သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှနိုင်ငံရေး အပြောင်းအလဲနဲ့ မြန်မာ့အရေး


ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဦးသန်းလွင်ထွန်း က ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of the Union of Burma) အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် ကို ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ် အပြောင်းအလဲ၊ အာရှနိုင်ငံများရဲ့  နိုင်ငံရေးရပ်တည်ချက် နဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဖိလစ်ပိုင်သမ္မတသစ် ဘီနှင်နို နွိုင်နွိုင် အကွီနို (Benigno Aquino) ရဲ့  သမ္မတသစ်ကျမ်းသစ္စာကျိန်းဆိုပွဲကို ပြည်ပရောက် မြန်မာအတိုက်အခံအဖွဲ့စည်းဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီမှ အဖွဲ့ဝင်တွေ တရားဝင်ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတ ဘီနှင်နို အကွီနို ခေါင်းဆောင်တဲ့ လစ်ဘရယ်ပါတီ (Libral Party) ရှိလာတဲ့အပြင် ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီ၊ ဂျပန်နိုင်ငံမှ ဒီမိုကရက်တစ်ပါတီ တွေဟာ မြန်မာဒီမိုကရေစီရေးအတွက် အင်အားတွေဖြစ်တယ်လို့ သမ္မတသစ်ကျမ်းသစ္စာဆိုပွဲကို တက်ရောက်ခဲ့တဲ့ ဦးမောင်မောင် က ပြောဆိုပါတယ်။

ဦးမောင်မောင် ။ ။ ဖိလစ်ပိုင်သမ္မတရဲ့  နိုင်ငံရေးပါတီဖြစ်တဲ လစ်ဘရယ်ပါတီနဲ့အတူ ကျနော်တို့ အမျိုးသားကောင်စီက အခုလက်ရှိ အစိုးရဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ နဲ့ ဂျပန်နိုင်ငံမှာ လက်ရှိအစိုးရဖြစ်နေတဲ့ ဒီမိုကရက်တစ်ပါတီတို့က Council of Asian Liberals and Democrats အဖွဲ့ဝင်တွေဖြစ်တော့ အဲဒီအဖွဲ့ဝင်အနေနဲ့ ကျနော်တို့ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံအကြီးအကဲတယောက်ရဲ့  ကျမ်းသစ္စာကျိန်ဆိုပွဲကို ပြည်ပမှာရောက်ရှိနေတဲ့ အတိုက်အခံအဖွဲ့အစည်းတရပ်အနေနဲ့ တက်ရောက်ခွင့်ရခဲ့တာ၊ တရားဝင်ဖိတ်ကြားခြင်း ရခဲ့တာ ပထမဦးဆုံးလို့ ပြောကြပါတယ်။ အဲဒါ ဟုတ်ပါသလား။

ဦးမောင်မောင် ။ ။ ဟုတ်ကဲ့ ကျနော်တို့ သိရသလောက် ပထမဦးဆုံးအကြိမ် ဖြစ်တယ်။ ဒါကလည်း ကျနော်တို့အနေနဲ့ ဗမာပြည်အနေနဲ့ ဒီလို ဖိတ်ကြားခံရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ဒီအပြင် Council of Asian Liberals and Democrats က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုတယ်။ အဲဒီစာကိုလည်း နအဖ သံရုံးကို ပေးလိုက်တယ်ဆိုတာကို သိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီးထဲမှာ မြန်မာနိုင်ငံရဲ့  အခြေအနေနဲ့ ပတ်သက်လို့၊ အာရှနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ အထူးသဖြင့် မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် လုပ်နေတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ အစောပိုင်းက ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့တော့ ရှိခဲ့တယ်။ ဒါပေမဲ့ တစိုက်မတ်မတ် လူ့အခွင့်အရေးဘက်က ပြောကြားခဲ့တဲ့နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ ဖြစ်ပါတယ်။ အခု သမ္မတလက်ထဲမှာ ဒီအခြေအနေတွေက ဘယ်လို တိုးတက်လာနိုင်စရာတွေ ရှိသလဲ။

ဦးမောင်မောင် ။ ။ ရှိပါတယ်ခင်များ။ အခုလက်ရှိ သမ္မတသစ်ပြောင်းသွားပေမယ့် သူ့ရဲ့  ဝန်ကြီးအဖွဲ့မှာ Cabinet အဖွဲ့ထဲမှာ နိုင်ငံခြားဝန်ကြီးပြောင်းတာ မရှိသေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးက မကြာသေးခင်ကပဲ နအဖရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ပါတီမပါဘူးဆိုရင် အတုအယောင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီဝန်ကြီးဆက်လက် ခန့်ထားပါတယ်။ ဒီဝန်ကြီးက အနည်းဆုံး (၆) လကနေ (၁) နှစ် ရှိမယ်ဆိုတာကို သိရတယ်။ နိုင်ငံခြားဝန်ကြီးဌာနရဲ့  ပေါ်လစီကို ဆက်ကိုင်ထားမယ်။ ဒီအပြင် ဖိလစ်ပိုင်လစ်ဘရယ်ပါတီနဲ့ ဆွေးနွေးတဲ့အခါမှာ ဒီအနေအထားကနေ ဘယ်လိုမှ လျှော့သွားမှာမရှိဘူး။ ဒါထက်ပိုပြီးတော့ တခြား အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ဆက်လက်ကြိုးစားသွားမယ်ဆိုတာကို ဆွေးနွေးထားတာရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အာဆီယံအဖွဲ့အနေနဲ့ အဖွဲ့ထဲမှာပါတဲ့ နိုင်ငံတွေက ဘာဘဲပြောပြော အာဆီယံကြီးတခုလုံးရဲ့  သဘောထားဆန္ဒတွေက တညီတညွှတ်တည်းဖြစ်မှ တစုံတရာရှေ့ ကိုလှမ်းလို့ရတဲ့ သဘောထားဆိုတော့ ဖိလစ်ပိုင်နိုင်ငံရဲ့  မြန်မာံအရေးပေါ်ကို ရပ်တည်ချက်တွေက ဒီထက်ပိုပြီး ဘာများရှိလာနိုင်ပြီလဲ။

ဦးမောင်မောင် ။ ။ ရှိလာနိုင်ပါတယ်။ ကျနော် အခုနတင်ပြသလို ဒီအာဆီယံထဲမှာဆို ကျနော်တို့ အမျိုးသားကောင်စီနဲ့ အဖွဲ့ဝင်အဖြစ် ရှိနေတာ ယိုးဒယားနိုင်ငံမှာ အခုလက်ရှိအစိုးရဖြစ်နေတဲ့ ဒီမိုကရက်တစ်ပါတီက ကျနော်တို့ရဲ့  အဖွဲ့ဝင်ဖြစ်တယ်။ ဒီမှာရှိတဲ့ ပုဂ္ဂိုလ်အတော်များများကလည်း မြန်မာပြည်အရေးကို သူတို့အစိုးရမဖြစ်ခင်ကတည်းက ရင်းနှီသူများဖြစ်တယ်။ အခုဆိုရင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံနိုင်ငံထဲမှာ အဓိကကျတဲ့နိုင်ငံတခုအဖြစ် ကျနော်တို့အကြောင်းကို နားလည်းတယ်၊ ကျနော်တို့ကို ကူညီတယ်။ အထူးသဖြင့် အခုတက်လာတဲ့ သမ္မတ နွိုင်နွိုင် အကီနိုရဲ့  အမေဆိုရင် ဒေါ်စုကို တော်တော်လေး ထောက်ခံထားတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဒီအာဆီယံထဲမှာ နှစ်နိုင်ငံရဲ့  ထောက်ခံမှုရှိနေတယ်။ နောက် အင်ဒိုနီးရှားကလည်း ပြင်းပြင်းထန်ထန် ထောက်ခံလာတယ်အပေါ်မှာ အာဆီယံရဲ့  ပေါ်လစီကို ကျနော်တို့က ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပြိုမသွားအောင်၊ ရွေးကောက်ပွဲကို မထောက်ခံဖို့ ကျနော်တို့လုပ်ဖို့အတွက်က အခွင့်အရေးများလာတာကို တွေ့ရပါတယ်။ နောက်ထပ် ဒီအပြင် ဂျပန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ ကလည်း အဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် အာရှတိုက်ထဲမှာ အရေးကြီးတဲ့ ဂျပန်နိုင်ငံရဲ့  ဦးဆောင်ပါတီနဲ့ ကျနော်တို့အနေနဲ့ မြန်မာပြည်အရေးကို ဆက်လက်ထောက်ခံသွားမှာရှိတယ်။ ဒါအပြင် အာဆီယံထဲမှာ နှစ်နိုင်ငံက ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့က ဗမာပြည်အရေးက အာရှတိုက်ထဲမှာ တော်တော်လေး ပွင့်ပွင့်လင်းလင်း ဖြစ်လာပြီး လူ့အခွင့်အရေးဆိုင်ရာ၊ နိုင်ငံရေးပြောင်းလဲမှုဆိုင်ရာ ပြောင်းလဲမှုအတွက် အားရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့က မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ချေ မရှိဘူးလို့ ပြောထားတာ ဦးမောင်မောင် ပြောပါတယ်။ ဒီထက်ပိုပြီး သူတို့အနေနဲ့ ဘာတွေတောင်းဆိုလာစရာ ရှိပါသလဲ။ လက်ရှိအနေအထားတွေကို ထောက်ပြပြီး ဒါဟာ တရားမျှတမှုမရှိဘူး ဆိုတာအပြင်ကို တခြား ထူးထူးခြားခြား တောင်းဆိုလာနိုင်တဲ့ အနေအထားတွေက ဘာတွေလဲ။

ဦးမောင်မောင် ။ ။ ထူးခြားတာက ဘာလဲဆိုတော့ ဖိလစ်ပိုင်နိုင်ငံတနိုင်ငံတည်းနဲ့တော့ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ အခုန တင်ပြသလို အာရှတိုက်ထဲမှာဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံ နဲ့ အာဆီယံထဲမှာ ရှိတာရယ်။ အာရှတိုက်မှာ အဓိကကျတဲ့ ဂျပန်နိုင်ငံ (၃) နိုင်ငံတို့ရဲ့  အနေအထားက ရွေးကောက်ပွဲက လွတ်လပ်မှုမရှိဘူး။ ဒါကို အသိအမှတ်ပြု ခက်ခဲမယ်ဆိုတဲ့ ပြောဆိုချက်က ဘယ်မှာသက်ရောက်မှု ရှိမလဲဆိုတော့ တကမ္ဘာလုံးက စစ်အစိုးရကို မေးတဲ့အခါမှာ မင်းတို့ အိမ်နီးချင်းနိုင်ငံတွေက ဘာပြောသလို၊ ဘယ်လိုထင်သလဲ ဆိုတဲ့အပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်လို့ မြင်တယ်။ အခုလုပ်မယ့် နအဖ ရွေးကောက်ပွဲနဲ့ အခုကာလကြားမှာ ဒီနိုင်ငံတွေက ဗမာပြည်အရေးနဲ့ ပတ်သက်တဲ့ ညီလာခံတွေ၊ ဆွေးနွေးပွဲတွေလုပ်ပြီး ဒီဟာကို ပြုပြင်ပြောင်းလဲမှုဖြစ်ဖို့အရေးကို တောင်းဆိုထားတယ်။ ဒါတွေကလည်း ပိုပြီးတော့ positive အပေါင်းလက္ခဏာ ပြတဲ့အတွက်ကြောင့် အပြည်ပြည်ဆိုင်ရာရဲ့  သဘောထားပေါ်မှာ သက်ရောက်မှုက ပိုပြီးတော့ ရှိလာမယ်လို့တော့ ကျနော်က မြင်ပါတယ်။ ဒါကိုလည်း ကျနော်တို့ ကြိုးစားနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အစိုးရအဖွဲ့အချင်းချင်းအပြင် အခု လစ်ဘရယ်ပါတီဟာ ထိုင်းနိုင်ငံရဲ့  လက်ရှိအစိုးရ ဒီမိုကရက်တစ်ပါတီနဲ့လည်း ဦးမောင်မောင်ပြောအရ အသင်းအပင်းအဖွဲ့အစည်းတခုအနေနဲ့ နီးစပ်တဲ့ပါတီအချင်းချင်း ဖြစ်နေတော့ ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီရဲ့  ရပ်တည်ချက်တွေအပေါ် မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်တွေကို လစ်ဘရယ်ပါတီက ဘယ်လောက်ချည်းကပ်ပြီး အပြောင်းအလဲတွေ လုပ်ပေးနိုင်မလဲ။ ဘာကြောင့် ကျနော်မေးရသလဲဆိုတော့ ထိုင်း ဒီမိုကရက်တစ်ပါတီရဲ့  သဘောအရဆိုလိုရှိရင် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို အရင်ကျင်းပပြီးမှ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီအရေးတွေကို ဖြည်းဖြည်းပြုပြင်ပြောင်းသွားစေချင်တဲ့ သဘောမျိုးကို သူတို့ရဲ့  ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင်က ကျနော်တို့ ဗွီအိုအေမှာ လာပြောသွားတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဦးမောင်မောင်အနေနဲ့ ဘယ်လိုသဘောရှိပါသလဲ။

ဦးမောင်မောင် ။ ။ အဲဒါကလည်း ကျနော်တို့ ထပ်ပြီးဆွေးနွေးနေတာ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ဘက် အားနည်းချက်က ဘာလည်းဆိုတော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုတာကိုပဲ လူတွေက မြင်နေကြတယ်။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ အခြေခံထဲမှာ ပါဝင်သင့်တဲ့အချက်တချက် မှန်ပေမယ့် ရှိနေတဲ့ အခြေခံဥပဒေက ပြုပြင်ပြောင်းလဲမှုကို အနေအထားမပေးဘူး။ ရွေးကောက်ပွဲဝင်ပြီးတိုင်အောင် ပြုပြင်ပြောင်းလဲမှု မရဘူးဆိုတဲ့ အနေအထားကို ကျနော်တို့က တိတိကျကျ ရှင်းပြဖို့လိုတယ်။ ဒါက ဖိလစ်ပိုင်နိုင်ငံမှာတော့ တော်တော်လေး အနေကျသွားပါပြီ။ လစ်ဘရယ်ပါတီရဲ့  အရေးကြီးတဲ့ အတွင်းရေးမှုးချုပ်၊ ဥက္ကဌ၊ နိုင်ငံခြားရေးကော်မတီ၊ ညွှန်ကြားရေးမှုးစတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့က ဘာကြောင့် ရွေးကောက်ပွဲမဝင်ရသလဲဆိုတာကို အခြေခံဥပဒေနဲ့ ပြုပြင်ပြောင်းလဲမှု မရခြင်းကြောင့်ဆိုတာကို ရှင်းပြတယ်။ ယိုးဒယားနိုင်ငံကိုလည်း ဒီလိုရှင်းပြဖို့လိုတယ်လို့ မြင်တယ်။ ကျနော်တို့ကို ပြုပြင်ပြောင်းလဲမှု ဖြစ်စေချင်တယ်ဆိုတာကို နားလည်းတယ်။ ကျနော်တို့ကလည်း ရွေးကောက်ပွဲရှိဖို့ဆိုတာကို လက်ခံတယ်။ ကျနော်တို့က ရွေးကောက်ပွဲကို ငြင်းတာမဟုတ်ဘူး။ သို့သော်လည်း အခုနတင်ပြသလို တိုင်းရင်းသားတွေရဲ့  ကိုယ်ပိုင်အခွင့်အရေးဆိုတာကို ကိုယ်ပိုင်အုပ်ချုပ်မှု အာမခံချက်မရှိဘူးဆိုတာရယ် နောက်တခါ ရွေးကောက်ပွဲ ဥပဒေအရ လွတ်လွတ်လပ်လပ် အလံထောင်ပြီးတော့ စည်းရုံးရေးလုပ်လို့ မရဘူးကိစ္စ၊ အသံချဲ့ စက်တောင် သုံးလို့မရဘူးဆိုတဲ့ ကိစ္စတွေက ရွေးကောက်ပွဲရဲ့  လွတ်လပ်မှုကို ဖျက်ဆီးထားတယ်ဆိုတာကို ရှင်းပြနိုင်မယ်ဆိုရင် ကျနော်တို့ ပြန်ပြီးတော့ ယိုးဒယားနိုင်ငံရဲ့  ပေါ်လစီကို ပြန်ထိန်းနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီလို လုပ်ဖို့ဆိုတာကလည်း ကျနော်တို့အနေနဲ့ ပါတီချင်း ရင်းနှီးမှုရှိတဲ့အတွက် ပိုပြီးတော့ အဆင်ပြေမယ်။ အရင် ဝန်ကြီးချုပ်နဲ့ဆရင် အခုရှိနေတဲ့ ယိုးဒယား cabinet နဲ့ ပိုအဆင်ပြေတယ်ဆိုတာကို ပြန်တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘာဖြစ်လို့လည်းဆိုတော့ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် အခု ဒီမိုကရက်တစ် အစိုးရ တက်လာပြီး နောက်ပိုင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရင်အစိုးရထက်တောင် မြန်မာအတိုက်အခံတွေကို ဖိနှိပ်တယ်ဆိုတဲ့ သဘောမျိုးတွေပြောနေတာရှိတယ်။ အဲဒါကို သဘောတူပါသလား။ အထူးသဖြင့် မြန်မာအတိုက်အခံအဖွဲ့အစည်းတွေကို စစ်ဆေးတာ၊ ဖမ်းဆီးတာ။ နောက်ပြီး ရွှေ့ ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးတဲ့ကိစ္စတွေ ရှိနေတော့ ဒါတွေက တိုးတက်လာနိုင်တဲ့ အနေအထား ရှိပါသလား။

ဦးမောင်မောင် ။ ။ ဒီမှာတော့ အားလုံးကို ပြန်ရှင်းပြချင်ပါတယ်။ ကျနော်နဲ့တော့ အားလုံးသဘောထား တူချင်မှတူမှာပေါ့။ ရွှေ့ ပြောင်းအလုပ်သမားတွေကို ဖမ်းတယ်ဆီးတယ်ဆိုတဲ့ကိစ္စမှာ ရွှေ့ ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ဖို့ ပြောပါတယ်။ မှတ်ပုံတင်ဖို့ပြောတဲ့နေရာမှာ ဗမာအလုပ်သမားတွေက မှတ်ပုံ မတင်တဲ့ကိစ္စလည်းရှိတယ်။ အလုပ်ရှင်တွေက ထိန်းချုပ်ထားတာလည်းရှိတယ်။ ဒါကြောင့်မို့ မှတ်ပုံမတင်တဲ့လူတွေကို ယာယီနေထိုင်ခွင့်ပေးပြီး နှစ်နှစ်တိတိ အချိန်ပေးထားပါတယ်။ (၂) နှစ်အတွင်းမှာ ကိုယ်က အဆင်ပြေအောင်လုပ်ဖို့ဆိုတာ ကျနော်တို့ နိုင်ငံသားတွေက ကြိုးစားလုပ်ဖို့လိုတယ်။ ကျနော် ဒီလိုပြောတဲ့အတွက်ကြောင့် ကျနော်နဲ့ အဆင်ပြေစေချင်မှပြေမယ်။ ကျနော် အမှန်အတိုင်းပြောတာပါ။ နိုင်ငံတနိုင်ငံကို ကျုးကျော်ဝင်ရောက်လာရင်တော့ အဲဒီနိုင်ငံထဲမှာ လုံခြုံရေးအရ ပြဿနာရှိလာနိုင်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ နိုင်ငံကြီးပီသစွာနဲ့ မှတ်ပုံတင်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ မြန်မာနိုင်ငံသားတွေ မေ့လို့မရဘူး။ မှတ်ပုံမတင်ထားရင်တော့ ဘယ်နိုင်ငံသားမှန်းမသိတဲ့အခါမှာတော့ ဖမ်းမယ်ဆိုတာကို ဘယ်နိုင်ငံသွားသွား ဖြစ်မှာ။ အမေရိကန်နိုင်ငံကို မက်ဆီကို နိုင်ငံသားတွေ ဝင်တော့လည်းဖြစ်တဲ့ကိစ္စ။ အပြည်ပြည်ဆိုင်ရာကတော့ ဒီလိုဖြစ်မယ်ဆိုတာကို အားလုံးလက်ခံထားရမယ်။ ဒီအတွက် ကိုယ်ဘက်က သူတို့ထုတ်ပေးထားတဲ့အတိုင်း အလုပ်သမားမှတ်ပုံတင်တွေကို တင်ဖို့ဆိုတာကိုတော့ ကြိုးစားရမယ်ဆိုတာကို ကျနော်ပြန်ပြီး သတိပေးချင်ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေကို ဒီလောက်အထိ comparatively စဉ်းစားမယ်ဆိုရင် ကျနော်တို့အနေနဲ့ ကိုယ်ကရော ဘာမှားသလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ ကျနော် ယိုးဒယားနိုင်ငံဘက်က လိုက်ပြီးပြောတာ မဟုတ်ဘူး။ သို့သော် ကျနော်တို့အဖွဲ့အစည်းတွေ ဒီလောက်အထိ လှုပ်ရှားခွင့်ရှိတာဆိုတာကို ကိုယ်ကလည်း သတိထားဖို့လိုတယ်။ ဆန္ဒပြပိုင်ခွင့်ရှိတယ်။ သတင်းစာရှင်းလင်းပွဲတွေ လုပ်ခွင့်ရှိတယ်ဆိုတာကို ကိုယ်က အသိအမှတ်ပြုပေးဖို့ လိုတယ်။ ပြဿနာရှိတာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပါ။ စီးပွားရေးလုပ်ငန်းရှင်တွေက အောက်ခြေမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းနဲ့ ပေါင်းပြီးတော့ လုပ်တဲ့ကိစ္စကို ကျနော်တို့က နိုင်ငံရေးအရ ပြန်လည်တင်ပြရင် ပြေလည်တာများပါတယ်ဆိုတာကို အားလုံးကို ပြန်ပြီး အသိပေးချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက ကျနော်သိပ်မရှင်းဘူး။ အဲဒါလေးကို ပြန်ရှင်းပြပေးပါ။ စီးပွားရေးပြဿနာဆိုတာ ဘာလဲဆိုတာ။

ဦးမောင်မောင် ။ ။ စီးပွားရေးပြဿနာဆိုတာ ဘာလဲဆိုတော့ သစ်ခုတ်တဲ့ကိစ္စ၊ သစ်လုပ်ငန်းလုပ်တဲ့လူတွေ။ နောက်တခုက ရင်နှီးမြုပ်နှံမှုလုပ်နေတဲ့လူတွေ။ နယ်စပ်ကကျော်ပြီး လုပ်ချင်တဲ့လူတွေ။ တချို့ က ကန်ထရိုက်တွေ ယူထားတဲ့လူတွေ ရှိပါတယ်။ နအဖ နဲ့ လုပ်တဲ့လူတွေ ရှိပါတယ်။ နအဖ က ဒီလူတွေ ဒီမိုကရေစီအဖွဲ့တွေရှိလို့ ငါတို့ အလုပ်လုပ်မရတာ မင်းတို့ အကျိုးအမြတ်မရတာဆိုရင် ဒီပုဂ္ဂိုလ်တွေက သက်ဆိုင်ရာမှာရှိတဲ့ ဒေသအာဏာပိုင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေကို သွားပြောပြီး အနှောက်အယှက်ပေးတဲ့ ကိစ္စကို ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ပြန်ပြီးခြုံပြီး မေးရရင် အခု ဖိလစ်ပိုင်နိုင်ငံမှာလို မြန်မာနိုင်ငံရဲ့  အတိုက်အခံပါတီတွေနဲ့ နီးစပ်တဲ့ ပါတီချင်းနီးစပ်တဲ့ အဖွဲ့အစည်းတွေ အာဏာရလာတယ်။ ဒါအပြင် ဂျပန်နိုင်ငံမှာလည်း မြန်မာ့အရေးကို ပိုပြီးနားလည်းမှုတွေ ပိုရှိလာခဲ့တယ်။ ထိုင်းနိုင်ငံမှာဆိုလည်း ဒီမိုကရက်တစ်ပါတီ နဲ့ ဦးမောင်မောင်တို့ပြောအရဆိုရင် cabinet အဖွဲ့ဝင်တွေနဲ့ ပိုနီးစပ်မှုတွေ ရှိလာတယ်ဆိုရင် လာမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ခိုင်မာတဲ့ပါတီချင်း သဘောထားထုတ်ပြန်ချက်တွေ ရလာနိုင်မယ့် အနေအထား ရှိပါသလား။

ဦးမောင်မောင် ။ ။ ကျနော်တို့ ကြိုးစားရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပါတီတွေကတမျိုး၊ အစိုးရတွေကတမျိုး ဖြစ်တာရှိပါတယ်။ ပါတီအနေနဲ့ ထွက်ရင်ထွက်မယ်။ အစိုးရအနေနဲ့ အခက်အခဲရှိမယ်။ အစိုးရအနေနဲ့ အစိုးရဖြစ်လာရင် တနိုင်ငံလုံးရဲ့  စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး ဆိုတာတွေ ရှိတဲ့အတွက် နည်းနည်း အခက်အခဲရှိရင်ရှိမယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီ party to party relationship ကျနော်တို့ လစ်ဘရယ်အုပ်စုကနေ တင်သွားတဲ့နိုင်ငံရေးအရ ရင်းနှီးမှုရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံမှာဘဲဖြစ်ဖြစ် ယိုးဒယားနိုင်ငံမှာဘဲဖြစ်ဖြစ် နောက်တခါ ဂျပန်နိုင်ငံမှာဘဲဖြစ်ဖြစ် ကျနော်တို့က ဒါကို စုစုစည်းစည်းနဲ့ လုပ်မယ်ဆိုရင် အတိုင်းအတာတခုထိတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအခြေခံတွေ political stand တွေ ခိုင်ခိုင်မာမာ ပိုပြီးမြင်လာမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

XS
SM
MD
LG