သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်


မြန်မာ့ ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကို ရည်စူးပြီး ဒေါ်ခင်ကြည် Foundation ကို ဒီကနေ့ စတင် တည်ထောင်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကော့မှုးမြို့နယ်အတွင်းက ကျေးရွာတွေကိုသွားပြီး ဖောင်ဒေးရှင်းကိုယ်စား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အသုံးချနိုင်ဖို့ ငွေလှုမှာဖြစ်ပါတယ်။ ဘယ်လို အလှုမျိုးတွေ ပြုလုပ်ဖို့ စီစဉ်ထားသလဲ ဆိုတာကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ ဧပြီလ ၁၆ ရက်နေ့ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီဖောင်ဒေးရှင်းကို စတင် ဖွဲ့စည်းလိုက်တာပါ။ ဒီဖောင်ဒေးရှင်းရဲ့ ပထမဆုံး ခြေလှမ်းအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မဲဆန္ဒနယ်မြေ ကော့မှုးမြို့နယ်အတွင်းက ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အင်္ဂါနေ့ နှစ်ဆန်းတရက်နေ့မှာ ငွေသွားလှုမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။

“ဒီနေ့မှာ ဒေါ်ခင်ကြည်အတွက် ဖောင်ဒေးရှင်းတခု ထူထောင်တယ်။ ထူထောင်တော့ - အဲဒီ ထူထောင်မယ် ဆိုတဲ့ဟာကို ကြားကတည်းက ပါဝင် လှုဒါန်းချင်ကြတဲ့သူတွေ လှုထားတဲ့ ပိုက်ဆံတွေ ရှိတယ်။ အဲဒါနဲ့ သွားပြီးတော့ မနက်ဖြန် မနက်ကျလို့ရှိရင် ကော့မှုးမှာရှိတဲ့ ရွာတွေကို ဖွံ့ဖြိုးရေး ရံပုံငွေ မဲဖောက်ပေးမှာ။”

ကော့မှုးမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေကို ပထမဆုကနေ တတိယဆုအထိ မဲဖောက်ပေးမှာဖြစ်ပါတယ်။

“မဲဖောက်ပေးမှာက အဲဒီမှာ ကျေးရွာအုပ်စု ၆၂ အုပ်စု ရှိတယ်။ အဲဒီ ၆၂ အုပ်စုလုံးကို ပထမ၊ ဒုတိယ၊ တတိယ မဲဖောက်ပေးမယ်။ ပထမဆုက ၁၇၅ သိန်း၊ ဒုတိယဆုက ၇၅ သိန်း၊ တတိယဆုက သိန်း ၅၀၊ အဲဒါ မဲဖောက်ပေးမယ်။”

မဲပေါက်တဲ့ ကျေးရွာတွေအနေနဲ့ ရရှိတဲ့ ဆုငွေကို အများပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်တွေအတွက် မိမိဖာသာ ဆုံးဖြတ်ပြီး သုံးစွဲနိုင်တယ်လို့လည်း ဦးခွန်သာမြင့်က ရှင်းပြပါတယ်။

“မဲဖောက်ပေးပြီးတဲ့ အခါကျတော့ ကျေးရွာအုပ်စု တစုက ပေါက်သွားတယ် ဆိုပါတော့။ အဲဒီမှာ ကျေးရွာ အုပ်မှာပါတဲ့ ကျေးရွာတွေ ရှိတယ်။ အဲဒီ ကျေးရွာ အုပ်စုထဲမှာပါတဲ့ ရွာတွေကို မဲပြန်နှိုက်မယ်။ မဲပြန်နှိုက်ပြီး ရတဲ့ရွာက အဲဒီ ပထမဆုဆို ပထမဆုပေါ့။ အဲဒီ ပိုက်ဆံရမယ်ပေါ့။ ရတဲ့ဟာကို သူဘာသုံးမလဲဆိုတာ ရွာသူ ရွာသားတွေကိုယ်တိုင်က ဆုံးဖြတ်ရမယ်။ မီးအတွက်လား၊ ရေအတွက်လား၊ တံတားအတွက်လား၊ လမ်းအတွက်လား၊ ကျောင်းအတွက်လားဆိုတာ ဆုံးဖြတ်ရမယ်။ ဆုံးဖြတ်ပြီး သူတို့စိတ်ကြိုက် သုံးခွင့်ရှိမယ်။”

မြန်မာနိုင်ငံရဲ့ လွှတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည်ဟာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ဧရာဝတီတိုင်း မြောင်းမြမြို့မှာ မွေးဖွားခဲ့တာပါ။ ဒေါ်ခင်ကြည်ကို မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး သံအမတ်တဦးအဖြစ် အိန္ဒိယနဲ့ နီပေါလ် နိုင်ငံတွေအတွက် ၁၉၆၀ ခုနှစ်မှာ ပူးတွဲ တာဝန် ပေးအပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်သွားပြီးတဲ့နောက် သံအမတ်တာဝန်အပြင် လွှတ်တော်အမတ်၊ မြန်မာ အမျိုးသမီးများအသင်း ဥက္ကဌ တာဝန်နဲ့ တခြား လူမှုရေးလုပ်ငန်းတွေ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့အတွက် အဲဒီစွမ်းဆောင်မှုတွေကို နိုင်ငံတော် အစိုးရက အသိအမှတ် ပြုတဲ့အနေနဲ့ မဟာသီရိသုဓမ္မ ဘွဲ့ကိုလည်း ချီးမြင့်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

ဒေါ်ခင်ကြည်ဟာ လေဖြတ်တဲ့ဝေဒနာကို ဒုတိယအကြိမ် ခံစားရပြီးတဲ့နောက် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG