သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင်ရောက် ကရင်တို့ပြဿနာ ဒေါ်စုသိစေလို


Aung San Suu Kyi attends UPDJC meeting at Naypyidaw
Aung San Suu Kyi attends UPDJC meeting at Naypyidaw

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် လာရောက်မယ့် ဆွီဒင်ခရီးစဉ်ကို ကရင်အသိုင်းအဝိုင်းတခုလုံးက စိတ်အားထက်သန်စွာကြိုဆိုနေကြောင်း ဦးဆောင်သူတွေက ပြောကြားပါတယ်။ ၂၀၁၆ခုနှစ် ကစပြီး ဆွီဒင်နိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချ နေထိုင်နေတဲ့ ကရင်တိုင်းရင်းသားတွေကို ဆွီဒင်အစိုးရက အကြမ်းဖက်သမားတွေအဖြစ် စွပ်စွဲပြီး နိုင်ငံသားအဖြစ် ပယ်ချနေတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ညှိုနှိုင်း ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်မိကြောင်း ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ဇွန်လ (၉)ရက်နေ့နောက်ပိုင်း ဆွီဒင်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း သူတို့ ကရင်အသိုင်းအဝိုင်းအနေနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်မိကြောင်း Karen Swedish Community လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံ ရောက် ကရင် အသိုင်းအဝိုင်း ခေါင်းဆောင်တွေက ပြောပါတယ်။ အထူးသဖြင့် သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြလိုကြောင်း ကရင် ဆွီဒင် အသိုင်းအဝိုင်း ဥက္ကဌ ဒေါ်သီတာနိုင်က ပြောပါတယ်။

“ကျမတို့ ကရင်လူထုတွေကို ဆွီဒင်အစိုးရက အကြမ်းဖက်သမားအနေနဲ့ စွပ်စွဲပြီးတော့ပေ့ါနော်၊ နိုင်ငံသားအဖြစ် လျှောက်တာကို ပစ်ပယ်တယ်။ အဲဒီအချက်ရယ် နောက်ပီးတော့ ကျမတို့ဒီ ဆွီဒင်နိုင်ငံရောက်နေတဲ့ ကရင်လူထုတွေ အတွက်တော့ မြန်မာပြည်နဲ့ အဆက်သွယ် ပြတ်တာပေါ့လေ။ ကျမဆိုရင် ငယ်ငယ်ကတည်းက ဗမာပြည်ကနေ ထွက်လာပြီးတော့ ဒုက္ခသည်စခန်းမှာ ၁၅ နှစ်လောက် နေလာတယ်။ အလားတူပဲ ကရင်လူမျိုး အတေ်ာများများ အဲလိုဖြစ်ကြတယ်။ မြန်မာပြည်ရဲ့ အနေအထားဆိုတာလဲ ဘာမှ မသိကြဘူး။ ဒီဆွီဒင်မှာနေတဲ့ ကရင်လူထုတွေက တနေ့နေ့ တချိန်ချိန် ဗမာပြည် ပြန်ခဲ့မယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ပြန်ရမလဲဆိုတာ မသေချာဘူး။ ရှေ့ဆက် အနာဂတ် ဒီနှစ်နိုင်ငံကြား ဘယ်လိုရှိမလဲဆိုတာ ကျမတို့သိချင်တယ်”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့အခက်အခဲတွေကို ဆွီဒင်အစိုးရနဲ့ ညှိုနှှိုင်းဆွေးနွေးပေးဖို့ မျှော်လင့်မိတယ်လို့လည်း ဒေါ်သီတာနိုင်က ဆိုပါတယ်။ ဆွီဒင်တနိုင်ငံလုံးမှာ ကရင်လူဦးရေ နှစ်ထောင်ကျော် ရှိတယ်လို့လဲ သူက ပြောပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ် မြန်မာ့ဒီမိုကရေစီရေးမှာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွီဒင်နိုင်ငံက သူရဲကောင်းအဖြစ် အသိအမှတ် ပြုထားကြောင်း ဒေါ်သီတာနိုင်က အခုလိုပြောပါတယ်။

“ဆွီဒင်နိုင်ငံမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို တကယ့်သူရဲကောင်း တယောက်အနေနဲ့ပဲ မြင်တယ်။ ဆွီဒင်လူထုကလည်းပဲ သူ့ကို အရမ်း လေးစားတာပေါ့။ ဒီ ဆွီဒင် အသိုင်းအဝိုင်းမှာ သွားတဲ့နေရာတိုင်း ဘယ်သူမဆိုပေ့ါလေ ကျမကို ဘယ်နိုင်ငံကလဲလို့ မေးတဲ့အခါ ကျမက ဗမာပြည်က လာတယ်ပြောရင် .. ဟာ အောင်ဆန်းစုကြည်သိလားတဲ့ .. သိတာပေါ့လို့။ တကယ့်ဟီးရိုး ပုံစံမျိုးနဲ့ အရမ်းလေးစားတယ်တဲ့။ အဲလို အကောင်းမြင်ပြောတာတွေပဲ ကျမကြားရလေ့ရှိတယ်”

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဆွီဒင်နိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်နဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဦးစားပေးချမှတ်တဲ့ စနစ်တွေကို လေ့လာအတုယူဖို့ကောင်းတယ်လို့ မြင်ကြောင်း သူက အခုလိုဆက်ပြောပါတယ်။

“သက်ကြီးရွယ်အို စောင့်ရှောက်ရေးတို့ မသန်စွမ်းတွေ စောင့်ရှောက်ရေးတို့ ၊ နောက်ပြီး မုဆိုးမတွေနဲ့ ကလေးတွေကို စောင့်ရှောက်ရေးဌာန တွေမှာ ဗမာပြည်အနေနဲ့ အတုယူ သင့်တဲ့အချက်တွေ အများကြီးရှိတယ်။ ဆွီဒင်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ မုဆိုးမတွေ အတွက် အရမ်းကောင်းတဲ့ နိုင်ငံဖြစ်တယ်။ အခွင့်အရေးတွေ အရမ်းကောင်းတယ်။ ဗမာပြည်နဲ့ဆိုရင် ဘာမှကို နှိုင်းယှဉ်လို့ မရတဲ့ အနေအထား တွေပါ။ အဲဒီတော့ လာမယ့် ဗမာပြည် ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍတွေမှာ အတုယူစရာတွေ အများကြီးရှိပါတယ်။ ဒီကလိုမျိုး ဗမာပြည်မှာ လုပ်နိုင်ခဲ့ရင်တော့ အရမ်းကောင်းမယ်လို့ ထင်တယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ အော်ရိဘန် အာလင်းနဲ့ ဆွီဒင်ဝန်ကြီးချုပ် မစ္စတာ စတီဖန်လိုဗန်တို့ရဲ့ ဖိတ်ကြား ချက်နဲ့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်မတိုင်ခင် ကနေဒါနိုင်ငံကို ဇွန်လ ၅ ရက်နေ့ကနေ ၉ ရက်နေ့ထိ ချစ်ကြည်ရေးခရီးအဖြစ် အရင်သွားရောက်မှာဖြစ်ပါတယ်။ ၂၀၀၅ခုနှစ်က ဆွီဒင်နိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက် ဒီမိုကရေစီတိုက်ပွဲဝင်မှုတွေ လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် Olof Plame prize ဆုချီးမြှင့်ခဲ့ပါတယ်။ World's children's Prize ကိုတော့ ၂၀၁၁ ခုနှစ်မှာ ဆွီဒင်နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG