သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီ ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


Street artists are silhouetted against the rising sun as they perform on the near empty Charles Bridge in Prague, Czech Republic.
Street artists are silhouetted against the rising sun as they perform on the near empty Charles Bridge in Prague, Czech Republic.

အီတလီ နိုင်ငံ ရောမမြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီး ရခိုင်အရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

ရောမမြို့တော်မှာ ကျင်းပနေတဲ့ နိုင်ငံတကာ လွှတ်တော် အမတ်များ ညီလာခံမှာလည်းမိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ တွေ့ဆုံခဲ့ပြီးနောက်မြန်မာ နဲ့ ဗာတီကန် မြို့ပြ နိုင်ငံတို့ကြား သံတမန် အဆက်အသွယ် စတင်ထူထောင်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်နဲ့ ပတ်သက်ပြီး မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အီတလီ နိုင်ငံ ရောမ မြို့တော်ကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အီတလီ ဝန်ကြီးချုပ် Paolo Gentiloni က Palazzo Chigi ဝန်ကြီးချုပ် နန်းတော်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

မနေ့က အီတလီ နိုင်ငံခြားရေး ဝန်ကြီး Angelino Alfano နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီး ရခိုင်ပြည်နယ်တွင်း အခက်ကြုံနေရတဲ့ အခြေအနေတွေ၊ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့ကို အဓိက ထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ တင်းမာမှုတွေကို လျှော့ချနိုင်ဖို့ အတွက် လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးက အခြေခံကျတယ်ဆိုတာကိုလည်း နားလည် သဘောပေါက်ထားတယ်လို့လည်း အီတလီ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ကြေညာချက်က ဖော်ပြပါတယ်။

အီတလီ အနေနဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ မြန်မာ့ ဖွံ့ဖြိုးရေးတို့ကို ထောက်ခံအားပေးခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပြီး ဒီမိုကရေစီ စနစ်တရပ် အပြည့်အ၀ ဖော်ဆောင်နိုင်ရေး အတွက်ကတော့ စိန်ခေါ်ချက်တွေ အများအပြား ရှိနေသေးတယ်ဆိုတာကိုလည်း အီတလီ အစိုးရက သိရှိ သဘောပေါက်ထားပါတယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောမမြို့တော်မှာ ကျင်းပနေတဲ့ နိုင်ငံတကာ လွှတ်တော် အမတ်များ ညီလာခံမှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးအရေးနဲ့ ရေရှည်ဖွံ့ဖြိုတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာ လွှတ်တော် အမတ်များ ညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ပါတယ်။ လွှတ်တော်မှာ စကားပြောဆိုခွင့် ရတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို မြန်မာ့ရေးရာတွေကို ပြောကြားခဲ့တာပါ။

အီတလီ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ဓာတ်ပုံ - AP)
အီတလီ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ဓာတ်ပုံ - AP)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီ ခရီးစဉ် အတွင်း ဒီကနေ့မှာတော့ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဗာတီကန် နန်းတော်မှာ တွေ့ဆုံခဲ့ပြီး မြန်မာ နဲ့ ဗာတီကန် မြို့ပြ နိုင်ငံတို့ကြား သံတမန် အဆက်အသွယ် စတင်ထူထောင်ကြောင်း ဒီကနေ့ တရားဝင် ကြေညာလိုက်ပါတယ်။ ဗာတီကန်မြို့ပြနိုင်ငံ အစိုးရအဖွဲ့ အတွင်းရေးမှူး ဘုန်းတော်ကြီး Pietro Parollin နဲ့လည်း သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။

သံတမန် အဆက်အသွယ် စတင်ထူထောင်ကြောင်း ကြေညာလိုက်တာကြောင့် ရန်ကုန်မြို့မှာ ဗာတီကန် သံအဖွဲ့ခန့်အပ်မယ်မှာ ဖြစ်ပြီး ဗာတီကန်မြို့ပြနိုင်ငံမှာလည်း မြန်မာ သံရုံးကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အီတလီ နိုင်ငံ ခရီးစဉ် အပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဗြိတိန် အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ့် ခရီးစဉ် အတွင်း ဖွံ့ဖြိုးရေး၊ ရခိုင်အရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖွယ် ရှိနေတာပါ။ သံတမန်ဟောင်း ဦးခင်မောင်ကြည်ကတော့ ရခိုင်အရေး ဆွေးနွေးရနိုင်ဖွယ် အခြေအနေကို အခုလို ပြောပါတယ်။

“ နာမည် တခုအနေနဲ့ပေါ့လေ။ လူ့အခွင့်အရေး ပေါ့လေ။ ဒီက လူတွေကတော့ လူ့အခွင့်အရေး။ လူ့အခွင့်အရေးဆိုတာ ဘယ်သူဘဲ ဖြစ်ဖြစ် မဲမဲ၊ ဖြူဖြူ လူရယ်လို့ ဖြစ်လာလို့ ရှိရင် အဲဒီမှာ အိုးမရှိ အိမ်မရှိ၊ Stateless ဖြစ်နေတယ်ဆိုတော့ ကူညီမယ်ဆိုတဲ့ ပုံစံနဲ့သာ သူတို့ ကူညီတာ။ အနောက်နိုင်ငံက လူတွေရဲ့ လူ့အခွင့်အရေး သဘောအရသာ သူတို့မှာ ဟုတ်လား အကြာကြီး နေခဲ့တယ် နိုင်ငံသား မဖြစ်ဘူး အဲဒီ ကိစ္စတွေကို ကူညီတာ။ နာမည် တခုအနေနဲ့ သူတို့က ဖြစ်စေချင်တဲ့ ပုံစံနဲ့ ကူညီတာတော့ မဟုတ်ဘူးလို့ အန်ကယ် မြင်တယ်လေ။ ”

ဒါ့အပြင် ၁၉၈၈ ခုနှစ် နောက်ပိုင်း ရပ်ဆိုင်းထားတဲ့ ဗြိတိန်နိုင်ငံရဲ့ ပညာတော်သင် အစီအစဉ် ပြန်လည် စတင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နိုင်မယ်လို့လည်း သံတမန်ဟောင်း ဦးခင်မောင်ကြည်က ဆိုပါတယ်။

“၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဝန်ကြီးချုပ် မာဂရက်သက်ချာ လက်ထက်ပေါ့ ကွန်ဆာဗေးတစ် လက်ထက်မှာ ပညာတော်သင်တွေကို လုံး၀ လက်မခံဘူးဆိုပြီး ပိတ်လိုက်တာ။ ဟိုတုန်းက အန်ကယ်လ်တို့ သံရုံးမှာ ရှိတဲ့ အချိန်က ပညာတော်သင်တွေ ၁၀၀ လောက် ရှိတယ် အင်္ဂလန်မှာ။ PhD လုပ်တဲ့သူတွေ ရှိတယ်။ အင်္ဂလိပ်စာ သင်တဲ့သူတွေ ရှိတယ်။ ဆည်မြောင်းကစ၊ ဆောက်လုပ်ရေးကစ ဌာနပေါင်းစုံ ရှိတယ်။ အဲဒါ ပိတ်လိုက်တယ်။ ပိတ်လိုက်ပြီးတဲ့ နောက်ပိုင်း အဲဒါ အန်ကယ်လ်တို့က ပညာတော်သင် ကိစ္စကို ပြန်ပြီးတော့ ဖွင့်စေချင်တယ်။ ဖွင့်စေချင်တယ်ဆိုတော့ အဲဒီလိုဘဲပေါ့ အခု တယောက်စ နှစ်ယောက်စ လာတာနဲ့ စာလို့ရှိရင် ပညာတော်သင်တွေ အုံလိုက်ခဲလိုက်ပေါ့ ဟိုမှာ ဒီက ပညာတော်သင်တွေကို လာနိုင်အောင်တော့ ဒေါ်အောင်ဆန်းစုကြည်က ပံ့ပိုးပေးနိုင်မယ်လို့ အန်ကယ်လ်တို့လည်း မျှော်လင့်တယ်။ ”

ဗြိတိန် နိုင်ငံ ခရီးစဉ် အတွင်းမှာတော့ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG