သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ညီညွတ်မှုဦးတည်ဖို့ ဒေါ်စု တိုက်တွန်း


ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ တိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေးစဉ် (စက်တင်ဘာ ၆၊ ၂၀၁၅)
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ တိုင်းရင်းသားများနှင့်တွေ့ဆုံဆွေးနွေးစဉ် (စက်တင်ဘာ ၆၊ ၂၀၁၅)

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကနေ တိုင်းရင်းသားများအားလုံး လက်ခံနိုင်တဲ့ ညီညွတ်မှုကို ဦးတည်တဲ့ပုံစံနဲ့သွားတဲ့ ငြိမ်းချမ်းရေးအဖြစ် အောင်မြင်စေချင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး အခွင့်အရေးတန်းတူညီမျှမှု ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်တဲ့အစိုးရတရပ်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းသွားကြဖို့ အရေးကြီးတယ်ဆိုတာကို ဒီကနေ့ ဟိုပုံးမြို့ လူထု တွေ့ဆုံပွဲမှာ ထပ်လောင်းပြောကြားပါတယ်။ ပအို့ဝ်ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေနဲ့ UNODC ရဲ့ ဘိန်းအစားထိုး စိုက်ကွင်းတွေကိုလည်း သွားရောက်လေ့လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အကြောင်း အသေးစိတ် မဆုမွန်က စုစည်းတင်ပြပေး ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ ဒီနေ့ တနင်္ဂနွေနေ့မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပုံးပြည်သူလူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ တိုင်းရင်းဒေသတွေကြား နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် အခုလက်ရှိ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကြား ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုတွေကို တိုင်းရင်းသားအားလုံး လက်ခံနိုင်တဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်စေချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“ငြိမ်းချမ်းရေးဆိုတာဟာ လိုအပ်တယ်ဆိုတာ မွေးလာကတည်းက သိတယ်လို့ ပြောလို့ရပါတယ်။ အခုဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးနေကြတယ်၊ ကျမတို့ကတော့ အောင်မြင်စေချင်တယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ တိုင်းရင်းသားများ အားလုံး လက်ခံနိုင်တဲ့ ပုံစံနဲ့ တည်မြဲနိုင်တဲ့ပုံစံနဲ့ ဖြစ်စေချင်တယ်။ ကျမတို့ အဖွ့ဲချုပ်ကတော့ ဒီလိုပဲ ရိုးရိုးသားသားမြင်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာဟာ တိုင်းရင်းသားများအားလုံးရဲ့ညီညွတ်မှုကို ဦးတည်တဲ့ သဘောတူညီချက်မျိုး ဖြစ်စေချင်တယ်၊ နောက်ပြီး တော့လည်း တည်တံ့ခိုင်မြဲမယ့်သဘောတူညီချက်မျိုး ဖြစ်စေချင်တယ်။ ဒီနေ့သဘောတူပြီးတော့ နောက်တနေ့ ပြိုကွဲမယ့်ဟာမျိုးဆိုရင်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး။”

တောင်တန်းနဲ့ပြည်မကြား အခွင့်အရေးတန်းတူညီမျှရှိစေမယ့် တိုင်းရင်းသားပြည်သူလူထုအားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုတခု တည်ဆောက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်တယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို ထပ်လောင်းပြောဆို ရှင်းလင်းခဲ့ပါတယ်။

“လွတ်လပ်ရေးရနေတာဟာ အခုဆိုရင် ၆၈ နှစ်ရှိသွားပါပြီ။ ဒီ ၆၈ နှစ်အချိန်အတွင်းမှာ ကျမတို့လိုလားတဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ခုဆိုတာဟာ မပေါ်ပေါက်သေးပါဘူး။ ဒီလို ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ပေါက်မှ ကျမတို့ တိုင်းရင်းသားများ အားလုံးဟာ လွတ်လွတ်လပ်လပ်၊ လုံလုံခြုံခြုံ၊ အေးအေးဆေးဆေးနဲ့ ဒီနိုင်ငံအတွင်းမှာ တိုးတက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့တွေ အားလုံးလိုလားတဲ့ အပြောင်းအလဲတွေကို တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ ရွေးကောက်ပွဲတွေကနေတဆင့် လုပ်ယူဖို့ ဆိုတာက အင်မတန်မှ အရေးကြီးပါတယ်။”

ဒေသခံတိုင်းရင်းသားတွေနဲ့တွေ့ဆုံချိန်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေကို ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပအို့ဝ်ခရီးစဉ်အတွင်း ဒေသတွင်း လူငယ်တွေကို အညွန့်ကျိုးစေတဲ့ မူးယစ်ဆေးဝါးပြဿနာကို ဦးစားပေးဆွေးနွေးခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ လူငယ်တွေအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်နေပါတယ်။ မူးယစ်ဆေးဝါးရဲ့အန္တရာယ်ဟာ ကျမတို့ တနိုင်ငံလုံးမှာ ပျံ့နှံ့နေတယ်။ ဒီဟာကို ကျမတို့ထိန်းချုပ်နိုင်မှ ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက် ကောင်းမှာပါ။ တချိန်တည်းမှာလည်း ကျမတို့နိုင်ငံရဲ့အနာဂတ်အတွက်ဆိုတာဟာ နိုင်ငံရေးအတွက်၊ နိုင်ငံရေးအရ လုပ်ရမယ့်ကိစ္စတွေရှိတယ်။ ဒီလို နိုင်ငံရေးအရလုပ်ရမယ့် ကိစ္စတွေမှာ ကျမတို့ပြည်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့် ကျမတို့ဟာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တိုင်းရင်းသားတွေအားလုံး စုပေါင်းပြီးတော့ ညီညီညာညာလုပ်ဖို့လိုတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။”

ဟိုပုံးမြို့ စည်းရုံးဟောပြောပွဲမြင်ကွင်း။ (စက်တင်ဘာ ၆၊ ၂၀၁၅)
ဟိုပုံးမြို့ စည်းရုံးဟောပြောပွဲမြင်ကွင်း။ (စက်တင်ဘာ ၆၊ ၂၀၁၅)

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှမ်းပြည်နယ်ခရီးစဉ်ကို ဘာကြောင့် ရောက်လာဖို့ စီစဉ်ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ခရီးစဉ်စီစဉ်သူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က အခုလိုရှင်းပြပါတယ်။

“ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက ပုဂ္ဂိုလ်တွေ ပအို့ဝ် NLD ကနေဖိတ်ခေါ်လို့ သွားရတာပါခင်ဗျ။ NLD ပါတီက ဗမာပါတီ၊ ဗမာပါတီဆို ပြောနေကြတာ၊ မဟုတ်ဘူး- ကျနော်တို့ NLD မှာ ပအို့ဝ် NLD လည်းရှိတယ်၊ ရှမ်း NLD လည်းရှိတယ်။ ကယား NLD လည်းရှိတယ်။ ဒီပြင်ပြည်နယ်တွေမှာဆို ကရင်ပြည်နယ်၊ ကယားပြည်နယ်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်- ဘယ်ပြည်နယ်မှာမဆို NLD ကလူတွေက တဝက်စီလောက်ကို ပါတယ်။ ကျနော်တို့ပါတီက ပြည်ထောင်စုပါတီဆိုတာကို ပြချင်တာ၊ အဲဒါက အဓိကပါပဲ။ သူတို့ UNODC က မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဘာတွေလုပ်လဲဆိုတာကို ပြတာလည်း ပြချင်လို့ ဖိတ်တာ။”

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ဟိုပုံး ဒေသခံများ။ (စက်တင်ဘာ ၆၊ ၂၀၁၅)
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ဟိုပုံး ဒေသခံများ။ (စက်တင်ဘာ ၆၊ ၂၀၁၅)

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခံ တိုင်းရင်းသားတွေဘက်က အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်လို့ ရှမ်းပြည်နယ် ဒေသခံ ဦးမျိုးက ပြောပါတယ်။

“တိုင်းရင်းသားတွေဘက်ကတော့ အားလုံးထောက်ခံမှု အပြည့်အဝရှိပါတယ်။ ဒီအစီအစဉ်မှာ ဘိန်းအစားထိုး စိုက်ပျိုးရေးတွေ လုပ်တဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျဆင်းပြီးတော့ တောင်သူတွေနဲ့စကားပြောပါတယ်။ ဟိုပုံးဟောပြောပွဲကတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်၊ တောင်သူတွေကတော့ ဒေသဖွံ့ဖြိုးရေးပေါ့နော်၊ တောင်သူတွေအာမခံချက်၊ အဲဒါမျိုးလေးတွေ စကားပြောဖြစ်တယ်။”

ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပထမအကြိမ်သွားရောက်ဖို့စီစဉ်ပေမဲ့ ပျက်သွားပြီးတဲ့နောက် အခုတကြိမ်မှာတော့ သွားရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆီ ဒေါ်အောင်ဆန်းစုကြည်ရဲ့နှစ်ရက်တာခရီးစဉ်အတွင်း တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် တောင်ပိုင်း တခုလုံးက ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဆုံဖို့ရှိပြီး တနင်္ဂနွေညနေ မှာပဲ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

XS
SM
MD
LG