဒီတော့ တခြားဘာများထူးခြားတာတွေ့မိသလဲခင်ဗျ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပရိတ်သတ်တွေကို ပြန်စကားပြောတာတို့ ထူးထူးခြားခြားဘာများ တွေ့မိသလဲခင်ဗျ၊ ဟိုတယ်ရောက်တော့။

ဖြေ။ ။ အမေစုကတော့ ရောက်တဲ့အရပ်မှာ မြန်မာမိသားစုဘယ်သူပဲဖြစ်ဖြစ် သူ့ကိုကြိုတာဖြစ်ဖြစ် မကြိုတာဖြစ်ဖြစ် သူက မြန်မာတွေတွေ့တဲ့အခါကျတော့ ဖော်ဖော်ရွယ်ရွယ်ခင်ခင်မင်မင် ပြောပါတယ်ခင်ဗျ။ ကျနော်တို့နဲ့ တွေ့တော့လည်း မင်္ဂလာပါ လို့ပြောရင် သူပြန်ပြောပြီးတော့ အဲဒီလို ဖော်ဖော်ရွယ်ရွယ်ပါပဲခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ Fairmont Royal York ဟိုတယ်ရှေ့မှာ ကနေဒါနိုင်ငံရှိ ရိုဟင်ဂျာများအသင်းက အဖွဲ့ ၂၀ ကျော်ဟာလည်း ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ သူတို့အနေနဲ့ ဘာကြောင့် ဆန္ဒပြရတယ်ဆိုတာကိုတော့ အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ အဏ္ဏဝါက အခုလို ပြောပြပါတယ်။

“ကျနော်တို့ပြတာကတော့ တခြားမဟုတ်ပါဘူး။ သူကလုပ်တာ သူ့အလုပ်အကိုင်မမှန်လို့ အဲဒီအတွက်ကြောင့်ကျနော်တို့ ဆန္ဒပြတယ်။ မမှန်ဘူးဆိုတာက အဓိက ရိုဟင်ဂျာအပေါ်မှာ လုပ်နေတဲ့ အပေါ်မှာပေါ့ တခြားတိုင်းရင်းသားတွေအပေါ်မှာလည်း သူက မျှမျှတတ မှန်မှန်ကန်ကန်မဆက်ဆံဘူး။ရိုဟင်ဂျာတွေကိုလည်း သူ့မှာအာဏာရှိပေမယ့်လည်း သူကလုပ်သင့်လုပ်ထိုက်တာတွေ သူမလုပ်ဘူး။ တချိန်လုံး ရိုဟင်ဂျာမရှိဘူး ဆိုတာပဲပြောနေတယ်။ ကျနေ်ာတို့ ဆီမှာ ရိုဟင်ဂျာမရှိဘူးဆိုတဲ့လူက စာမတတ်ဘူး။ သူက စာတတ်ပေတတ် ၊ အဲဒီသမိုင်းကို လိမ်လို့မရဘူး။ အဲဒီသမိုင်းက ကျနော်လည်းလိမ်လို့မရဘူး၊ ခင်ဗျားလည်းလိမ်လို့မရဘူး။ Professor ပဲဖြစ်ဖြစ်၊ စာရေးဆရာပဲဖြစ်ဖြစ် ပေါက်ကရရေးလို့ရတဲ့ဟာမျိုးမဟုတ်ဘူး။ ရိုဟင်ဂျာမရှိဘူး ကျမတို့နိုင်ငံမှာ ဟိုတုန်းကလည်းမရှိဘူး အခုလည်းမရှိခဲ့ဘူး၊ ဒီနာမည်ကိုမသုံးနဲ့ဆိုတဲ့ဟာ အဲဒါက လုံးဝမှားနေတယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် Justin Trudeau နဲ့ ဇွန်လ ၇ ရက်နေ့ တွေ့ဆုံတဲ့အခါ ဖယ်ဒရယ် ဝါဒနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပီပြင်တဲ့ အုပ်ချုပ်ရေးစံနစ် ပေါ်ထွန်းရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေအပြင် ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ကြောင်း ကနေဒါ ဝန်ကြီးချုပ်က ဇွန်လ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရာမှာ ကနေဒါက ဆက်လက်အကူညီပေး သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဇွန်လ ၇ ရက်နေ့ညမှာ ကနေဒါ-မြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့ဝင် လွှတ်တော်အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့တို့ ညစာ အတူ စားသုံးကြမှာ ဖြစ်ပါတယ်။

ဇွန်လ ၈ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါ-မြန်မာ ပါလီမန် ချစ်ကြည်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်အမတ် တဦးလည်းဖြစ်တဲ့ Bruce Stanton ဦးဆောင်တဲ့ ကနေဒါ ပါလီမန် ချစ်ကြည်ရေးအဖွဲ့နဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း Bruce Stanton ရဲ့ အထူးလက်ထောက် David Dalrymple က ဗွီအိုအေကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်အမတ် Bruce Stanton တို့ တွေ့ဆုံတဲ့အခါမှာ ဘယ်ကိစ္စကို ဆွေးနွေးကြမယ်ဆိုတဲ့ ကြိုတင် သတ်မှတ်ထားချက်တော့ မရှိပါဘူး။ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် အောင်မြင်ရေးအတွက် ကနေဒါ-မြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့က ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ နောက် မြန်မာကိုယ်စားလှယ် အဖွဲ့ဘက်က တောင်းဆိုလာတာတွေကို ကနေဒါ-မြန်မာ ပါလီမန် ချစ်ကြည်ရေးအဖွဲ့ဘက် လုပ်ဆောင်ပေးနိုင်စွမ်းရှိသမျှ ကူညီ ဆောင်ရွက်ပေးသွားဖို့ပဲ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါဘုရင်ခံချုပ် David Johnston နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ကနေဒါမှာရှိတဲ့ မြန်မာအသိုင်းဝိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာ ဖြစ်ကြောင်း ကနေဒါနိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူ ကိုအောင်မိုးက ပြောပါတယ်။

“မနက်ဖြန်ကျရင် သူက Toronto ကနေပြီးတော့ Ottawa ကိုသွားမယ်ခင်ဗျ ။ အဲဒီမှာ ၇ရက် နဲ့ ၈ ရက် Ottawa မှာ နေလိမ့်မယ်ခင်ဗျ။ နောက်ပြီးတော့ ၈ ရက်နေ့ကျရင် တိုရန်တိုပြန်လာမယ်။ ၉ ရက်နေ့ကျရင်တော့ မြန်မာမိသားစုနဲ့တွေ့မယ်။ နောက်ကနေဒါ ပြန်နယ်ဝန်ကြီးချုပ် နဲ့ တွေ့မယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၀ ရက်နေ့မှာ ကနေဒါနိုင်ငံကနေ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ ဆွီဒင် ဝန်ကြီးချုပ် Stefan Löfven နဲ့ လွှတ်တော်ဥက္ကဌ Urban Christian Ahlin တို့ရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီး ဆက်လက် သွားရောက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကနေဒါ ရောက်
please wait

No media source currently available

0:00 0:05:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG