သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်စတင်


ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ကို ဆိုက်ရောက်(Ministry of Foreign Affairs Myanmar)
ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ကို ဆိုက်ရောက်(Ministry of Foreign Affairs Myanmar)

မနေ့ တနင်္ဂနွေနေ့က ဥရောပသုံးနိုင်ငံခရီးစဉ် စတင်ထွက်ခွာလာခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ကို ဆိုက်ရောက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဥရောပခရီးစဉ်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီး ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေနဲ့အတူ အလားအလာကောင်းတွေ ပွင့်လမ်းလာမယ်လို့ မျှော်လင့်ချက်တွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပေါ် ဗြိတိန်မှာ နှစ်နှစ်ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာသံတမန်တဦး သုံးသပ်ချက်ဘယ်လိုရှိသလဲဆိုတာ မဆုမွန် ဆက်ပြောပြပါမယ်။

ဘရပ်ဆဲလ်၊ အီတလီနဲ့ ဗြိတိန် သုံးနိုင်ငံကို သွားရောက်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အတွင်းမှာတော့ EU ဥရောပသမဂ္ဂဘက်က အထူးစိုးရိမ်မကင်းဖြစ်နေတဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးအခြေအနေ အထူးသဖြင့်ကတော့ နိုင်ငံတကာက မေးခွန်းထုတ်နေတဲ့ ရခိုင်ပြည်နယ်တွင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က EU အပါအဝင် ဥရောပနိုင်ငံခေါင်းဆောင်တွေကို ရှင်းလင်းတင်ပြနိုင်လိမ့်မယ်လို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်နေတဲ့ မြန်မာ သံတမန်ဟောင်းတဦးဖြစ်တဲ့ ဦးခင်မောင်ကြည်က သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီစဉ်အနေကလည်း အင်မတန်မှ အကျိုးရှိပါတယ်။ သူလာတဲ့ကိစ္စတွေကလည်း ဒီ EU က မေးခွန်းထုတ်တဲ့ ပြဿနာကိစ္စတွေရှိတယ်။ ရခိုင်ပြဿနာတွေကို သူက အနီးကပ်ဖြေရှင်းပေးလို့ရတယ်။ ဥရောပကလည်း ဒါတွေကို သဘောပေါက်ပြီးတော့ မြန်မာပြည်ကို ကူညီမယ့်အလားအလာတွေအများကြီးရှိပါတယ် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးပေါ့ နောက်ပြီးတော့ သံတမန် ဆက်ဆံရေးအတွင်းမှာ ကျနော်မှတ်မိသလောက်ကတော့ အင်္ဂလန်လောက်အထိ အနောက်နိုင်ငံတွေကို Head OF State ပေါ့ သမ္မတကြီးတို့ ဘာတို့ တကယ့်နိုင်ငံတော်အကြီးအကဲလာတဲ့ ထုံးစံမတွေ့ဖူးဘူး။ အဲဒါကို ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ ပိတ်ပင်ထားတာ၊ ကျနေ်ာက နိုင်ငံတော်အကြီးအကဲတွေလာနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဘက်မှာ တိုက်တွန်းပေးခဲ့ရင် နိုင်ငံတော်အကြီးအကဲတွေလာတာဟာ တိုင်းပြည်အတွက်ရော လူမျိုးအတွက်ရော အကုန်လုံး ဂုဏ်သိက္ခရှိတယ်၊ ဒီဘက်နိုင်ငံတော်အကြီးအကဲတွေကိုလည်း မြန်မာပြည်ဖိတ်နိုင်အောင် တိုက်တွန်းပေးခဲ့ရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနေ်ာမြင်တယ်လေ။”

ဒါ့အပြင် NLD အစိုးရလက်ထက်မှာ ဥရောပနိုင်ငံတချို့မှာ စစ်သံရုံးတွေ ပြန်လည်ဖွင့်လှစ်လာနိုင်တာလို သံရေးတမန်ရေး ဆက်ဆံမှုတွေ ပိုပြီး ခိုင်မာအားကောင်းလာနိုင်သလို သူဆက်ပြီးတော့ သွားမယ့်နိုင်ငံတွေဖြစ်တဲ့ အီတလီနဲ့ ဗြိတိန်ဘက်ကလည်း အထူးသဖြင့်ကတော့ စစ်ရေးနည်းပညာကူညီမှု၊ ပညာရေးနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ အထူးဆွေးနွေးနိုင်မယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ အီတလီကလည်း ဥရောပနိုင်ငံတွေနဲ့ အတူတူပါပဲလေ။ အီတလီကလည်း ဥရောပအဖွဲ့ဝင် နိုင်ငံတခုဖြစ်တယ်။ အီတလီမှာရှိတဲ့ Pope ရဟန်းမင်းကြီးကအစ ဒေါ်အောင်ဆန်းစုကြည်ကိုလက်ခံ ၊ တွေ့ဆုံတယ်ဆိုတော့ အီတလီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီကို ထောက်ခံတဲ့အသိုင်းအဝိုင်းတွေက အများကြီး။ အီတလီနဲ့ မြန်မာဆက်ဆံရေးကလည်း အင်မတန်ကောင်းမွန်အခြေအနေရှိပါတယ်။ ဒါက ပိုပြီးတော့ အီတလီနဲ့ မြန်မာစီးပွားရေးတွေ ၊ ဥရောပတိုက်မှာဆိုရင် အီတလီတို့ ၊ ဂျာမနီတို့က ပညာရေးနဲ့ ပတ်သက်လို့ရှိရင် သိပ္ပံပညာ၊ ဆောင်လုပ်ရေးနဲ့ ပတ်သက်ရင် ကောင်းတဲ့အခြေအနေရှိတယ်။ မြန်မာပြည် အတွက်က ပံ့ပိုးပေးနိုင် တဲ့အခြေအနေရှိတယ်လို့ ကျနေ်ာမြင်တယ်လေ။ အင်္ဂလန်ခရီးစဉ်က အင်မတန်အလားအလာကောင်းပါတယ်၊ ဘာပဲပြောပြော ပါလီမန်ကရော ဝန်ကြီးချုပ်တွေကရော အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်က Very Welcome ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူပြောနိုင်ရင်တော့ ပညာတော်သင်တွေကို အင်္ဂလန်အနေနဲ့က အများကြီးပေးနိုင်တယ်။”

ဥရောပနိုင်ငံခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအပေါ် တစိုက်မတ်မတ်ထောက်ခံခဲ့သူတွေဖြစ်တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဥရောပခရီးစဉ်ဟာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီး ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေနဲ့အတူ အလားအလာကောင်းတွေ ပွင့်လန်းလာမယ်လို့ မျှော်လင့်မိကြောင်း လန်ဒန်မြို့က မြန်မာသံတမန်ဟောင်းတဦးဖြစ်တဲ့ ဦးခင်မောင်ကြည်က အခုလိုသုံးသပ်ပါတယ်။

“ဥရောပအဖွဲ့တွေက ဥရောပသမဂ္ဂကအစ အင်္ဂလန်အပါအဝင် အကုန်လုံးနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို အစကတည်းကပဲ လိုလိုလားလားနဲ့ သူတို့က လက်ခံပံ့ပိုးနေတယ်၊ ကမ္ဘာ့ခေါင်းဆောင်တယောက်အနေနဲ့ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဒီဘက်ကို လာနိုင်တယ်သွားနိုင်တယ်ဆိုတာက ဒီမိုကရေစီရဲ့ အကျိုးအမြတ်တွေပဲလေ။ ဒီမိုကရေစီမရှိတဲ့အချိန်တုန်းကဆိုရင် သပိတ်မှောက်တာတွေရှိတယ်၊ စစ်သံရုံးတွေပိတ်တာတွေရှိတယ်၊ ဘာမှလုပ်လို့ကိုင်လို့မရဘူး။ အခုတော့ စစ်သံရုံးတွေပြန်ဖွင့်တယ် ဥရောပမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်တက်လာတဲ့ အကျိုးအမြတ်တွေလို့ ကျနော်မြင်တယ်။ ဒါက အင်မတန်ကောင်းတဲ့အလားအလာတွေပါ။”

မနေ့ တနင်္ဂနွေနေ့က ဥရောပသုံးနိုင်ငံခရီးစဉ် စတင်ထွက်ခွာလာခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ကို ဆိုက်ရောက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းတာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးကျော်တင်နဲ့ တာဝန်ရှိသူတွေလည်း ဒီဥရောပခရီးစဉ်မှာ အတူလိုက်ပါသွားကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG