သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jenin မြို့ စစ်ဆင်ရေးပြီးမြောက်ဟု အစ္စရေးဝန်ကြီးချုပ် ကြေညာ


Jenin မြို့အနီး စစ်စခန်းကိုလာရောက်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ယာ)နဲ့ ကာကွယ်ရေးဝန်ကြီးYoav Gallant (ဝဲ)၊ဂျူလိုင် ၄၊ ၂၀၂၃
Jenin မြို့အနီး စစ်စခန်းကိုလာရောက်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu (ယာ)နဲ့ ကာကွယ်ရေးဝန်ကြီးYoav Gallant (ဝဲ)၊ဂျူလိုင် ၄၊ ၂၀၂၃
ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း သိမ်းပိုက်ခံပါလက်စတိုင်းဒေသတွင်းက Jenin ဒုက္ခသည်စခန်းအတွင်း အစ္စရေးက စစ်ဆင်ပြီး စခန်းအတွင်း လက်နက်ကိုင်ပါလက်စတိုင်းအုပ်စုတွေကို ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့ပြီးတဲ့နောက်၊ အင်္ဂါနေ့မှာတော့ အစ္စရေးတပ်တွေ စခန်းကနေ ပြန်လည် စတင်ရုပ်သိမ်းခဲ့ပါတယ်။
တနင်္လာနေ့က စတဲ့ ဒီစစ်ဆင်ရေးအတွင်း သေဆုံးတဲ့အရေအတွက်ဟာလည်း ၁၂ ဦးအထိ တိုးလာခဲ့ပါတယ်။ လတ်တလောအခြေအနေမှာ စစ်ဆင်ရေး ရည်မှန်းချက်ပြီးမြောက်ခဲ့ပြီး၊ Jenin စခန်းအတွင်း စစ်ဆင်မှုဟာ ဒီတကြိမ်ပဲလို့တော့ မပြောနိုင်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အနီးအနားက စစ်တပ်ဂိတ်တခုမှာ ပြောသွားပါတယ်။
Jenin စခန်းကို အကြမ်းဖက်သမားတွေအတွက် ခိုလှုံရာသဘောအဖြစ်ခံမှာမဟုတ်ပဲ၊ လိုအပ်ရင် လိုအပ်သလို စစ်ဆင်ရေးဆောင်ရွက်မှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။ ဆေးရုံအနီးတဝိုက်မှာ ပစ်ခတ်မှုတွေဆက်ရှိနေတာမို့ တပ်တွေ ရုပ်တယ်ဆိုတဲ့အပေါ် အခြေအနေတွေ ရှုပ်ရှုပ်ထွေးထွေးရှိနေတယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
အခုလို ပါလက်စတိုင်းဒုက္ခသည်စခန်းကို အစ္စရေးတပ်က ဝင်ရောက်တိုက်တဲ့အပေါ် လက်တုန့်ပြန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာမလားစိုးရိမ်မှုတွေ တိုးနေချိန်မှာပဲ၊ Tel Aviv မှာ ကားနဲ့ဝင်တိုက်ခိုက်မှုကြောင့် အစ္စရေး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ Jenin ဒုက္ခသည်စခန်းအတွင်းမှာတော့ သံသယရှိတဲ့သေနက်သမား ၁၂၀ ကိုဖမ်းဆီးထားပြီး လက်နက်တွေ ဖောက်ခွဲရေးပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးစစ်ဆင်ရေးအတွင်း သေဆုံးမှုဟာ ၁၂ ဦးအထိ တိုးလာပြီး၊ လူ ၁၀၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ တိုက်ခိုက်ရေးသမားတွေ ဖြစ်တယ်လို့ အစ္စရေးဖက်ကပြောနေသလို၊ သေဆုံးတဲ့အထဲ ငါးဦးဟာ သူတို့အဖွဲ့ဝင်တွေကို ပါလက်စတိုင်းစစ်သွေးကြွအုပ်စုတွေက ပြောပါတယ်။
စခန်းအတွင်းနေထိုင်သူ ၁၇ ၀၀၀ ထဲက သုံးထောင်လောက်ကို ပြောင်းရွှေ့နေရာချ ကူညီထားတယ်လို့ ပါလက်စတိုင်းလခြမ်းနီကြက်ခြေနီအဖွဲ့က ပြောပါတယ်။ တချို့ ဒုက္ခသည်စခန်းအတွင်းကလူတွေကတော့ ကျောင်းတွေနဲ့ အများပြည်သူအဆောက်အအုံတွေမှာ ခုံလှုံနေကြပါတယ်။ အစ္စရေးတပ်ဖွဲတွေနဲ့ ပါလက်စတိုင်းတို့အကြား ပဋိပက္ခဖြစ်နေတာမို့ စခန်းအတွင်းအများစုကတော့ သူတို့နေအိမ်တွေ အတွင်းမှာပဲ အပြင်မထွက်ပဲ ခိုအောင်းနေကြပါတယ်။
အစ္စရေးကတော့ ဒီစစ်ဆင်ရေးကို အကြမ်းဖက်မှုတန်ပြန်စစ်ဆင်တာလို့ ဆိုပြီး၊ ဒရုန်းတွေ မြေတူးစက်တွေနဲ့ စစ်သည်ရာဂဏန်း ဒီစစ်ဆင်ရေးမှာ အသုံးပြုခဲ့ပါတယ်။ ပါလက်စတိုင်းသမ္မတရုံး ပြောခွင့်ရသူတော့ ဒီစစ်ဆင်ရေးကို ကျူးကျော်မှုလို့ သုံးပြီး ပါလက်စတိုင်းတွေအနေနဲ့ သူတို့ပိုင်မြေပေါ်မှာ ဒူးမထောက် လက်နက်မချပဲ ရပ်တည်သွားမယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG