သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါ ဝန်ကြီးချုပ် တွေ့ဆုံမည်


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါ နိုင်ငံ အော့တဝါ လေဆိပ်ကို ဆိုက်ရောက်လာစဉ် ကြိုဆိုသူတွေနဲ့ အတူ။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါ နိုင်ငံ အော့တဝါ လေဆိပ်ကို ဆိုက်ရောက်လာစဉ် ကြိုဆိုသူတွေနဲ့ အတူ။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး။

ကနေဒါ နိုင်ငံ အော်တဝါ မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇွန်လ ၇ ရက်နေ့မှာ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော်တဝါမှာ နေထိုင်ကြတဲ့ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံဖို့လည်း အစီအစဉ် ရှိပါတယ်။ အင်္ဂါနေ့တုန်းကတော့ မြန်မာသံရုံး မိသားစုတွေနဲ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါမယ်။

ကနေဒါ နိုင်ငံကို ဇွန်လ ၅ ရက်နေ့ကနေ ၉ ရက်နေ့ထိ ခရီးစဉ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုရွန်တိုမြို့ကနေ အော်တဝါမြို့တော်ကို အင်္ဂါနေ့က ရောက်ရှိခဲ့ပါတယ်။

နေ့လည်ပိုင်းမှာ မြန်မာ သံအမတ်ကြီး နေအိမ်မှာ သံရုံးမိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီးတော့ မြန်မာသံရုံး အနေနဲ့ မြန်မာ ကနေဒါ ချစ်ကြည်ရေး ပိုမို တိုးတက် ခိုင်မာစေမယ့် နည်းလမ်းတွေ ရှာဖွေ ဆောင်ရွက်ရေး၊ ကနေဒါရောက် မြန်မာပြည်သူတွေရဲ့ အကျိုးကို ကာကွယ် စောင့်ရှောက်သွားရေးနဲ့ သံရုံးမိသားစုတွေရဲ့ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တယ်လို့ နိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ အပြင် ဒေသတွင်း လုံခြုံရေး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေကို အားပေး မြှင့်တင်ဖို့ အရေးကြီးတဲ့အကြောင်းတွေ ဆွေးနွေးမယ်လို့ ဝန်ကြီးချုပ် ရုံးက သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။အင်္ဂါနေ့ မနက်တုန်းက သူ့ကို အော်တဝါ လေဆိပ်မှာ စောင့်ကြိုနေသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် နုတ်ဆက်စကား ပြောဆိုခဲ့တယ်လို့ မြို့ခံ ကိုအောင်မြင့်ကျော် ဗွီအိုအေကို ပြောပြပါတယ်။

“ အမေစုကို ကြိုဆိုတဲ့အချိန်မှာ အမေစုနဲ့ လူ ၂၀ နဲ့က အေးအေးဆေးဆေး လက်ဆွဲနုတ်ဆက်ခွင့်ရတယ်။ စကားပြောခွင့် ရပြီးတော့ ကောင်းကောင်းမွန်မွန် ကြိုဆိုခွင့် ရခဲ့တဲ့ အခွင့်အရေးကိုတော့ အားရ ကျေနပ်မိပါတယ် ခင်ဗျ။ ”

မစုမြတ်မွန် ။ ။ ဆိုတော့ တယောက်ချင်းစီ စကားပြောခွင့် ရတယ်ဆိုတော့ ဘာတွေ ပြောကြလဲ။ ဒေါ်အောင်ဆန်းစုကြည်က ရော ဘာတွေ ပြောသွားတာ ကြားရပါလဲ။

ကိုအောင်မြင့်ကျော် ။ ။ ကျနော်တို့က အစကတည်းက အမေစု ဘက်ကလည်း နားလည်မှုနဲ့ ကျနော်တို့ အချင်းချင်းလည်း အစကတည်းက နားလည်မှု ယူထားကြတယ် ခင်ဗျ။ တယောက်နဲ့ တယောက် စကား အများကြီး သိပ်ပြီး အခွင့်အရေး မယူကြဘူးလို့ ကျနော်တို့ ညှိထားကြတယ်။ ဥပမာ ဆိုကြပါစို့ ကျနော်က ABSDF က လာတာပါ။ ကျနော် ဒီမှာရောက်တာ ဘယ်နှနှစ် ရှိပါပြီ။ အမေစုကို တွေ့ချင်တာ။ အခု တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျ။ အမေစု ကျန်းမာပါစေ။ အဲလောက်ကလေးဘဲ နုတ်ဆက်သွားကြတယ် ခင်ဗျ။ ပြီးမှ ကျနော်တို့က အမေစုနဲ့ သီးသန့်တွေ့ဆုံ စကားပြောဖို့ရာ အတွက် စာကလေးကို အမေစု လက်ထဲကို ထည့်ပေးလိုက်ပါတယ် ခင်ဗျ။

အဲဒီ စာက ကျနော်တို့ ကနေဒါ နိုင်ငံ အော့တဝါမှာ ရှိတဲ့ မြန်မာ မိသားစုများက အမေစုနဲ့ တွေ့ချင်တဲ့ အာသီသ ရှိပါတယ်။ သို့သော် အမေစုရဲ့ ခွင့်ပြုချက် ရမှသာ ကျနော်တို့ တွေ့ခွင့်ရှိတဲ့ အတွက် ခွင့်ပြုချက်ကို ကျနော်တို့ မေ ျှာ်လင့်ပါတယ်။ အဲဒါကြောင့် အမေစုရဲ့ ခွင်ပြုချက်ကို ရတဲ့ အချိန်မှာ ကျနော်တို့ ဝမ်းပန်းတသာ အမေစုနဲ့ တွေ့ပါမယ်လို့ ကျနော်တို့ စာရေး ကြတယ်ခင်ဗျ။

သူတို့ရဲ့ တောင်းဆိုချက် အရ မြန်မာနိုင်ငံက တိုင်းရင်းသားမိသားစုတွေ ဒီမိုကရေစီရေး လှုပ်ရှားသူ မိသားစုတွေနဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီမှာ တွေ့ဆုံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ကိုအောင်မြင့်ကျော် ။ ။ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ အမေစုက တွေ့ခွင့်ရမယ်လို့ အကြောင်းကြားထားပါတယ် ခင်ဗျ။ အမေစုကို ကြိုတဲ့ အခါ ကျနော်တို့က နည်းလမ်း နှစ်ခု လုပ်ထားတယ် ခင်ဗျ။ လေယာဉ်ကွင်းမှာလည်း တချို့က သွားပြီးတော့ ကြိုဆိုကြတယ်။ နောက်ပြီးတော့ အမေစု တည်းခိုနေတဲ့ ဟိုတယ်မှာလည်း နောက်ထပ် တစုက သွားကြိုကြတယ်။

ကျနော်တို့ ဆိုလို့ ရှိရင် လေယာဉ်ကွင်းမှာရော ဟိုတယ်မှာရော ကျနော်တို့က အပြေးအလွှား သွားပြီး ကြိုဆိုကြတယ်။ လေယာဉ်ကွင်းမှာလည်း ကျနော်တို့ အော်တဝါ မြန်မာ ကွန်မြူနတီကနေပြီးတော့ တွေ့ခွင့် ရဖို့ အတွက် စာပေးတယ်။ ဟိုတယ်မှာလည်းဘဲ ကျနော်တို့က တွေ့ခွင့်ရဖို့ အတွက် စကားလည်း ပြောတယ်။ စာလည်း ပေးတယ်။ အဲဒီမှာဘဲ ကျနော်တို့က အမေစုရဲ့အဖြေကို ရတယ်။

အမေစုက အဲဒီ ချက်ချင်းဘဲ ကျနော်တို့ကို ကူညီနေတဲ့ အဖွဲ့အစည်းတွေ ကနေ တဆင့် ချက်ချင်းဘဲ အကြောင်းပြန်လိုက်ပါတယ်။ ဟိုတယ်မှာဘဲ အကြောင်းပြန်လိုက်ပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့ညနေ ၅ နာရီမှာ အားလုံး တွေ့ခွင့် ရစေရမယ်လို့ အကြောင်းပြန်တယ် ခင်ဗျ။

မစုမြတ်မွန် ။ ။ အဲတော့ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီမှာ တွေ့မယ်ဆိုတော့ ဘယ်မှာ တွေ့မှာပါလဲ။ ဘယ်နှယောက်လောက် တွေ့ခွင့် ရပါလဲရှင့်။

ကိုအောင်မြင့်ကျော် ။ ။ တွေ့ခွင့်ကို လူဦးရေ ကန့်သတ်မထားဘူး ခင်ဗျ။ အဲဒီ လူစာရင်းပဲ ပေးထားပါတယ်။ ပထမပိုင်းကတော့ အမေစုတည်းတဲ့ ဟိုတယ်မှာပဲ တွေ့ခွင့်ရဖို့ အခြေနေရှိတယ်ခင်ဗျ။ ခုချိန်အထိ လူစာရင်းတွေက လူဦးရေစာရင်းတွေက အမေစုနဲ့တွေ့ချင်လို့ စာရင်းတွေ ပေးနေတာ ဆိုတော့ လူဦးရေက များမယ်ထင်တယ်ဗျ။ များလို့ရှိရင် တခြားတနေရာမှာ ပါလီမန်ထဲမှာ တွေ့ဖို့ရာ ဖြစ်ဖို့များတယ်။ နေရာ အတိအကျ မသိရသေးဘူးဗျ။ လူဦးရေ အပေါ်မှာ မူတည်ပြီးတော့ သူက နေရာ စီစဉ်ပေးမယ်။ လုံခြုံရေးတွေ အကုန်လုံးကလည်း ကနေဒါအစိုးရက နေပြီးတော့မှ တာဝန်ယူ ပြီးလုပ်ပေးသွားမယ်။ ကျနော်တို့က လူဦးရေစာရင်း အတိအကျရပြီ ဆိုလို့ရှိရင် သူတို့ဆီကို အကြောင်းပြန်လို့ရှိရင် သူတို့က လူဦးရေပမာဏနဲ့ ပတ်သက်ပြီး ဘယ်နေရာမှာ သင့်တော်မယ်ဆိုတာမျိုးကို သူတို့ စီစဉ်ပေးမှာပါ။

မစုမြတ်မွန် ။ ။ အဲဒီ အော်တိုဝါမြို့မှာ မြန်မာလူမျိုးပေါ့နော် မြန်မာနိုင်ငံကနေ ရောက်လာနေတဲ့လူတွေ ဘယ်လောက်လောက် ရှိပါသလဲရှင့်။

ကိုအောင်မြင့်ကျော် ။ ။ ခန့်မှန်းခြေကတော့ ခြောက်ရာနဲ့ ရှစ်ရာ ကြားးမှာရှိမယ်ထင်တယ်။ ကရင်တို့ ချင်းတို့ ဘာတို့ အပါဝင်ပေါ့ဗျာ။ များသောအားဖြင့် ကရင်မိသားစုက တော်တော်များတယ်ခင်ဗျ လေးရာပတ်ဝန်းကျင်လောက်ရှိမယ်။

ခုလိုမြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲအပြင် အော်တိုဝါမြို့တော်မှာ ဝန်ကြီးချုပ် ထရူဒိုး ဘုရင်ခံချုပ် ဒေးဗစ်ဂျွန်စတင်း ကနေဒါအစိုးရ တာဝန်ရှိသူတွေ လွှတ်တော်အမတ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုတွေအတွင်းမှာ လူနည်းစု တိုင်းရင်းသားတွေမှာ လူ့အခွင့်အရေးချိုးဖေါက်ခံနေရတဲ့ ကိစ္စတွေ၊ ဆက်ပြီးရှိနေတဲ့ တိုက်ပွဲတွေကိစ္စကို ဆွေးနွေးသွားဖို့ ကနေဒါအစိုးရနဲ့ လွှတ်တော်အမတ်တွေကို ကနေဒါရောက် ကရင်လူမှုအသိုင်းအဝိုင်းကတိုက်တွန်း နေပါတယ်။ ကရင်လူမှုအသိုင်းဝိုင်းရဲ့ ဒုတိယဥက္ကဌ စောဦးကွယ် က ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်ကဆောင်ရွက်ပေးစေချင်တာကို VOA ကို အခုလို ပြောပါတယ်။

“ ဒုက္ခသည်ကိစ္စကတော့ အလေးထားရမယ်၊ ကရင်ပြည်မှာဆိုရင် TBC ဖြစ်ဖြစ် UNHCR ဖြစ်ဖြစ် သူတို့ပြောတာက ခုလောက်ဆို ရိက္ခာမရှိတော့ဘူး ဒုက္ခသည်ပြန်ပို့မယ် အစီအစဉ်ရှိတယ် အချိန်မှာ ဒုက္ခသည်တွေကို ပြန်မပို့သေးပါနဲ့ အခြေနေမကောင်းသေးပါဘူး ကရင်ပြည်နယ်မှာဆိုရင် ဗုံးတွေဘာတွေ လည်းရှိသေးတယ် စစ်တပ် လည်းပြန်မဆုတ်သေးဘူး ပြီးတော့ ပြည်သူလူထုတွေလည်း ဒုက္ခသည်စခန်းမှာလာ နေတာ နှစ် ၂၀ - ၃၀ ရှိနေပြီး ဗြုံန်းကနည်းပြန်လည်း သူတို့ ဘာမှ ပြန်လုပ်မစားတတ်ဘူး။ ”

ကနေဒါကို ပထမဆုံးအကြိမ်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျွန်လ ၈ ရက်နေ့ကြရင်တော့ ကနေဒါ မြန်မာ ချစ်ကြည်ရေးအဖွဲ့ဝင်လွှတ်တော်အမတ်တွေနဲ့လည်း တွေ့ဆုံ ညစာစားဖို့ရှိပါတယ်။ ဂျွန်လ ၉ ရက်နေ့ကြရင်တော့ တိုရွန်တိုမြို့ကိုပြန်သွားပြီးတော့ အဲဒီက မြန်မာမိသားစုတွေကို တွေ့ဆုံမှာ ဖြစ်ပါတယ်။ တိုရွန်တိုမြို့တော်ခန်းမထဲကလူ နှစ်ရာလောက်ဆန့်တဲ့ ကောင်ဆယ်ချိန်ဘာမှာ လုပ်တဲ့ တွေ့ဆုံပွဲကတော့ သံရုံးကနေ ဖိတ်ကြားထားသူတွေသာ တက်ခွင့်ရမယ့်ပွဲဖြစ်ပါတယ်။ ကနေဒါနိုင်ငံခရီးစဉ် ပြီးဆုံးရင်တော့ နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG