သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပီပြင်တဲ့အစိုးရဖော်ဆောင်ရေး ဒေါ်စုဆွေးနွေး


NLD ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၆ ရက်နေ့က ချက်နိုင်ငံမှာကျင်းပတဲ့ Forum 2000 ညီလာခံမှာတွေ့ရစဉ်။ (ဓာတ်ပုံ - http://www.forum2000.cz/)
NLD ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၆ ရက်နေ့က ချက်နိုင်ငံမှာကျင်းပတဲ့ Forum 2000 ညီလာခံမှာတွေ့ရစဉ်။ (ဓာတ်ပုံ - http://www.forum2000.cz/)
စက်တင်ဘာလ ၁၆ ရက်နေ့က ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပခဲ့တဲ့ Forum 2000 ညီလာခံ ဒုတိယမြောက်နေ့မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က “The Road to Good Governance” - ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း ပီပြင်တဲ့ အုပ်ချုပ်မှုစနစ်တရပ် ချမှတ်ဖော်ဆောင်နိုင်ရေးအတွက် လျှောက်လှမ်းရမယ့်လမ်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တဲ့ ပြည်သူလူထုအတွက် ကောင်းမွန်တဲ့ အုပ်ချုပ်မှု ပေးစွမ်းနိုင်တဲ့ အစိုးရကောင်းတရပ် ဖော်ဆောင်နိုင်ရေး ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ မဆုမွန် က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သူ ဆွေးနွေးခဲ့တဲ့ အချက်ကတော့ ပီပြင်တဲ့ အုပ်ချုပ်မှုရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပါတယ်။

“အစိုးရကောင်းလို့ဆိုရာမှာ အခွင့်အရေးတွေကို ရယူဖို့တင် မဟုတ်ပါဘူး။ ပေးဆပ်ဖို့လည်း လိုပါတယ်။ အစိုးရကောင်း တရပ်အနေနဲ့ ပြည်သူလူထုအတွက် ဘာလုပ်ပေးနိုင်သလဲ။ ပြည်သူလူထုဘက်ကရော အစိုးရကောင်းတရပ်အတွက် ဘာတွေကို ကူညီဆောင်ရွက်ပေးချင်တဲ့စိတ် ရှိမလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ပြည်သူတွေဘက်က ဘယ်လောက်လုပ်ပေးချင်စိတ် ရှိမလဲဆိုတာကလည်း အစိုးရကောင်းတရပ်အပေါ်မှာ အဆုံးအဖြတ်ပေးမယ့်အချက် ဖြစ်ပါတယ်။”

“ပြည်သူတွေဘက်ကရော၊ အစိုးရဘက်ကပါ နှစ်ဘက်စလုံး အပေးအယူ မျှရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဘယ်လောက် လွတ်လပ်ခွင့်ပေးမလဲ။ ပြည်သူတွေအပေါ်မှာ ဘယ်လောက် လွတ်လပ်ခွင့်ပေးမလဲ။ ဘယ်လောက် လုံခြုံမှုတွေ ပြည်သူအတွက် ရှိသလဲဆိုတာဟာလည်း အစိုးရကောင်းတရပ်အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။”

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း ပြည်သူတွေကနေ ယုံကြည်စိတ်ချရတဲ့ အစိုးရကောင်းတရပ် ဖော်ဆောင်နိုင်ရေး မရှိမဖြစ် လိုအပ်တဲ့ အစိုးရကောင်းတရပ်ရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ကျမတို့ မြန်မာနိုင်ငံမှာ ပီပြင်တဲ့ အစိုးရကောင်းတရပ် အတွေ့အကြုံ မရှိပေမဲ့လို့လည်း မပီပြင်ခဲ့တဲ့ အုပ်ချုပ်ရေးနဲ့တော့ ကြုံတွေ့ခဲ့ရပါတယ်။ ပီပြင်တဲ့အစိုးရလက်အောက်မှာ နိုင်ငံသားတွေဟာ သူတို့မျှော်မှန်းချင်တဲ့ ပန်းတိုင်ကို အစိုးရနဲ့အတူ လက်တွဲ လျှောက်လှမ်းသွားကြမှာ ဖြစ်ပါတယ်။ ပီပြင်တဲ့အစိုးရဟာ ပြည်သူလူထုနဲ့ ကင်းကွာတဲ့ အစိုးရမျိုးမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အစိုးရမျိုးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဟာ ဘယ်လိုရှိသလဲဆိုတာကိုလည်း အစိုးရက နားထောင်ဖို့ လိုပါတယ်။ အစိုးရကောင်းဆိုတဲ့နေရာမှာ ခေါင်းဆောင်မှု ကောင်းဖို့လည်း လိုအပ်တာဖြစ်ပါတယ်။”

တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအမျိုးအစား ၄ မျိုးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို လျာထားပြရာမှာ အောက်ဆုံးအဆင့်က နိုင်ငံသားတွေ မုန်းတီးတဲ့အစိုးရ၊ ဒုတိယအစိုးရကတော့ နိုင်ငံသားတွေ ကြောက်ရွံ့တဲ့အစိုးရ၊ တတိယကတော့ ချီးကျူးခံရတဲ့အစိုးရ၊ နောက်ဆုံး အကောင်းဆုံးအစိုးရကတော့ ပြည်သူလူထုက အစိုးရ ရှိမှန်းတောင် မသိဘဲ အုပ်ချုပ်တဲ့ အစိုးရ ဖြစ်တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဆွေးနွေးခဲ့ပါတယ်။

“ကျမတို့ လိုလားတဲ့ အစိုးရမျိုးက မာန်မာန ထောင်လွှားမှုကင်းတဲ့ အစိုးရမျိုး၊ တာဝန်ဝတ္တရားတွေကို အလေးထားဆောင်ရွက်တဲ့ အစိုးရမျိုး၊ အဲ့ဒီ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ရာမှာလည်း သိပ်ကို ပီပီပြင်ပြင်ဖြစ်ရတဲ့အတွက် ပြည်သူလူထုကတောင် အစိုးရလုပ်ပေးတာကို မသိလိုက်တဲ့ အနေအထားမျိုးကို ဆိုရမှာပါ။ ကျမက ဒါကို မိခင်ကောင်း ဥပမာတဦးနဲ့ နှိုင်းယှဉ်ပြလိုပါတယ်။ မနက်အိပ်ယာထတော့ သားသမီးတွေအတွက် မနက်စာကို ပြင်ဆင်ထားပေးတယ်။ အဲ့ဒီမနက်စာကို အမေက ဘယ်လိုပြင်ထားပေးသလဲဆိုတာကို သားသမီးတွေက မသိလိုက်တဲ့ အနေအထားမျိုးကို ဆိုလိုပါတယ်။”

“ဒါကို ကျမက မိခင်ကောင်းတဦးရဲ့ ဥပမာနဲ့ နှိုင်းယှဉ်ပြလိုပါတယ်။ သားသမီးတွေအတွက် မနက်စာကို မိခင်က ပြင်ဆင်ထားရာမှာ သားသမီးတွေထက် ၂ နာရီစောထပြီး မီးဖိုထဲ ချက်ပြုတ်ပြီး သားသမီးတွေ နိုးလာတဲ့အချိန်မှာ မိခင်က အဆင်သင့်ပြင်ထားပေးတာကို မသိလိုက်ရတဲ့ အနေအထားမျိုးနဲ့ ဆင်တူပါတယ်။ ဒါကြောင့် အစိုးရကောင်းဆိုတာ နိုင်ငံက ရှိမှန်းတောင်မသိတဲ့ အစိုးရမျိုးကိုပြောတာ ဖြစ်ပါတယ်။”

ကောင်းမွန်တဲ့ အစိုးရတရပ်အနေနဲ့ ပြည်သူအပေါ်မှာ ဘယ်လောက် လွတ်လပ်မှုပေးနိုင်လဲ၊ ဘယ်လောက် လုံခြုံမှု ပေးနိုင်မလဲ၊ ဘယ်လောက်အထိ စိတ်ချရမှု ရှိနိုင်မလဲဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆွေးနွေးပါတယ်။

“ပြည်သူလူထုအနေနဲ့ နိုင်ငံပေါ်မှာ ဘယ်လောက် ယုံကြည်မှုရှိကြပါသလဲ။ သူတို့ နိုင်ငံအပေါ်မှာ ယုံကြည်မှုရှိပြီး၊ နိုင်ငံအပေါ်မှာ ဘယ်လောက် ဂုဏ်ယူကြပါသလဲ။ သူတို့ရဲ့ လူ့အဖွဲ့အစည်း အောင်မြင်မှုအပေါ်မှာလည်း ဂုဏ်ယူကြပြီး၊ ဘယ်လောက် စွမ်းဆောင်ခွင့် ရရှိသလဲ။ ဘယ်လောက်လုပ်ပိုင်ခွင့် ရရှိကြသလဲဆိုတာဟာ အစိုးရကောင်း တရပ်အပေါ်မှာ မူတည်တာလည်းဖြစ်ပါတယ်။ နိုင်ငံမှာ ခေါင်းဆောင်သူတွေအပေါ် လူထုက ယုံကြည်မှုရှိကြမယ်။ ဝေဖန်ရဲကြမယ်။ စဉ်းစားဆုံးဖြတ်ပိုင်ခွင့်ရှိကြမယ်။ သူတို့ရဲ့ ဝေဖန်မှုတွေကိုလည်း အစိုးရကောင်းတရပ်အနေနဲ့ နားထောင်ဖို့ လိုပါတယ်။”

ပြည်သူလူထုအကျိုးကို သယ်ပိုးနိုင်တဲ့ ပြည်သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အစိုးရကောင်းတရပ် ဖော်ဆောင်နိုင်ရေး၊ ပြည်သူဆီက ရယူနိုင်ဖို့ထက် ပေးဆပ်နိုင်ဖို့အတွက် တာဝန်ယူမှု အပြည့်ရှိတဲ့ အစိုးရအုပ်ချုပ်သူတွေ ဖြစ်ရမယ်လို့ သူ့အနေနဲ့ ယုံကြည်မှု ရှိကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။



မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီ ဖော်ဆောင်ရေး ခရီးနဲ့ပတ်သက်ပြီး လွယ်လွယ်ကူကူနဲ့ လျှောက်လှမ်းနိုင်ဖို့ထက် အင်မတန်မှ ခက်ခဲမှုတွေ ရှိပါသေးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ တက်ရောက်နေတဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပနေတဲ့ Forum 2000 ကို တည်ထောင်သူတဦးဖြစ်တဲ့ ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက်သာမက ကမ္ဘာ့နိုင်ငံတွေကြား လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေး ထွန်းကားဖို့ ကြိုးစားခဲ့သူတဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆုရဖို့ အမည်စာရင်း တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ချဉ်းကပ်မှုအသစ် ပုံစံပြောင်းဖို့ လိုအပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
XS
SM
MD
LG