သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိက္ခာရှိရှိ မဲဆွယ်စည်းရုံးဖို့ ဒေါ်စု တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆွယ်စည်းရုံးရေးခရီးစဉ်။ (အောက်တိုဘာ ၂၄၊ ၂၀၁၅။ ဓာတ်ပုံ- NLD)
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆွယ်စည်းရုံးရေးခရီးစဉ်။ (အောက်တိုဘာ ၂၄၊ ၂၀၁၅။ ဓာတ်ပုံ- NLD)

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး မမှန်မကန်နည်းလမ်းတွေနဲ့မလုပ်ဖို့ သိက္ခာရှိရှိ မဲဆွယ်စည်းရုံးကြဖို့ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြည်သူလူထုကိုခြိမ်းခြောက်ပြီး မဲဆွယ်တာမျိုးမလုပ်ဘဲ ယုံကြည်မှုရအောင်ယူပါလို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ် ကော့မှူးမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ် အတွင်း ပြောဆိုလိုက်တာပါ။ အပြည့်အစုံ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်၊ စနေနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က သူမရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင်းက ဝါးသင်္ခ၊ ကံဘဲ့၊ မှော်တော၊ ကျိုက်ထော်၊ ပျဉ်းကတိုး၊ အဖျောက်စတဲ့ ကျေးရွာတွေဆီ မဲဆွယ် စည်းရုံးရေး ခရီးစဉ်ထွက်ခဲ့ပြီးတော့ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံခဲ့စဉ်မှာပဲ နိုင်ငံရေးပါတီတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး မမှန်မကန်နဲ့ နည်းလမ်းတွေနဲ့ မဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ပျဉ်းကတိုးကျေးရွာက ဒေသခံပြည်သူတွေ နဲ့တွေ့ဆုံစဉ် ပြောပါတယ်။

“ရွေးကောက်ပွဲမှာ နိုင်ချင်တယ်၊ နိုင်ချင်တာမှ အပြတ်အသတ်နိုင်ချင်တယ်။ ဒါပေမယ့် ကျမတို့က ရှုံးဖို့လည်းမကြောက်ဘူး။ ရှုံးတာ၊ နိုင်တာဟာ နောက်ဆုံးကျတော့ သိက္ခာရှိမရှိဆိုတာဟာ ကိုယ့်အပေါ်မှာပဲ တည်တယ်။ မမှန်မကန်တဲ့နည်းတွေနဲ့နိုင်လို့ရှိရင် ဘာသိက္ခာမှ မရှိပါဘူး။ အဲဒီတော့ ကျမတို့အနေနဲ့ အောက်တန်းကျတဲ့နိုင်ငံရေးနည်းလမ်းတွေနဲ့ နိုင်မလား၊ ရှုံးမလားဆိုရင် ကျမတို့ ရှုံးတာကိုပဲ သိက္ခာရှိရှိနဲ့ရင်ဆိုင်မယ်။ မဟုတ် မမှန်ကန်တဲ့နည်းတွေနဲ့ ကျမတို့ မနိုင်ချင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်လိုချင်တိုင်း ရရင်ပြီးရော ဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်လို့မရဘူး။ မှန်မှန်ကန်ကန်၊ ကိုယ့်လိပ်ပြာသန့်စေမယ့် နည်းတွေနဲ့ပဲ ကျမတို့က နိုင်ချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က ပြည်သူကို ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ ကျမတို့ မက်လုံးမပေးနိုင်ဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပိုက်ဆံမရှိဘူး။ ဒါပေမယ့် ပေးတဲ့လူတွေဆီက ယူပါ။ ကျမတို့ကိုတော့ မဲပေးပါ-လို့ ကျမတို့က ပြောနေတာပါ။”

မိမိပါတီအောင်နိုင်ရေး မဲဆန္ဒရှင်ပြည်သူကို မက်လုံးပေး စည်းရုံးတာမျိုး၊ ခြိမ်းခြောက်စည်းရုံးတာမျိုး မလုပ်ဘဲ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရယူပြီး စည်းရုံးမှာဖြစ်တယ်ဆိုတာကိုလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် အဖျောက်မှာ ပြောဆိုလိုက်ပါတယ်။

“ပြည်သူကို ခြိမ်းခြောက်ပြီးတော့လည်း ကျမတို့ မစည်းရုံးခဲ့ဘူး။ ခြိမ်းခြောက်နိုင်တဲ့အခြေအနေလည်း မရှိဘူး- မှန်မှန်ပြောရရင်။ ရှိရင်လည်း ကျမတို့ မလုပ်ဘူး။ ခြိမ်းခြောက်ပြီးတော့ ရတဲ့ထောက်ခံမှုဆိုတာ ဘယ်တော့မှ မခိုင်မာဘူး။ နောက်တခုက ကျမတို့ မက်လုံးပေးပြီးတော့လည်း မစည်းရုံးဘူး။ အဲဒါလည်း အတူတူပါပဲ။ မက်လုံးပေးစရာလည်းမရှိဘူး။ ရှိရင်လည်း မပေးဘူး။ အဲဒီတော့ ကျမတို့ပြည်သူကို ဘာကိုအခြေခံပြီး စည်းရုံးမလဲဆိုတော့ တိုတိုပြောရရင် ပြည်သူရဲ့ယုံကြည်မှုကို ကျမတို့ရအောင်၊ ကြိုးစားပြီးတော့ ရယူပြီးတော့ စည်းရုံးတာပါ။ ပြည်သူအနေနဲ့ တကယ်ပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနိုင်ငံအတွက် လိုအပ်နေတဲ့အပြောင်းအလဲတွေဖြစ်အောင် လုပ်ပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာယုံအောင်လို့ ကျမတို့ဟာ ရှင်းပြပြီးတော့ စည်းရုံးတာဖြစ်ပါတယ်။ ဒီယုံကြည်ချက်နဲ့ပြည်သူက ထောက်ခံမှ ကျမတို့အစိုးရဖြစ်ခဲ့ရင်အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မှာပါ။ ပြည်သူ့ရဲ့ထောက်ခံမှု မပါဘဲနဲ့ ပြည်သူ့ရဲ့ပူးပေါင်းဆောင်ရွက်မှုမပါဘဲနဲ့ ဘာမှ မအောင်မြင်နိုင်ပါဘူး။ ဥပမာဆိုလို့ရှိရင် အခု နိုင်ငံရေးနဲ့ပတ်သက်လို့ အခု လောလောဆယ်မြင်နေရတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စည်းရုံးရေး ဟောပြောပွဲတွေပေါ့။ ပြည်သူက ပူးပေါင်းဆောင်ရွက်မှု မရှိလို့ရှိရင် ကျမ တစ်ယောက်တည်း စင်ပေါ်မှာ စကားပြောနေဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဲဒါဆိုတာ မဖြစ်နိုင်ဘူး။ ပြည်သူက ပါမှ ဘာမဆို အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။”

အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူး ခရီးစဉ်နဲ့ပတ်သက်လို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးသိန်းဦးက အခုလိုရှင်းပြပါတယ်။

“မနက်ပိုင်းကတော့ ကော့မှူးမြို့နယ်က အနောက်ခြမ်းပေါ့၊ မှော်တောတို့၊ ကျိုက်ထော်တို့၊ အဲဒီတွေကို ရောက်တယ်ကွယ်။ နောက် ပျဉ်းကတိုးမှာလည်း လုပ်တယ်ကွယ်။ နောက် အခုတော့ အဖျောက်ကို - အဖျောက်ဆိုတာက ကော့မှူးရဲ့အလယ်ပိုင်းပေါ့။ ကော့မှူးမှာ သုံးခြမ်းရှိတာကိုး။ အရှေ့ခြမ်း၊ အလယ်ခြမ်း၊ အနောက်ခြမ်း သုံးခုရှိတော့ ဒီအချိန်ကတော့ အဖျောက်မှာ ဟောပြောပွဲလုပ်မယ်။ အနုပညာရှင်တွေ ဖျော်ဖြေပွဲလုပ်မယ်ပေါ့ကွယ်။ အဲဒီအဖျောက်မှာလေ။ ပြီးရင်ကျတော့ မနက်ပိုင်း အဲဒီမှာ ဘို့တင်တို့၊ ပျားမွတ်တို့ ကျုံဒရယ်တို့ဆိုတာ ကော့မှူးအရှေ့ခြမ်းပေါ့၊ အဲဒီဘက်တွေမှာ ဟောပြောပွဲ၊ ပရိသတ်တွေနဲ့တွေ့ဆုံပွဲလုပ်မယ်ပေါ့ကွယ်။ ရန်ကုန်တိုင်းအတွက် သမိုင်းက ကျိုက်ဝိုင်းဘုရားနားက အားကစားကွင်းမှာ ရန်ကုန်တိုင်းအတွက် ဟောပြောပွဲရှိတယ်။ ၁ ရက်နေ့လို့ သိတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ရွေးကောက်ပွဲ မကျင်းပခင်ကာလအတွင်း နိုင်ငံရေးပါတီတွေကို တရားဝင် မဲဆွယ်စည်းရုံးခွင့် ပြုထားတဲ့ အချိန်မှာ အတိုက်အခံပါတီခေါင်းဆောင်ဘက်က တိုင်းနဲ့ပြည်နယ်ခရီးစဉ်တွေကို မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ ဆက်တိုက် ဆိုသလို ထွက်ခဲ့ပြီး မကြာသေးခင်ကမှ ရှမ်းပြည်နယ်ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ရွေးကောက်ပွဲမကျင်းပခင်ကာလအထိ ရန်ကုန်တိုင်းတွင်း မဲဆွယ်စည်းရုံးမှာဖြစ်ပါတယ်။

XS
SM
MD
LG