သုံးရလွယ်ကူစေသည့် Link များ

ငါးကင်ရောင်းရင်း စာကြည့်တိုက်ထူထောင်သူ ကိုဇော်ဇော် ကို ဒေါ်စု ချီးကျူးဂုဏ်ပြု


ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်
ရွေးချယ်ခံရသူ ကိုဇော်ဇော်
ဓါတ်ပုံ-မန္တလေးစာကြည့်တိုက် ဇော်ဇော်
ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ခံရသူ ကိုဇော်ဇော် ဓါတ်ပုံ-မန္တလေးစာကြည့်တိုက် ဇော်ဇော်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်၂၀၁၆ ခုနှစ် ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်တဲ့သူကတော့ အခမဲ့စာကြည့်တိုက်များ တည်ထောင်သူ မန္တလေးတိုင်း ကျောက်ပန်းတောင်းက ကိုဇော်ဇော်ဖြစ်ပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရွေးချယ်ဂုဏ်ပြုခံရတဲ့အပေါ် ရန်ကုန်မှာ ငါးကင်ရောင်းရင်း ရလာတဲ့ ချွေးနည်းစာနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း တိုင်းသုံးတိုင်းမှာ အခမဲ့စာကြည့်တိုက်တွေ တည်ထောင်နိုင်ခဲ့သူကိုဇော်ဇော်က မြန်မာနိုင်ငံတဝှမ်း စာကြည့်တိုက်တွေ အများကြီးတည်ထောင်နိုင်အောင် ဆက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရသစ် တက်လာစအချိန်ကစလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လစဉ်အလိုက် မြန်မာပြည်တဝှမ်း နိုင်ငံသားတွေရဲ့အကျိုး ကို ထူးထူးခြားခြား သယ်ပိုးဆောင်ရွက်နိုင်ခဲ့သူတွေကို ချီးကျူးဂုဏ်ပြုထိုက်သူတွေအဖြစ် ပြီးခဲ့တဲ့ မေလကစလို့အဖွဲ့နဲ့ လူပုဂ္ဂိုလ်တွေကို ရွေးချယ်ချီးမြင့်ခဲ့တာပါ။ ဒီလ ဇူလိုင်လအတွက် ရွေးချယ်ခံရသူကတော့ ငါးကင်ရောင်းရင်း အခမဲ့စာကြည့်တိုက် ထူထောင်သူ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကတောကျေးရွာအုပ်စု စည်သာကျေးရွာသားလူငယ်တဦးဖြစ်တဲ့ကိုသိန်းဇော်လို့ခေါ်တဲ့ ကိုဇော်ဇော်ဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်ချီးမြှောက်ခံရတဲ့အပေါ် သူ့အနေနဲ့ မျှော်လင့်မထားဘူးလို့ ကိုဇော်ဇော် က ဗွီအိုအေမြန်မာပိုင်း ကို အခုလိုသူ့ခံစားချက် ပြောပြပါတယ်။

“ဝမ်းတော့သာတာပေါ့ မျက်ရည်တောင်ကျမိတယ်လေ။ ဘယ်လိုမျက်ရည်ကျမိသလဲဆိုတော့ ကျနော်လေးစားရတဲ့ပုဂ္ဂိုလ်တယာက်က ကျနော်သိပ်ချစ်တဲ့ မေမေပေါ့လေ အဖိအနှိပ် အချုပ်အချယ်တွေခံပြီးတော့ တိုင်းပြည်အတွက် အနစ်နာခံခဲ့တဲ့ မေမေတယောက်ကနေပြီးတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဒီလိုအသိအမှတ်ပြုပေးတဲ့အတွက် ကျနော်ဟာ အကယ်ဒမီပေါင်းများစွာကို ရတဲ့မင်းသားကြီးထက်တောင် ပိုပျော်မိပါတယ်ခင်ဗျ။”

ကျောက်ပန်းတောင်းက ကိုဇော်ဇော်ဟာ အတန်းပညာအားဖြင့် လေးတန်းအထိပဲ ကျောင်းပညာသင်ကြားခွင့်ရခဲ့ပြီး ရန်ကုန်မြို့မှာ ကိုယ့်ဒူးကိုယ်ချွန် သမ္မာအာဇီဝငါးကင်ရောင်းရင်းနဲ့ စာအုပ်လေးတွေကို ကိုယ်တိုင် စက်ဘီးနင်းရင်း အခမဲ့ လိုက်လံဌားရမ်းခဲ့သူပါ။ နောက်မှာတော့ တနိုင်တပိုင် အခမဲ့စာကြည့်တိုက်လေးတွေ ဖွင့်နိုင်ဖို့ ကြိုးစားခဲ့တာကနေ အခုဆိုရင်တော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း တိုင်းသုံးတိုင်းမှာ မန္တလေးအခမဲ့စာကြည့်တိုက်ငါးတိုက်အထိ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပြီး စာအုပ်လိုအပ်တဲ့နေရာတွေကိုလည်း လက်လှမ်းမှီသလောက် ပို့ဆောင်လှူဒါန်းပေးနေသူပါ။ အခုလို သူ့အနေနဲ့ အခမဲ့စာကြည့်တိုက်လေးတွေ ပေါ်လာဖို့ စိတ်ကူးရခဲ့ပုံကိုလည်း အခုလိုရှင်းပြပါတယ်။

“အဓိကတော့ မခံချင်စိတ်နဲ့ခင်ဗျ။ ရန်ကုန်မြို့ကိုတက်ခဲ့တယ်။ ရန်ကုန်မြို့ကိုတက်ခဲ့တော့ ကျနော်စာကြည့်တိုက်ထဲတွေကို ဝင်တယ်။ မြန်မာပြည်အရပ်ရပ်က စာကြည့်တိုက်တွေ ၊ ရန်ကုန်မြို့က စာကြည့်တိုက်တွေက ကျနော်တို့ လမ်းဘေးဈေးသည် အညာသား တယောက်ကို ယုံကြည်မှု့အပြည့်နဲ့ စာအုပ်တွေကို မဌားဘူးပေါ့လေ။ Member ပေးရမယ်၊ မှတ်ပုံတင် ဝင်ရမယ်ဆိုပြီးတော့ ကျနော်တို့ကို ကန့်သတ်ချက်တွေက များနေခဲ့တယ်လေ။ အဲဒါကို ကျနော်က မခံချင်စိတ်နဲ့ပေါ့လေ။ ကျနော်လို စာငတ်တဲ့လူတွေ စာမဖတ်နိုင်မှာကို အရမ်းကြောက်တယ်လေ။ ကျနော်လို လေးတန်းအောင်တယောက်လောက်တောင် စာပေတွေဖတ်ခဲ့လို့ အသိပညာတွေရှိခဲ့ရင် မြန်မာပြည်မှာရှိတဲ့ ဘွဲ့ရပညာတက်တွေ ၊ သူများနိုင်ငံမှာလုပ်နေတဲ့ လူငယ်တွေ သာ စာပေကိုဖတ်လိုက်လို့ရှိရင် အသိပညာလည်းများစွာရှိမယ် ၊ တိုင်းပြည်လည်းတိုးတက်မယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်က စာအုပ်စာပေတွေကို မှတ်ပုံတင်မလိုဘူး ၊ Member မလိုဘူး အခမဲ့ဌားရမ်းပေးတာပါခင်ဗျ။”

ကိုဇော်ဇော်ကတော့ အခုလို နိုင်ငံတော်က ဂုဏ်ပြုတဲ့အပေါ် ခွန်အားယူပြီး သူ့အနေနဲ့ သူ့ကိုယ်ပိုင်ခွန်အားနဲ့ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စာဖတ်ခန်းတွေ စာကြည့်တိုက်လေးတွေ မြောက်မြားစွာပေါ်လာအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ဆက်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

“မြန်မာပြည်သူပြည်သားများကိုယ်စား၊ စာပေလောကသားများကိုယ်စား အရမ်းဝမ်းသာတယ်ပေါ့နော်။ ဘာကြောင့် ဝမ်းသာသလဲဆိုတော့ ကျနော်တို့မြန်မာပြည်မှာ စာကြည့်တိုက်တွေက အများကြီး နိမ့်ပါးနေတယ်လေ။ ပရဟိတ ကို ကျနော်က တယောက်တည်းလုပ်တာဆိုတော့ ကိုကိုယ်တိုင်ကလည်း အပေါင်းအသင်းကလည်း မရှိဘူး၊ မဆန့်ဘူးလေ။ မရှိတော့ ကိုယ်ဒူးကိုယ်ချွန် ပဲ တနေ့ကို ငါးကင်ရောင်းရတဲ့နေ့က ငွေထဲက ပိုက်ဆံ ၃၀၀၀ ချန်တယ်။ ချန်ပြီးသွားလို့ရှိရင် တလကို ၉ သောင်းကို အဟောင်းကို ငါးသောင်း ဖိုး အသစ်ကို ၄သောင်းဖိုးဝယ်တယ်။ အဲဒီလိုနဲ့ ကျနော့်စာကြည့်တိုက်ရပ်တည်တာပါခင်ဗျ။

မဆုမွန်။ ။ ကိုဇော်ဇော်ကို ဒီဆုပေးမယ်ဆိုတာရောသိလား၊ မေးတာမြန်းတာလည်းရှိလား ။ သိလိုက်တဲ့အချိန်မှာ ဘယ်လိုများ စိတ်ထဲခံစားမိပါသလဲ။

ကိုဇော်ဇော်။ ။ ဘယ်လိုများခံစားမိလဲဆိုတော့ ကျနော်တို့ ဘာမှ မသိဘူး ကျနော်က အခုပဲ ငါးကင်သွားရောင်းမလို့ အချိန်မှာ သိလိုက်လို့တာ… ဖုန်းဆက်လို့ သိတာလေ။”

စာအုပ်စာပေကို အများပြည်သူဖတ်ရှု့နိုင်အောင် မျှဝေရင်း ဘဝကို ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီး မျိုးဆက်သစ်လူငယ်တွေ စာပေလေ့လာဖတ်ရှု့နိုင်အောင် ကြိုးပမ်းတဲ့ အနေနဲ့ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ တတပ်တအားပါဝင်တဲ့လူငယ်တဦးအဖြစ်နဲ့ ကိုဇော်ဇော်ကို ချီးကျူးဂုဏ်ပြုခဲ့တာဖြစ်တယ် ကိုဇော်ဇော်လိုပဲ လူငယ်တွေ မိမိတို့လူ့အဖွဲ့အစည်းအတွက် ဝိုင်းဝန်းကူညီပေးကြပါဆိုတာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ကျေးဇူးတင်လွှာထဲ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ လ ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် မွေးရာပါ လက်နှစ်ဖက်စလုံးမပါရှိခဲ့ပဲ သူငယ်တန်းကနေ ဆယ်တန်းအထိ စာသင်သက် (၁၇)နှစ်ကြာအောင် ဇွဲလုံ့လအပြည့်နဲ့ တက္ကသိုလ်ဝင်တန်း ကို အောင်မြင်အောင်ဖြေဆိုနိုင်ခဲ့သူ မနော်ဒါးခူ ကို ရွေးချယ်ခဲ့ပါတယ်။

မေလအတွက်ကတော့ မိုးခေါင်ရေရှား အပူချိန်မြင့်မားပြီး သောက်သုံးရေ ရှားပါးပြတ်လပ်နေတဲ့ပြည်သူတွေကို သောက်သုံးရေပေးခဲ့တဲ့ လူငယ်တွေဦးဆောင်တဲ့ ရှင်သန်ရေးကူညီမှုအသင်း( Noble Heart) ကို ပထမဆုံးအကြိမ် ဂုဏ်ပြုထိုက်သူ အဖွဲ့အဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးချယ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG