သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်လိုချင်တဲ့အစိုးရ ကိုယ်ရွေးပိုင်ခွင့် ဒေါ်စုလိုလား


ကော့မှူးမြို့နယ်အတွင်း ရွေးကောက်ပွဲစည်းရုံးရေးခရီးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် မှတ်တမ်းဓာတ်ပုံ။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)
ကော့မှူးမြို့နယ်အတွင်း ရွေးကောက်ပွဲစည်းရုံးရေးခရီးဆင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် မှတ်တမ်းဓာတ်ပုံ။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)

ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကတဆင့် ကိုယ်လိုချင်တဲ့အစိုးရကို တင်မြှောက်ပိုင်ခွင့် အပြည့်အဝရှိရမယ်လို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ကော့မှူးမြို့နယ် တနင်္ဂနွေနေ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ပြောသွားပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရဟာ နိုင်ငံအတွက် တိုးတက်သင့် သလောက် တိုးတက်အောင်မလုပ်နိုင်ခဲ့ဘူးလို့ ထောက်ပြသွားပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပေးထားပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမြို့နယ်ကို အောက်တိုဘာ ၂၅ တနင်္ဂနွေနေ့က မဲဆွယ်စည်းရုံးရေး သွားရောက် ခဲ့ရာမှာ ပြည်သူတွေအနေနဲ့ ကိုယ်လိုချင်တဲ့အစိုးရကို ရွေးကောက်ပွဲကတဆင့် တင်မြှောက်ပိုင်ခွင့်ရှိရမယ်လို့ ပျားမွှတ်ကျေးရွာအရောက်မှာ ပြောသွားပါတယ်။

“ပြည်သူများဟာ ကိုယ်လိုချင်တဲ့အစိုးရကို ကိုယ်တင်မြှောက်ပိုင်ခွင့် အပြည့်အဝ ရှိရပါမယ်။ အဲဒီတော့မှ အစိုးရက ငါတို့ပြည်သူတွေကို ချမ်းသာအောင် မလုပ်ပေးရင်၊ ပြည်သူတွေကောင်းကျိုးအတွက် မဆောင်ရွက်ပေးလို့ရှိရင် ငါတို့ဆက်ပြီးတော့ အုပ်ချုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားမှာဖြစ်တယ်။ အဲဒါက ရွေးကောက်ပွဲကနေတဆင့် လုပ်ရတယ်။”

လက်ရှိအာဏာရအစိုးရဟာ သူ့ရဲ့သက်တမ်းအတွင်း နိုင်ငံအတွက် တိုးတက်သင့်သလောက် တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ပျားမွှတ်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်ခရီးစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမြို့နယ်ခရီးစဉ်။ (အောက်တိုဘာ ၂၅၊ ၂၀၁၅)

“ကျမတို့ရဲ့အမြင်မှာတော့ လက်ရှိအစိုးရဟာ ကျမတို့နိုင်ငံကို တိုးတက်သင့်သလောက်တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဒီလိုပဲ ကျမတို့မြင်ပါတယ်။ ဒါကြောင့် ကျမတို့က အပြောင်းအလဲလိုပြီလို့ ပြောရတာပါ။ အခု ကျမ ဒီလာတဲ့လမ်းကို ကြည့်ခဲ့တယ်။ ဒီလာတဲ့လမ်းက ၂၀၁၂ တုန်းကလည်း ဒီအခြေအနေပဲ၊ အခုလည်း ဒီအခြေအနေပဲ။ တိုးကို မတိုးတက်ဘူး။ တစ်နှစ်တစ်တခါ ဒီအတိုင်းပဲ ပြန်လုပ်နေရတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတယ်ဆိုတာဟာ ပြည်သူတွေရသင့်တဲ့ အခွင့်အရေးတရပ်ဖြစ်သလို၊ တာဝန်တရပ်လဲ ဖြစ်တာကြောင့် မဲရုံသွားပြီး မဲပေးကြဖို့ ဘို့ဒင်ကျေးရွာမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

“ရွေးကောက်ပွဲတစ်ခုမှာ ပါဝင်ဆင်နွှဲနိုင်တယ်ဆိုတာ တကယ်တော့ ပြည်သူများရဲ့အခွင့်အရေးပါ။ အဲဒါကို ရွှင်ရွှင်လန်းလန်း၊ နက်နက်နဲနဲနဲ့ ဒီအခွင့်အရေးကို ဆုတ်ကိုင်ပြီးတော့ ၈ ရက်နေ့ကျရင် မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသူ နိုင်ငံသားတိုင်း မဲရုံကိုသွားပြီးတော့ မဲပေးကြပါ။”

ယခင်အစိုးရ အဆက်ဆက်ရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုတွေကြောင့် ဆင်းရဲနိမ့်ကျလာခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့ စိတ် ဝင်နေကြတာကြောင့် အဲဒီစိတ်ဓါတ်ကိုလဲ ပြောင်းလဲကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။ ကော့မှူးမြို့နယ် ခရီးစဉ် အပြီးမှာတော့ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG