သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အော်တဝါမြို့ကို ခရီးဆက်


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါ ခရီးစဉ် စတင်။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါ ခရီးစဉ် စတင်။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး

ကနေဒါနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကနေဒါ ဝန်ကြီးချုပ်၊ နောက် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ ဒီကနေ့ မြို့တော် အော့တဝါကို ခရီးဆက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေဒါ နိုင်ငံ ခရီးစဉ် အတွင်း တိုင်းရင်း ဒေသတွေက စစ်ရေး ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖိအားပေး ပြောဆိုဖို့ ကနေဒါ အစိုးရကို ကနေဒါရောက် ကရင် လူမှု အသိုင်းအဝိုင်းက တိုက်တွန်းပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ခိုလှုံနေရတဲ့ ကရင် ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ အချိန်မတန်သေးတဲ့ အကြောင်းနဲ့ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည် ပေါင်းစည်းနိုင်ရေး ဒေါ်အောင်ဆန်းစုကြည်က ကူညီပေးစေ လိုတယ်လို့လည်း ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကနေဒါ နိုင်ငံ မြို့တော် အော့တဝါကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပြီး မနက်ဖြန်မှာတော့ ကနေဒါ ဝန်ကြီးချုပ်၊ နောက် လွှတ်တော် အမတ်တွေ အပါအဝင် အစိုးရပိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ အချိန်မှာ ကနေဒါ အစိုးရ နောက် လွှတ်တော် အမတ်တွေ အနေနဲ့ လူနည်းစု တိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တိုက်တွန်းပြောဆိုဖို့ ကနေဒါရောက် ကရင်လူမှု အသိုင်းအဝိုင်းက တိုက်တွန်းပါတယ်။ ကနေဒါရောက် ကရင် လူမှု အသိုင်းအဝိုင်းရဲ့ ဒုတိယ ဥက္ကဌ စောဦးကွယ်က ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆောင်ရွက်ပေးစေလိုတယ်လို့ အခုလို ပြောပါတယ်။

“ဒုက္ခသည် ကိစ္စကတော့ အလေးထားရမယ်။ အခု ကရင်ပြည်မှာ ဆိုရင် TBC ဖြစ်ဖြစ်၊ UNHCR ဖြစ်ဖြစ် သူတို့ ပြောတာက နောက်ဆို ရိက္ခာ မရှိတော့ဘူး။ ဒုက္ခသည်တွေ ပြန်ပို့မယ့် အစီအစဉ် ရှိတယ်။ အခု အချိန်က ဒုက္ခသည်တွေကို ပြန်မပို့သေးပါနဲ့။ အခြေအနေ မကောင်းသေးပါဘူး။ ကရင်ပြည်မှာဆို ဗုံးတွေ ဘာတွေ လည်း ရှိသေးတယ်။ စစ်တပ်လည်း ပြန်မဆုတ်သေးဘူး။ နောက်ပြီးလည်း ပြည်သူ လူထုတွေက ဒုက္ခသည် စခန်းတွေမှာ လာနေတာ နှစ် ၂၀ - ၃၀ ရှိနေပြီ။ ဗြုန်းကနဲ ပြန်လည်း သူတို့ ဘာမှ လုပ်စားမတတ်ဘူး။ ”

ဒုက္ခသည်တွေ နေရပ်ရင်းကို လုံခြုံဘေးကင်းစွာ ပြန်နိုင်ရေး အတွက် အာမခံချက်၊ ကရင် ပြည်နယ်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ လူပေါင်း ၆ သိန်း အတွက် စားနပ်ရိက္ခာ အပါအဝင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေကို ထောက်ပံ့ပေးမယ့် အခြေအနေတွေကို ကနေဒါ အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းထုတ်ဖို့လည်း တိုက်တွန်းထားတာပါ။ ဒါ့အပြင် တတိယ နိုင်ငံတွေမှာ အခြေချတဲ့ ဒုက္ခသည်တွေကြား မိသားစုတွေ တကွဲတပြား ဖြစ်နေတာတွေကို ပြန်လည် စုံစည်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကူညီပေးနိုင်ဖို့လည်း မျှော်လင့်တယ်လို့ ကရင် လူမှု အသိုင်းအဝိုင်းရဲ့ ဒုတိယ ဥက္ကဌ စောဦးကွယ်က ပြောပါတယ်။

“ တချို့မိသားစု တကွဲတပြားတွေ ရှိသေးတယ်။ အဲဒီ ကိစ္စတွေကို နည်းနည်း ကူညီပေးပါ။ ကနေဒါ အစိုးရကိုလည်း ပြောပေးပါ။ ပြီးတော့ ထိုင်းအစိုးရကိုလည်း ပြောပေးစေချင်တယ်။ ကျနော်တို့ မြန်မာပြည်သားတွေက ဒီကိစ္စတွေ ခံစားရတာ ကြာနေပြီ။ ဒေါ်အောင်ဆန်းစုကြည်လည်း တချို့လည်း သိမယ်၊ တချို့လည်း မသိဘူး။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ ပေးတဲ့စာကို ဖတ်ပြီးတော့ ကောင်းကောင်းမွန်မွန် စဉ်းစားပေးပါလို့ အဲလိုဘဲ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို။ ”

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းမယ့် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာမယ့် လုပ်ငန်းစဉ် အပေါ် မြန်မာ အစိုးရက ပူးပေါင်းဆောင်ရွက်မှု၊ နောက် မြန်မာနိုင်ငံတွင်းက ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ အပေါ် မြန်မာ စစ်တပ်ရဲ့ ထိုးစစ်တွေကို အစိုးရက ရေငုံနှုတ်ပိတ် နေရတဲ့ အကြောင်းရင်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုဖု့ိဆိုပြီး ကနေဒါရောက် ကရင် လူမှု အသိုင်းအဝိုင်းက ကြေညာချက်ထုတ်ပြီး တောင်းဆိုတာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကနေဒါ ခရီးစဉ် အတွင်း ကနေဒါ အစိုးရဘက်က ဖိအားပေးမယ့် အခြေအနေ ရှိနိုင်လားဆိုတာကိုတော့ အော်တဝါ မြန်မာ အသိုင်းအဝိုင်းက ကိုအောင်ခိုင်မြင့်က အခုလို ရှုမြင်ပါတယ်။

“ ကနေဒါ အစိုးရ အနေနဲ့ ဖိအားပေးရေးထက် စာရင် သူတို့ အနေနဲ့က မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နဂိုကတည်းက သူတို့က ကူညီပံ့ပိုးမှုတွေ ရှိတယ်။ အနာဂတ်မှာလည်း မြန်မာ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု အတွက်ကို အကူအညီတွေ ပေးသွားမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကနေဒါ နိုင်ငံက အခိုင်အမာ ရပ်တည် ဆောင်ရွက်နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံတွင်းက လူနည်းစု တိုင်းရင်းသားတွေ၊ လူနည်းစု ဘာသာဝင်တွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို အထူးအလေးထားပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကနေဒါဘက်က ဆက်ပြီး ထောက်ခံဆောင်ရွက်သွားမယ်လို့ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အကြို ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG