သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အရေးတက်ကြွသူ ကနေဒါအမတ်နဲ့ တွေ့မည်


မှတ်တမ်းဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး John Baird တို့ ၂၀၁၂ ခုနှစ်က တွေ့ဆုံမှု။ မတ်လ ၈ ရက် ၂၀၁၂။
မှတ်တမ်းဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး John Baird တို့ ၂၀၁၂ ခုနှစ်က တွေ့ဆုံမှု။ မတ်လ ၈ ရက် ၂၀၁၂။

ဇွန်လ ပထမပတ်မှာ လျာထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး အကြိမ် ကနေဒါနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတွင်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ ကနေဒါ လွှတ်တော်အမတ်များ အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိကြောင်း ကနေဒါ လွှတ်တော် မြန်မာမိတ်ဆွေများ အဖွဲ့ ဥက္ကဌ ရုံးက ဗွီအိုအေကို ပြောပါတယ်။

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူထားမှုတွေ အတော်များများကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကနေဒါ အစိုးရက ရုပ်သိမ်းခဲ့ပေမယ့် လက်နက်ရောင်းဝယ်ရေး အပါအဝင် လူပုဂ္ဂိုလ် တဦးချင်းစီနဲ့ ကုမ္ပဏီ တချို့ကိုတော့ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာဖို့ ရှိနေတဲ့ ကနေဒါ ခရီးစဉ်အတွင်း ကနေဒါ လွှတ်တော်ကို လာရောက် ဆွေးနွေးဖို့ ရှိကြောင်းနဲ့ လွှတ်တော် ပြင်ပမှာ ကနေဒါ လွှတ်တော် မြန်မာ မိတ်ဆွေများ အဖွဲ့ လက်ရှိ ဥက္ကဌ လွှတ်တော်အမတ် Bruce Stanton နဲ့ သီးသန့် အလွတ်သဘော တွေ့ဆုံဖို့ ရှိကြောင်း Bruce Stanton ရုံးရဲ့ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

“ Mr. Stanton နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ပြင်ပမှာ သီးသန့် အလွတ်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ”

Parliamentary Friends of Burma (PFOB) ခေါ်တဲ့ ကနေဒါ လွှတ်တော် မြန်မာမိတ်ဆွေများ အဖွဲ့ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာ့ ဒီမိုကရေစီရေးကို စိတ်ဝင်စားတဲ့ ကနေဒါ လွှတ်တော်အမတ်ပေါင်း (၂၅) ဦးနဲ့ စတင်ဖွဲစည်းခဲ့တာပါ။ အထူးသဖြင့် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အပြီးမြန်မာ နအဖ စစ်အစိုးရ အပေါ် ကနေဒါ နိုင်ငံက စီးပွားရေး အရ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူဖို့ PFOB အဖွဲ့က ဦးဆောင် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား တပိုင်း အစိုးရ တက်လာပြီးနောက် ကနေဒါ အစိုးရဘက်က စီးပွားရေး ပိတ်ဆို့မှု အတော်များများကို ဖြေလေ ျှာ့ပေးခဲ့ ပေမယ့် လက်နက်ရောင်းဝယ်ရေး အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်း တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ ခရိုနီ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖို့ လျာထားတဲ့ ကနေဒါ ခရီးစဉ်အတွင်း စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ကနေဒါ အစိုးရနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ မျှော်လင့်ကြောင်း ကနေဒါ နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားနေသူ ကိုစည်သူက ပြောပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း သူက တိုင်းပြည်နဲ့ ပြည်သူ အတွက်ပဲ ကြည့်တယ်။ သူက Personalize (ပုဂ္ဂိုလ်ရေး)မကြည့်ဘူး။ ဆိုတော့ ဘာပဲ ပြောပြော ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် ပိတ်ဆို့ တာမြစ်ထားတဲ့ အရာတွေ အားလုံး ဖြည်ပေးဖို့ ကျနော် မျှော်လင့်ရ သလောက်တော့ ဒေါ်စုက တောင်းဆိုမယ်။

ဒါပေမယ့် ဒီဘက်အစိုးရ အနေနဲ့ ကြတော့လည်း သူတို့ရဲ့ ဥပဒေအရ ဒီလိုမျိုး တချို့ စစ်အာဏာရှင်တွေ ခရိုနီတွေရဲ့လုပ်ရပ်တွေ အပါအဝင် တချို့ငွေဖြူငွေမည်း တွေကို သူတို့တိုင်းပြည်ထဲ ဝင်လာပြီးတော့ လျှော်ဖွတ်ဖို့ မဖြစ်လာအောင် ဆိုပြီးတော့ တားဆီးပိတ်ဆို့ ထားတဲ့ ဥပဒေတွေ ရှိတဲ့အတွက်ကြောင့် မို့လို့ ရာနှုန်းပြည့် လုံးလုံးလျားလျားကြီးတော့ ကနေဒါ အစိုးရက လျှော့ပေးမယ်လို့တော့ မထင်မိဘူး ခင်ဗျ။ ”

၂၀၁၅ ခုနှစ် မတ်လမှာ ကနေဒါ အစိုးရဟာ မြန်မာနိုင်ငံကို သွင်းကုန် ဦးစားပေး လျော့ပေါ့မှု အစီအစဉ်နဲ့ အဆင်းရဲဆုံး နိုင်ငံ သွင်းကုန်အဆင့် အဖြစ် ပြန်လည် သတ်မှတ်ပေးခဲ့တဲ့ အတွက် ကနေဒါရောက် မြန်မာ့ သွင်းကုန်တွေရဲ့အခွန်ဟာ အထူးလေ ျှာ့ပေါ့ခွင့် ရမှာ ဖြစ်ပါတယ်။

ကနေဒါ အစိုးရရဲ့ဖိတ်ကြားချက်နဲ့ ဇွန်လ (၅) ရက်နေ့မှာ လာရောက်ဖို့ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့တော့ နိုင်ငံတော် အတိုင်ပင်ခံရုံးက အခုချိန်ထိ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

မေလ (၉) ရက်နေ့ မှာတော့ တိုရန်တိုမြို့မှာ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ ရှိကြောင်း စီစဉ်သူတွေက ပြောပါတယ်။

ကနေဒါ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ် မေလမှာ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ခဲ့ပါတယ်။ နာမည်ကျော် တိုရန်တို တက္ကသိုလ် ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၃ ခုနှစ်မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်ခဲ့သလို ၂၀၁၁ ခုနှစ်က အော်တဝါမြို့မှာ ရှိတဲ့ ကာလီတန် တက္ကသိုလ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG