သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အစိုးရအဖွဲ့ ပေါ်ထွန်းရေး ဒေါ်စုတိုက်တွန်း


နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့အစိုးရအဖွဲ့ ထူထောင်နိုင်အောင် ရွေးကောက်ပွဲတွေကို ကျင်းပရတာဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့အကျိုး တကယ်လိုလားသူကို ရွေးချယ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်က မြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဟာ နိုင်ငံအတွက် ဘယ့်လောက် အရေးပါသလဲဆိုတာ အရေးတကြီး သိသင့်သိထိုက်ပါတယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ဆက်ထားပါတယ်။

၂၀၁၀ ကနေ စလို့ တာဝန်ယူခဲ့တဲ့ အရပ်သား အစိုးရ ငါးနှစ်သက်တမ်းကုန်လို့ ၂၀၁၅ မှာ နောက်အစိုးရသစ် တက်လာမယ့် နိုင်ငံရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်း အချိုးအကွေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ပြီးတော့ အစိုးရသစ်တရပ် ဖွဲ့စည်းပြီး နိုင်ငံကို တာဝန်ယူ အုပ်ချုပ်မယ့်သူဟာ အများပြည်သူအကျိုးကို အမှန်တကယ်လိုလားတဲ့ ပါတီအဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်သင့်ပါတယ် လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

နေပြည်တော်က ရပ်ကွက်တချို့မှာ လှည့်လည်ပြီး ရွေးကောက်ပွဲအသိပညာပေး ဟောပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၀၊ ၂၀၁၅)
နေပြည်တော်က ရပ်ကွက်တချို့မှာ လှည့်လည်ပြီး ရွေးကောက်ပွဲအသိပညာပေး ဟောပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (သြဂုတ် ၃၀၊ ၂၀၁၅)

“အများပြည်သူ၊ ပြည်သူလူထုကနေ မဲပေးပြီးတော့ ဘယ်သူတွေကို သူတို့ရဲ့နိုင်ငံအတွက်၊ မိမိတို့ရဲ့နိုင်ငံအတွက် တာဝန်ယူခွင့်ပေးမယ်ဆိုတာကို ဆုံးဖြတ်တာပါ။ ရွေးကောက်ပွဲဆိုတာ ရိုးရိုးလေးပြောရင် ကိုယ့်နိုင်ငံအတွက်တာဝန်ယူဖို့ ဘယ်သူတွေကို ရွေးမယ်ဆိုတာ အဲဒါအဓိကကို ရွေးရမယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကို ရွေးရမှာဖြစ်တယ်။ ”

ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ လူထုကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အဆုံးအဖြတ် ရွေးကောက်ပွဲ ဖြစ်တာကြောင့် ပြည်သူလူထု အနေနဲ့ မိမိတို့ရဲ့ နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရတရပ်ကို ကိုယ်တိုင်ရွေးချယ်နိုင်တဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ပြတ်ပြတ်သားသားသိရှိထားဖို့ လိုအပ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဝင်းမြင့်ကပြောပါတယ်။

“ကျနော်တို့ ဒီရွေးကောက်ပွဲက သာမန်ရွေးကောက်ပွဲမဟုတ်ဘူးဗျ။ အလွန်အရေးကြီးတဲ့ရွေးကောက်ပွဲ။ မဲဆန္ဒရှင် ပြည်သူလူထုတွေက ဒီမိုကရေစီရရှိရေးဆိုတဲ့ ရည်မှန်းချက်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားဖို့ လိုတယ်။ နောက်တခုက ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူလူထုတွေက မိမိတို့ရဲ့ မဲပေးပိုင်ခွင့်အခွင့်အရေး ရရှိဖို့အတွက်ကို ဝါယမစိုက်ထုတ်ဖို့လည်း လိုတယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး သမိုင်းတခုမှာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲမယ့် အချိုးအကွေ့တခုဗျ။ အလှည့်အပြောင်းတခုဗျ။ အဲဒီအပြောင်းအလဲ၊ အလှည့်အပြောင်းတခုက ကျနော်တို့နိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ပြည်သူလူထုတွေ၊ အနာဂါတ်မျိုးဆက်သစ်လူငယ်တွေရဲ့ ဘဝကံကြမ္မာတွေနဲ့လည်း ပတ်သက်တယ်ဗျ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာ ကျနော်တို့နိုင်ငံအတွက်၊ ကျနော်တို့ ပြည်သူလူထုအားလုံးအတွက် လူမှုဒုက္ခအသီးသီးနဲ့ဆက်စပ်နေတဲ့ ရွေးကောက်ပွဲအလှည့်အပြောင်းဗျ။ ဒါကြောင့်မို့လို့ ဒါကို ပညာပေးလုပ်ငန်းတွေ လုပ်နေတာ။”

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်တာနဲ့အညီ ပြည်သူကို ဗဟိုပြုတဲ့ ပြည်သူ့အကျိုးကို လိုလားတဲ့ ပါတီအဖွဲ့အစည်းကို မဲဆန္ဒရှင်ပြည်သူတွေဘက်က လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသလို မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ မိမိတို့ရဲ့ အနာဂတ်အတွက် မဲပေးမမှားဖို့လိုတယ်ဆိုတာကိုလည်း သိရှိထားသင့်တယ်လို့ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ပြောဆိုထားပါတယ်။

“ပြည်သူသာအမိ၊ ပြည်သူသာအဖ-ဗျ။ အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုထံက ဆင်းသက်တာ။ ပြည်သူလူထုက ကိုယ့်ရဲ့အချုပ်အခြာအာဏာကို လက်တွေ့ကျကျ ကျင့်သုံးဖို့ဆိုတဲ့ မဲတစ်မဲချင်း၊ တစ်မဲချင်းက အင်မတန် တန်ဖိုးရှိတဲ့အခါကျတော့ ဒီဟာက မပေးလည်း ဘာမှမဖြစ်ဘူးလို့ တွက်လို့မရဘူးဗျ။ ရွေးကောက်ပွဲမှာ အနိုင်အရှုံးက တစ်မဲနဲ့လည်း အနိုင်အရှုံးဖြစ်တာကိုး။ ဒါကြောင့်မို့လို့ ပြည်သူလူထုဟာ ကိုယ့်ဘဝ ကံကြမ္မာတွေနဲ့ပတ်သက်ဖို့၊ နောက်တခုက ကိုယ့်ရဲ့အနာဂတ်နဲ့ပတ်သက်ဖို့၊ ကိုယ့်ရဲ့မျိုးဆက်တွေနဲ့ပတ်သက်ဖို့- ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ဖို့- လူ့အခွင့်အရေးခံစားဖို့ဆိုရင် ပြည်သူလူထုအားလုံးက ကိုယ့်ရဲ့နိုင်ငံသားအခွင့်အရေး၊ မွေးရာပါအခွင့်အရေး၊ ကိုယ်ရရှိတဲ့အခွင့်အရေးကို လက်တွေ့ကျကျ၊ အကျိုးရှိရှိ အသုံးချပြီးတော့ လုပ်ဖို့လိုတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်သီတင်းပတ်တွေတုန်းကတော့ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံပြီး မဲပေးနိုင်ခွင့် နိုင်ငံသားအခွင့်အရေး၊ မဲဆန္ဒရှင် စာရင်းထုတ်ပြန်တာတွေကို အလေးအနက်ထား သွားရောက်ကြည့်ရှု့ကြဖို့နဲ့ မှားယွင်းမှုရှိရင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေကို အချိန်မှီအကြောင်းကြားဖို့စတဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့တာပါ။

ဒီတကြိမ်မှာတော့ ရွေးချယ် တင်မြှောက်ပေးခွင့်ရှိတဲ့ ပြည်သူတွေရဲ့ မဲဟာ မကြာခင်ကျင်းပတော့မယ့်ရွေးကောက်ပွဲဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာနဲ့ အစိုးရတရပ်ကို အမှန်တကယ် ဦးဆောင်နိုင်စွမ်းရှိသူတွေကို ရွေးချယ်နိုင်မယ့် ရွေးကောက်ပွဲဖြစ်ဖို့အရေး ပြည်သူတွေကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ နေပြည်တော်က ဥတ္တရသီရိမြို့နယ်၊ ဇဗ္ဗူသီရိမြို့နယ်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဟောပြောနေစဉ်မှာပဲ ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတခုကို လူတစုက ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ တရားဝင်တုံ့ပြန်ပြောကြားခြင်းမရှိသေးပါဘူး။

XS
SM
MD
LG