သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးနဲ့ ရွေးကောက်ပွဲအရေး ဒေါ်စုနဲ့ သမ္မတနဲ့တွေ့ဆုံ


ဒီကနေ့ တနင်္လာနေ့ ညနေပိုင်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ပါတီခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးက သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ နိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေချိန်၊ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး၊ ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြနေချိန်နဲ့ လုပ်အားခ လစာ တိုးမြှင့် သတ်မှတ်ပေးရေး အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြချိန် စသဖြင့် နိုင်ငံရေး အခြေအနေ ထူးခြားမှုတွေ ဖြစ်နေချိန် အခုလို နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့ အနေအထားအပေါ် သုံးသပ်ချက် အမြင်တွေကို မဆုမွန် စုစည်း တင်ပြထားပါတယ်။

အခုလိုမျိုး သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့တဲ့သတင်း ထုတ်ပြန်ဖို့ ရှိ-မရှိ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို သူက ပြောပါတယ်။

“ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားတယ်ခင်ဗျ။”

မေး။ ။ သမ္မတရုံးကရော သတင်းထုတ်ပြန်ဖို့ ရှိပါသလားရှင်။

ဖြေ။ ။ “မရှိဘူးဗျ။ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်မှာပဲ ကြည့်လိုက်ခင်ဗျ။”

ဒီကနေ့ ၂၀၁၅ ခုနှစ် မတ်လ ၂ ရက်နေ့ ညနေပိုင်းမှာ အစိုးရ၊ လွှတ်တော်ရုံးစိုက်ရာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်၊ အောင်လံ စတဲ့ မြို့တွေမှာ ကျင်းပနေတဲ့ ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲတွေကနေအပြန် သမ္မတနဲ့ တနင်္လာနေ့ ညနေပိုင်းမှာ သမ္မတရဲ့ လယ်တောအိမ်ယာမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သမ္မတရဲ့ လယ်တောအိမ်မှာ နှစ်ဦးတည်း တွေ့ခဲ့တဲ့အကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရလည်းဖြစ် NLD ပါတီလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းမြင့်က အခုလို ဖြေပါတယ်။

“ကျနော်ပြောနိုင်တာကတော့ ဒီကနေ့ ၆ နာရီ ၁၀ မိနစ်လောက်မှာ သမ္မတနဲ့ နှစ်ဦးတည်းတွေ့တယ်။ မိနစ် ၃၀ ခန့်လောက်ကြာတယ်။ တွေ့တဲ့နေရာကတော့ သမ္မတရဲ့ လယ်တောအိမ်ယာမှာ တွေ့တယ်။ ဒီကနေ့တွေ့တဲ့ အဓိကနဲ့ပတ်သက်လို့ ကျနော်သိတာက သမ္မတရုံး၊ ဒါမှမဟုတ်လို့ရှိရင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိမ့်မယ်လို့ အဲ့လိုပဲ ကျနော် သိထားပါတယ်။”

ဒီလိုမျိုး နိုင်ငံ့ခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့ တွေ့ဆုံမှု ဖြစ်စေချင်ပါတယ်လို့ ဒေါက်တာ ရန်မျိုးသိမ်း က အခုလို သုံးသပ်ပါတယ်။

“ကျနော့်ရဲ့အမြင်ကတော့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ကိစ္စပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့ကိစ္စပဲဖြစ်ဖြစ်၊ ကျနော်တို့ တိုင်းပြည်နဲ့ ကျနော်တို့ ပြည်သူလူထုအတွက်တော့ ဒါ ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ အဲ့ဒီလို တွေ့ဆုံမှုမျိုးဟာ လတ်တလော ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ၊ နိုင်ငံရေးအရ ဖိအားဖြစ်ပေါ်မှုတွေ၊ နောက် နိုင်ငံရေးအရ စိန်ခေါ်မှုတွေကို ဖြေလျော့ချင်တဲ့သဘောမျိုး နောက် သက်သာစေဖို့ သဘောမျိုးနဲ့ ရေတိုအမြင်နဲ့ပေါ့လေ လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေကို ဖြေလျော့ချင်တဲ့ သဘောမျိုး၊ တွေ့ဆုံမှုမျိုး ဖြစ်မယ်ဆိုရင်တော့ ဒါဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် နစ်နာဆုံးရှုံးမှုတခုလို့ ကျနော်က မြင်ပါတယ်ခင်ဗျ။”

ဒေါက်တာ ရန်မျိုးသိမ်း လိုပဲ ဒီကနေ့ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ ရိုးသားမှုရှိတဲ့ ပွင့်လင်းမြင်သာတဲ့ နိုင်ငံ့အတွက် အကျိုးရှိတဲ့ ဆွေးနွေးမှု ဖြစ်စေချင်သူကတော့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေး ဖြစ်ပါတယ်။

“တခုပဲ တိုက်တွန်းချင်တယ်ဗျာ။ တွေ့ဆုံမှုတိုင်းဟာ ရိုးသားမှု အခြေခံပေါ်မှာ တည်ဆောက်ထားပြီးတော့မှ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တဲ့ လမ်းစရှာတဲ့ တွေ့ဆုံမှုမျိုးပဲ ဖြစ်စေချင်ပါတယ်။”

အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်စေရေး ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြည်နယ်တိုင်းအသီးသီးက ပြည်သူလူထုနဲ့ တွေ့ဆုံမှုတိုင်းမှာ အလေးထား ပြောကြားလေ့ရှိတာပါ။

“ကျမတို့ဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို တည်ဆောက်နေတဲ့အချိန်မှာ အတိတ်က အဖြစ်ဆိုးတွေကို တခါ ပြန်လည်ပြီးတော့ အချင်းချင်းကြားမှာ စိတ်ဝမ်းကွဲအောင် မလုပ်သင်တဲ့အချိန် ကျမတို့ မလုပ်ရဘူး၊ ဒါကို ကျမတို့ နားလည်ရမယ်”

နိုင်ငံတွင်း ကိုးကန့်ဒေသ အပါအဝင် တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား စစ်ရေးတင်းမာချိန်၊ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရေး ခရီးရှည် ချီတက်ဆန္ဒပြနေတဲ့ ကျောင်းသားသပိတ်ကို လုံခြုံရေး အဖွဲ့တွေဘက်က အင်အားသုံး တားဆီးဖို့ ကြိုးပမ်းချိန်နဲ့ အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြနေတဲ့ သပိတ်စခန်းတွေကို အကြမ်းဖက် ဖြိုခွဲခဲ့ပေမဲ့ အလုပ်သမားတွေ ဆက်လက် ဆန္ဒပြ သပိတ်မှောက်နေဆဲ အခြေအနေ စတဲ့ နိုင်ငံရေး ထူးခြားမှုတွေ ရှိနေချိန် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား တွေ့ဆုံမှု ဖြစ်ခဲ့တာပါ။

XS
SM
MD
LG