သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဖက်ကမ်း အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်း ၈ဦးသေဆုံး


ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းက JENIN မြိုံ့
ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းက JENIN မြိုံ့

တနင်္လာနေ့အစောပိုင်းမှာ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာရှိတဲ့ စစ်သွေးကြွတွေရဲ့ အမာခံစခန်းတခုကို အစ္စရေးက အဝေးထိန်းဒရုန်းတွေနဲ့ တိုက်ခိုက်ရာမှာ ပါလက်စတိုင်း ၈ ဦးထက်မနည်းသေဆုံးပြီး လူ ၅၀ ဒဏ်ရာရထားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ Jenin ဒုက္ခသည်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သွေးကြွတွေရဲ့ကွပ်ကဲရေးဌာနကို ညလယ်ခေါင်မှာ စစ်ဆင်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒါဟာ တနှစ်ကျော်အတွင်း အနောက်ဖက်ကမ်းဒေသမှာ အစ္စရေးရဲ့ အကြီးဆုံးစစ်ဆင်ရေးတခုဖြစ်ပါတယ်။ စခန်းရဲ့ လူစည်ကားရာလမ်းတွေပေါ်ကနေ မီးခိုးလုံးတွေ တက်လာတာတွေ့ရပြီး၊ အပြန်အလှန်ပစ်ခတ် နေတာတွေ ဝေဟင်မှာ ဒရုန်းတွေ ပျံဝဲနေတာတွေ ကြားရပါတယ်။ တချို့နေရာတွေမှာ လျှပ်စစ်မီးပြတ် တောက်နေပြီး၊ လမ်းကျဉ်းကျဉ်းတွေမှာ အစ္စရေးစစ်တပ်ဝင်နိုင်ဖို့ စစ်တပ်က မြေထိုးစက်တွေနဲ့ ထိုးပြီး လမ်းရှင်းနေတာကြောင့် အဆောက်အအုံတွေပျက်စီးကုန်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

အခု ဒီတိုက်ခိုက်မှုကို ပါလက်စတိုင်းတွေ၊ အိမ်နီးချင်း ဂျော်ဒန်နဲ့ အီဂျစ်အပါအဝင် ၅၇ နိုင်ငံပါ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကလည်း ဝေဖန်ရှုတ်ချထားပါတယ်။ ပဋိပက္ခအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အရပ်သားပြည်သူတွေ အသက်အန္တရာယ်ကာကွယ်ဖို့ ဖြစ်နိုင်သမျှ သတိကြီးကြီးထားဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အခု တိုက်ခိုက်မှုတွေကို ကြည့်ရင် ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း လုံခြုံရေးတပ်တွေအကြား ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ အဲဒီနေရာဟာ ၂၀၂၂ ခုနှစ်နွေဦးကစပြီး အစ္စရေး-ပါလက်စတိုင်းအကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့နေရာပါ။ ဒီ စစ်ဆင်ရေးဟာ အစီအစဉ်အတိုင်းဆောင်ရွက်တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဘယ်တော့ အဆုံးသတ်မလဲဆိုတာတော့ မပြောပါဘူး။ အစ္စရေးမြေပြင်တပ်ရဲ့ ပြောခွင့်ရသူတော့ မြေပြင်ကိုထိန်းချုပ်ထားဖို့ အစီအစဉ်မရှိပဲ အတိအကျနေရာတွေကို ပစ်မှတ်ထားဆောင်ရွက်တာလို့ ဆိုပါတယ်။ ပါလက်စတိုင်းသမ္မတပြောခွင့်ရသူကတော့ ပါလက်စတိုင်းပြည်သူတွေအနေနဲ့ ဒူးထောက် လက်နက်ချမှာမဟုတ်ပဲ၊ ဒီကျူးကျော်မှုကို ခုခံသွားမယ်လို့ ဆိုပါတယ်။

စခန်းအတွင်းမှာတော့ အစ္စရေးစစ်တပ်က လမ်းတွေကို ပိတ်ဆို့ထားပြီး၊ အိမ်တွေ၊ အဆောက်အအုံတွေ ပေါ်မှာ လက်ဖြောင့်သေနက်သမားတွေ နေရာယူထားတယ်လို့ ပါလက်စတို်ငးသတင်းမီဒီယာတခုက ဖော်ပြပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကတော့ Jenin ဒုက္ခသည်စခန်းအတွင်းမှာ အီရန်ရဲ့ အထောက်အပံ့နဲ့ အကြမ်းဖက်လှုပ်ရှားမှုအတွက် ကွပ်ကဲရေးဌာနတခုဖြစ်လာတယ်လို့ စွပ်စွဲထားပါတယ်။

ပါလက်စတိုင်းဒေသမှာ နောက်ထပ်တင်းမာမှုတွေတိုးမလာစေဖို့အတွက် အစ္စရေးရော ပါလက်စတိုင်း တွေပါ ထိမ်းထိမ်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့အပတ်ကပဲ တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG