သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားမှာ ရွှေ့ပြောင်းလုပ်သားမရှိတဲ့နေ့


ဝါရှင်တန်ဒီစီမြို့တော်မှာ Day Without Immigrants "ရွှေ့ပြောင်းလုပ်သားမရှိတဲ့နေ့" ဆန္ဒပြနေကြစဉ် (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၇ ခုနှစ်)
ဝါရှင်တန်ဒီစီမြို့တော်မှာ Day Without Immigrants "ရွှေ့ပြောင်းလုပ်သားမရှိတဲ့နေ့" ဆန္ဒပြနေကြစဉ် (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၇ ခုနှစ်)

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေး နဲ့ပတ်သက်ပြီး သမ္မတ Donald Trump ရဲ့ တင်းမာတဲ့မူဝါဒကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်နယ်တဝှမ်းက မြို့ကြီးတွေမှာ မနေ့ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့က "Day Without Immigrants" “ရွှေ့ပြောင်းလုပ်သား မရှိတဲ့နေ့” အဖြစ် သတ်မှတ်ပြီး အလုပ်မလုပ်ပဲ ဆန္ဒပြခဲ့ကြပါတယ်။

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့ တည်ဆောက်ထားတဲ့ အမေရိကန်လိုနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားကို အဓိက မှီခိုအားထားနေရတဲ့အတွက် သမ္မတ Trump ရဲ့ မူဝါဒကြောင့် အခက်အခဲတွေ ကြုံလာနိုင်တယ်လို့ မြင်ကြသူတွေထဲမှာအမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ မြန်မာတချို့လည်း ပါဝင်ပါတယ်။

မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီး တင်ပြမှာပါ။

ရွှေ့ပြောင်းလုပ်သားတွေကို အဓိကမှီခိုနေရတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ အများအပြားရှိတဲ့ Washington DC, Philadelphia, New York, Houston, San Francisco, Los Angeles အပါအဝင် အခြားမြို့ကြီးတွေမှာ မနေ့က ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အခုလို ရွှေ့ပြောင်းလုပ်သားတွေ ဆန္ဒပြမှုကြောင့်စီးပွားရေးလုပ်ငန်းထိခိုက်မှုတွေရှိခဲ့တာနဲ့ပတ်သက်လို့ ဗာဂျီးနီးယားပြည်နယ်မှာ ဆူရှီလုပ်ငန်းလုပ်ကိုင်နေသူ ကိုစတီဗင်က ပြောပါတယ်။

“ဒီနေ့ဆိုရင် ပုံမှန်ရုံးတွေ လည်ပတ်နေတဲ့အချိန်ပေါ့နော် ၊ အဲလိုအချိန်မှာဆိုရင် ကျနော်တို့ရဲ့လုပ်ငန်းတွေက ဒီနေ့ဆိုရင် သိသိသာသာကို ကျဆင်းသွားတယ်။ အဲဒီလို ဆက်ပြီးဖြစ်နေမယ်ဆိုရင်တော့ ဒီမှာရှိတဲ့လူတွေပါ စီးပွားရေးအရရော အကုန်လုံးပေါ့နော် ထိခိုက်မယ်။”

ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ဗဟိုအစိုးရအာဏာပိုင်တွေက တရားမဝင်နေထိုင်သူ (၇၀၀) နီးပါးကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ်မှာလည်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေအနေနဲ့ စိုးရိမ်မကင်းဖြစ်ခဲ့ကြပြီးနောက်မှာ အခုလို ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ လုပ်ငန်းပိုင်ရှင်တွေကိုယ်တိုင်လည်း မနေ့ ကြာသာပတေးနေ့က သူတို့ဆိုင်တွေ၊ အလုပ်တွေပိတ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာကို အပြည့်အ၀ ထောက်ခံခဲ့ကြပါတယ်။

သမ္မတရွေးကောက်ပွဲမှာ Donald Trump ကို မဲပေးထောက်ခံခဲ့သူဖြစ်ပေမယ့် အခုလို ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး သမ္မတအနေနဲ့ မူဝါဒချမှတ်ရာမှာ အသေအချာ စစ်တမ်းကောက်ယူသုံးသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း နယူးရောက်ပြည်နယ် ဘာဖဲလိုမြို့မှာ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချ ရေးလုပ်ငန်းလုပ်ကိုင်နေသူ ဦးမင်းနိုင်က ပြောပါတယ်။

“ရွှေ့ပြောင်းနေထိုင်တဲ့ Immigrant တွေက များသောအားဖြင့် 3 D လုပ်ငန်းတွေပဲ လုပ်ရကြတာပဲ။ Difficult ၊ Dirty and Dangerous ဆိုတဲ့ 3 D လုပ်ငန်းတွေပဲ ကျနော်တို့ Immigrant တွေအများစုက ဒါတွေလုပ်ရကြတယ်။ ဒီလူတွေကို အလုပ်တွေမှာ သူတို့ မလုပ်တော့ဘူး ၊ ဆိုကြပါတော့ စားသောက်ဆိုင်တွေမှာ သာမန်ဒေသခံတွေ အလုပ်လုပ်ရတယ် ပင်ပန်းတယ် ပန်းကန်ဆေးရတယ်၊ Dishwasher လုပ်တယ် ဒါတွေက တပတ်မခံဘူး တခါတည်း အလုပ်ထွက်ကြတယ်။ ကျနော်တို့ Immigrant တွေက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရအောင်ကျော်ဖြတ်ပြီးတော့ ဘာဖြစ်လို့လဲဆိုတော့ ရတဲ့အလုပ်ကို လက်မလွှတ်ချင်ကြဘူး။ အလုပ်တွေရှာဖွေရတာ ခက်တဲ့အတွက်ကြောင့် ရတဲ့အလုပ်ကို ခြေကုတ်ယူပြီးတော့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ အဲဒီတော့ ကျနော်ထောက်ပြချင်တာက Immigrant တွေရဲ့ တန်ဖိုးကလည်း တိုင်းပြည်တပြည်မှာ အင်မတန်မှ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သူသိဖို့လိုတယ်။ အဲဒါတွေကို သမ္မတအနေနဲ့ ဒီ ပေါ်လစီတွေကို အခြေခံကျကျ ဆာဗေးလုပ်ထားပြီးတော့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေချတာလား၊ Immigrant တွေရဲ့တန်ဖိုးတွေကို သေသေချာချာ အသိအမှတ်ပြုတယ်ဆိုရင်တော့ ဒီလိုဟာတွေပေါ်မှာ ပေါ်လစီအလျှော့အတင်းတွေလုပ်နိုင်တယ်။”

စွန့်ပစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းဟာ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အသက်အရွယ်မရွေး၊ အချိန်မရွေး လုပ်ကိုင်နိုင်တဲ့အလုပ်ဖြစ်တယ်လို့လည်း သူကအခုလိုပြောပါတယ်။

“အသက်အရွယ်ကြောင့်ရော၊ ဘာသာစကား အခက်အခဲတွေကြောင့်ရော လုပ်ငန်းရှာဖွေဖို့ ခက်တဲ့လူတွေအတွက် ဒီလိုရည်ရွယ်ပြီးတော့ အခုလက်ရှိဖွင့်ထားတဲ့ လုပ်ငန်းတွေကို စပြီးတော့ ကြိုးစားပြီးတော့ ဒီလုပ်ငန်းရဲ့ သဘောသဘာဝတွေ Rules တွေ Regulation တွေကို စနစ်တကျ ဆာဗေးလုပ်ပြီးတော့ ဒီလုပ်ငန်းကို စလုပ်ဖြစ်တယ်။ ဒီ လုပ်ငန်းကို လုပ်ခြင်းဖြင့် ဒီမှာ အလုပ်ရှာဖွေလို့မရတဲ့ လူတွေအတွက်ကို Immigrant တွေ အထူးသဖြင့် သက်ကြီးသမားတွေ ၊ သက်ကြီး ရွယ်အိုတွေအတွက်ကို ကျနော်အလုပ်ပေးနိုင်တဲ့သဘောမျိုးပြောလို့ရတယ်။”

ရွှေ့ပြောင်းလုပ်သားအများစုဟာ နိုင်ငံသားတွေ မလုပ်ချင်တဲ့ အောက်ခြေသိမ်းလုပ်ငန်းတွေမှာ လုပ်ခလစား အပြည့်နဲ့ ဝင်ရောက်လုပ်ကိုင်ကြတဲ့အတွက် အမေရိကန်စီးပွားရေးမှာလည်း အကျိုးထိရောက်မှုတွေ ရှိစေတယ်လို့ ကို စတီဗင်က မြင်ပါတယ်။

“ထိရောက်တယ်၊ ထိရောက်တယ်ဆိုတာက သူတို့ နိုင်ငံသားတွေမလုပ်ချင်တဲ့တော်တော်များများက ရွှေ့ပြောင်းလာတဲ့လူတွေလုပ်တာ အခုတော်တော်များတယ်။ ရာဇဝတ်နဲ့ ပတ်သက်တဲ့လူတွေပဲ သူတို့ သေချာစိစစ်ပြီးတော့ အရေးယူသင့်တာပေါ့နော်။ ရွှေ့ပြောင်းလာတဲ့လူတွေအကုန်လုံးကို လုပ်မယ်ဆိုရင်တော့ ကြာရှည်ဆိုရင်တော့ မကောင်းတဲ့ လက္ခဏာဆောင်မယ်လို့ ကျနော်အဲလိုမြင်တာပဲ။”

မနေ့က ဆန္ဒပြမှုတွေမှာ ပြည်နယ်ကျောင်းတချို့ရဲ့ ဝန်ထမ်းတွေလည်း ပါဝင်ကြတဲ့အတွက် သူတို့ကို ထောက်ခံတဲ့အနေနဲ့ အဲဒီကျောင်းတွေလည်း ပိတ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG