သုံးရလွယ်ကူစေသည့် Link များ

အကြွေးပြဿနာ ထိုင်းစီးပွားရေးရိုက်ခတ်


ထိုင်းအကမယ်များ မစ်ဆူဘီရှီကားအရောင်းပြခန်းမှာ အရောင်းမြှင့်တင်ရေးပြကွက် ကပြနေစဉ်။
ထိုင်းနိုင်ငံရဲ့ ပြည်တွင်း ဝယ်ယူစားသုံးမှု ကျလာနေတာကြောင့် နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်မယ့် အခြေအနေမှာ ရှိနေပါတယ်။ ထိုင်းမိသားစုတွေဟာ အကြွေးတွေတင်နေပြီး ဝင်ငွေကလည်း အကန့်အသတ်နဲ့ ရှိနေတာကြောင့် ဝယ်ယူသုံးစွဲမှုကတော့ ရှေ့ဆက် လျော့နေဦးမယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ထိုင်းစီးပွားရေး အလားအလာတွေကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

ထိုင်းမိသားစုတွေမှာ အကြွေးတွေ ခေါင်ခိုက်လာတာကြောင့် ပြည်တွင်းဝယ်ယူစားသုံးမှု လျော့ကျလာပြီး ၂ဝ၁၃ ခုနှစ် ဒုတိယ လေးလပတ်အတွင်းမှာ မျှော်လင့်မထားတဲ့ စီးပွားကျမှုဆီကို ဦးတည်သွားစေခဲ့ပါတယ်။ အသုံးစရိတ်တွေ မြင့်တက်လာတာကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်လာတဲ့ ထိုင်း မိသားစုတွေက ပိုပိုများလာပါတယ်။ အကြွေးတွေဟာဆိုရင်လည်း ပြည်တွင်းအသားတင် ထုတ်လုပ်မှုရဲ့ ၈ဝ ရာခိုင်နှုန်းလောက်အထိကို စံချိန်တင် မြင့်တက်နေတာပါ။ ၂ဝဝ၉ ခုနှစ်ကနဲ့စာရင် ၂၅ ရာခိုင်နှုန်း တက်လာတာလည်း ဖြစ်ပါတယ်။ မိသားစုအကြွေး ၁ဝ ရာခိုင်နှုန်းလောက် ထပ်တိုးလာတာဟာ ထိုင်းစီးပွားရေးအတွက် သတိပေးချက် တခုလည်း ဖြစ်ပါတယ်။
ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဋ္ဌ Pornsilp Patcharintanakul ကတော့ ဒီအပေါ်မှာ အခုလို ပြောပါတယ်။
“ပျမ်းမျှအားဖြင့် မိသားစု အကြွေးက ၈ဝ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါကြောင့်လည်း အခု ဒီမှာ ဖြစ်နေတာက လူတွေရဲ့ဝင်ငွေကလည်း တန့်နေပါတယ်။ ဘယ်သူမှ အပြင်ထွက် ဝယ်တာ ချမ်းတာ မရှိတော့ဘူးလေ။ ဒါကြောင့်မို့လို့ စားသုံးသူရဲ့ သုံးစွဲလိုစိတ်က နိမ့်နေတယ်လို့ အကြမ်းဖျင်း ပြောရပါမယ်။”
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအားကောင်းခဲ့ပြီး ၆.၅ ရာခိုင်နှုန်းလောက် တိုးတက်ခဲ့ပြီး ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးထက် သာလွန်ခဲ့ပါတယ်။ အခုနှစ် ၂ဝ၁၃ ခုနှစ်၊ ပထမ လေးလပတ်မှာတော့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးရဲ့ ၁.၇ ရာခိုင်နှုန်း ကျခဲ့ပြီး ဒုတိယ လေးလပတ်မှာတော့ ဝ.၃ ရာခိုင်နှုန်း ကျခဲ့ပါတယ်။ လောလောဆယ်မှာတော့ ထိုင်းအစိုးရက ၂ဝ၁၃ ခုနှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးဟာ ၄.၁ ရာခိုင်နှုန်း အထိ ကျသွားမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီလို စီးပွားရေး ကျလာမှုဟာ ဘာကြောင့်များလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေကတော့ လူကြိုက်များအောင် လုပ်နေတဲ့ မူဝါဒတွေကို ထောက်ပြကြပါတယ်။ ဒီလို ထောက်ပြတာတွေထဲက တခုကတော့ ပထမဆုံး ကားဝယ်သူတွေကို အစိုးရက မက်လုံးပေးထားတဲ့ အစီအစဉ်ပါ။ ပြည်တွင်း ဝယ်ယူသုံးစွဲမှုကို မြှင့်တင်ဖို့ ပထမဆုံး ကားဝယ်ယူသူတွေကို အစိုးရက အခွန် ပမာဏ ကြီးကြီး ပြန်အမ်းပေးဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့တာပါ။

ဒါပေမယ့်လည်း ဒီအစီအစဉ်နဲ့ ကားဝယ်ကြသူ ၁.၂ သန်းလောက်ထဲက လေးပုံတပုံဟာ အကြွေးပြန်မဆပ်ကြပါဘူး။ ဒီလိုနည်းနဲ့ ကားဝယ်ခဲ့ကြသူတွေဟာ အခုတော့ အကြွေးပိကုန်ကြပါတယ်။ အသက် ၂၆ နှစ်အရွယ် ဆောက်လုပ်ရေး ကုမ္ပဏီလုပ်သား Surapong ရဲ့ တလဝင်ငွေက ထိုင်းဘတ် ၁ သောင်း ၆ ထောင် (အမေရိကန် ဒေါ်လာ ၅ဝဝ) လောက် ရပါတယ်။ ဒီထဲက ဘတ် ၁ သောင်းကိုတော့ အစိုးရရဲ့ အခွန် သက်သာခွင့်အစီအစဉ်နဲ့ ကားဝယ်ထားတဲ့ အကြွေး ဆပ်ရပါတယ်။ ကျန်တဲ့ ဘတ် ၃ ထောင်က ငှားယမ်းခပါ။ Surapong အတွက်ကတော့ လက်ထဲ လစာ ကျန်တယ်ဆိုရုံလေးပဲ ရှိပြီး လောက်ငအောင် ချွေတာ သုံးစွဲရတယ်လို့ Surapong က ပြောပါတယ်။
“တခြား အသုံးအစွဲတွေ အားလုံး သိပ်ကို ဂရုစိုက်ရပါတယ်။ မပေးမဖြစ် ပေးရမယ့် ဟာတွေကို ဦးစားပေးပြီး ပေးရပါတယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကိုလည်း ရှောင်ရပါတယ်။”
စာရင်းဇယားတွေ အရ ကြည့်ရင် လူတဦးချင်း ဝယ်လိုအားကတော့ ဒီနှစ် ဒုတိယ လေးလပတ်ထဲမှာ ၁.၉ ရာခိုင်နှုန်း ကျသွားပါတယ်။ ထိုင်းအစိုးရက နိုင်ငံရဲ့ စက်သုံးဆီနဲ့ လျှပ်စစ် အဖိုးအခကိုလည်း စက်တင်ဘာ လထဲမှာ တိုးလိုက်ပြန်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတွင်းက အခြေခံ ဈေးနှုန်းတွေ တက်သွားပြီး လူထုအနေနဲ့ ငွေသုံးဖို့ အတော်လေး ချင့်ချင့်ချိန်ချိန် ဖြစ်လာလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့်ဘဲ ပြည်တွင်းဈေးကွက်ကတော့ ဆက်ပြီး ထိုင်းမှိုင်းနေဦးမှာလည်း ဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG