သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု အကာအကွယ်ပေးဖို့ လုံခြုံရေးကောင်စီ ပျက်ကွက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ မြန်မာ့အရေးဆုံးဖြတ်ချက်မှာ ပြဌာန်းထားပေမယ့်၊ လုံခြုံရေးကောင်စီက အရေးယူကိုင်တွယ်ဖို့ ပျက်ကွက်နေတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ သံအမတ်ကြီးရှင့်။ မြန်မာနိုင်ငံမှာ အခုဆိုရင် အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေတာကို တွေ့နေရပါတယ်။ ဒီကြာသပတေးနေ့ကဆိုရင် ပဇီကြီးရွာကို တိုက်လေယာဉ်တွေ၊ ဂျက်လေယာဉ်တွေ ဝဲပျံနေတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ကျမတို့ social media တွေမှာလည်း တွေ့ရပါတယ်။ ဆိုတဲ့အခါမှာ သံအမတ်ကြီးတို့ဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခြေအနေတွေကို တုံ့ပြန်ဆောင်ရွက်နေတာတွေ၊ နောက်ဆုံး ဘာတွေများ ကြိုးပမ်းဆောင်ရွက်နေပါသလဲရှင့်။

ဖြေ ။ ။ မင်္ဂလာပါ။ ဟုတ်ကဲ့ ကျေးဇူးပါ။ အားလုံးသိတဲ့အတိုင်း ဧပြီလ (၁၁) ရက်နေ့က ပဇီကြီးကျေးရွာ တိုက်ခိုက်မှု ဖြစ်ခဲ့တယ်။ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီလိုပစ်ခတ်မှု၊ စစ်တပ်ရဲ့ ပစ်ခတ်မှုကလည်း တကယ့်ကို indiscriminate တကယ့်ကို အလွန်အကျွံသုံးပြီးတော့ ပစ်ခတ်တာတွေ လုပ်တဲ့အတွက်ကြောင့် Fighter Jet, Helicopter gunship တွေက ပစ်ခတ်တဲ့အတွက်ကြောင့် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံုးရတယ်။ ဒါနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ UK ဦးဆောင်ပြီးတော့ Press Statement ထွက်နိုင်ဖို့ကို ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အမြဲတမ်းအဖွဲ့ဝင် နှစ်နိုင်ငံကနေ ကန့်ကွက်တဲ့အတွက်ကြောင့် သတင်းမထုတ်ပြန်နိုင်ခဲ့ဘူး။ အဲဒီလိုပဲ ကျနော်တို့ AOB အောက်ကနေ Any other business ကနေ မြန်မာနိုင်ငံကို ဆွေးနွေးတယ်။ ဧပြီလ (၁၃) ရက်နေ့မှာ ဆွေးနွေးတဲ့အခါမှာလည်း ထုံစံအတိုင်းပဲ ဆွေးနွေးတာပဲ ဖြစ်ခဲ့တာမျိုးပဲ ရှိခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့လည်း ကျနော်တို့ ပြည်သူပြည်သားတွေအနေနဲ့ အားမလိုအားမရဖြစ်တာတွေ၊ ဒီလိုမျိုး action မယူနိုင်တဲ့အတွက်ကြောင့် မြန်မာပြည်သူတွေအပေါ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလိုပဲ ရပ်ကြည့်နေတော့မှာလား - ပြည်သူ့အသံကို နိုင်ငံတကာအနေနဲ့ ကျယ်ကျယ်လောင်လောင် ဒီထက်ပိုမိုပြီး ကြားနေအောင် ကျနော်တို့ကတော့ ဆက်လုပ်သွားမယ်။

များစွာသော NGOs, CSOs တွေ စုပေါင်းလက်မှတ်ထိုးပြီးတော့ လုံခြုံရေးကောင်စီကို စာပို့ခဲ့တာ Open Letter ပို့ခဲ့တာလည်း ရှိခဲ့တယ်။ ဒါကြောင့် action ယူဖို့ကိစ္စကိုလည်း တိုက်တွန်းနေတယ်။ NGOs, CSOs တွေ စုပေါင်းလက်မှတ်ထိုးပြီးတော့ လုံခြုံရေးကောင်စီကို Open Letter ရှိခဲ့တယ်။ အားလုံးလည်း မြင်ပြီသား ဖြစ်ပါတယ်။ ဒါကြောင့် action ယူဖို့ကိစ္စတွေကိုလည်း တိုက်တွန်းနေပါတယ်။ ကျနော်တို့က အမြဲတမ်းပြောတဲ့အရာက ပြည်သူတွေရဲ့အသံကို နားထောင်ပေးပါ။ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ တောင်းဆိုနေတာကို respect လုပ်ပေးပါဆိုတာကို ကျနော်တို့ အမြဲတမ်းပြောဆိုနေပါတယ်။ ဒါပေမဲ့လဲ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဘယ်တော့မှ လက်လျှော့သွားမှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ တော်လှန်ရေးကို တိုက်ပွဲဝင်သွားမယ်ဆိုတာ မြေပြင်အသံတွေက အမြဲတမ်းကြားနေရတယ်။ ဒီလိုမျိုးဖြစ်လေ ပိုပြီးတော့ ကျယ်လောင်လာလေဆိုတဲ့ အသံတွေ ပိုကြားလာရတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဆက်လက်ပြီး နိုင်ငံတကာက ဘယ်အတိုင်းအတာအထိ အရေးယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ပြည်သူတွေအနေနဲ့ ဆက်လက်ပြီးတော့ စစ်အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတဲ့ စိတ်ကတော့ ပြင်းထန်တဲ့စိတ်ကတော့ ရှိနေပြီသားဆိုတာကို ကျနော်တို့ တတ်အပ်ပြောလို့ရပါတယ်။

မေး ။ ။ ဒီနေရာမှာ သေချာတာကတော့ လုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂဘက်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့အရေးယူဆောင်ရွက်ရမယ့်အပိုင်းတွေမှာ ပျက်ကွက်နေတယ်ဆိုတာကို သံအမတ်ကြီးတို့ကိုယ်တိုင် အခုထောက်ပြထားတယ်။ တဘက်မှာကြတော့ အကြံပေးချက်တွေကြတော့ နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေဖို့ဆိုပြီးတော့ အကြံပေးထားတဲ့အချက်တွေ ရှိတယ်။ အဲဒီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ထောက်ပြထားတဲ့အချက်ထဲမှာတော့ ယူကရိန်းလို လုံခြုံရေးကောင်စီက ယူကရိန်းကိစ္စမှာ အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်တဲ့အခါမှာ ယူကရိန်းနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မဟာမိတ်တပ်ပေါင်းစုလို ဖွဲ့စည်းပြီးတော့ သူတို့တွေက ထိထိရောက်ရောက် ဆောင်ရွက်ကြတယ်ဆိုတော့ အဲဒီလိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဘက်က အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အဲဒီလို တပ်ပေါင်းစုလိုမျိုး မဟာမိတ်တွေ စုဖွဲ့ပြီးတော့ မြန်မာ့အရေးကို ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်မယ့်အပိုင်းကော ဖြစ်နိုင်ဖို့ ရှိလား။

ဖြေ ။ ။ ကျနော်တို့လည်း အမြဲတမ်းပြောဆိုနေတာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ယူကရိန်းလို အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ယူကရိန်းရဲ့ တောင်ပိုင်းက အိမ်နီးချင်းနိုင်ငံတွေလို ကျနော်တို့ အိမ်နီးချင်းနိုုင်ငံတွေကိုလည်း အဲဒီလိုဖြစ်စေချင်တာကို ကျနော်တို့ အမြဲတမ်းပြောဖြစ်တာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြည့်လိုက်ရင် ယူကရိန်းမှာ ဒီလိုမျိုး ဒုက္ခရောက်တယ်။ ယူကရိန်းပြည်သူတွေ ပြေးလွှာရတယ်။ အခြားနိုင်ငံမှာ သွားခိုလှုံရတယ်။ ခိုလှုံတဲ့ နိုင်ငံတွေအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုတယ်။ နွေးနွေးထွေးထွေး လက်ခံတယ်။ သူတို့ တံခါးတွေ ဖွင့်ထားတယ်။ လိုအပ်တဲ့ အကူအညီတွေ ပေးတယ်။ ကျနော်တို့တွေအနေနဲ့တော့ ဘာပဲပြောပြော တချို့နိုင်ငံတွေက နယ်စပ်မပိတ်တာကိုပဲ ကျေးဇူးတင်ရမယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ ဒါပေမဲ့ ကြည့်လိုက်ရင် ပြည်တွင်းမှာ ဒုက္ခရောက်လို့ ထွက်ပြေးလာတဲ့ လူတွေအနေနဲ့လည်း နယ်စပ်ဒေသတွေမှာ အခက်အခဲမျိုးစုံနဲ့ ဆက်လက်ရင်ဆိုင်နေရတာတွေ ရှိတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ယူကရိန်းလို ဖြစ်လားမလားဆိုတဲ့ဥစ္စာက အခုနပြောသလို အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍကလည်း အများကြီး အရေးကြီးပါတယ်။ ဒါကြောင့် ပြန်ကြည့်လိုက်ရင် အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံတွေရဲ့ အနေအထား ဘယ်လောက်အထိ ဒီလိုကိစ္စမှာ ပြတ်ပြတ်သားသား ရပ်တည်ကြမယ်။ ဘယ်လောက်အထိ ဒီလိုကိစ္စမှာ လက်တွဲပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတာကတော့ မေးခွန်းထုတ်စရာ ရှိနေပါသေးတယ်ဆိုတာကို ပြောလိုပါတယ်။

မေး ။ ။ အဲဒီတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး ဆုံးဖြတ်ချက်ချထားတယ်။ အဲဒါကို လိုက်နာအကောင်အထည်ဖော်ဖို့ကိစ္စမှာ သူတို့ မြန်မာနိုင်ငံက စစ်ကောင်စီအနေနဲ့ လိုက်နာခြင်း ရှိမရှိ ဆိုတာကိုလည်း တံခါးပိတ်ဆွေးနွေးပွဲလုပ်ခဲ့တယ်။ စစ်ကောင်စီကသာမကဘဲ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက လိုက်နာခြင်း ရှိမရှိ အပိုင်းကြတော့ အခုအနေအထား ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ ကြည့်လိုက်ရင် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပိုင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့အတွက် တောင်းဆိုတယ်။ ချက်ချင်းရပ်တန့်ဖို့အတွက် တောင်းဆိုတယ်ဆိုတဲ့အချက် ပါတယ်။ ဆိုတော့ အဲဒီဥစ္စာကို ကြည့်လိုက်ရင် စစ်တပ်က ပဇီကြီးကျေးရွာတို့ ဘာတို့ကို လွန်လွန်ကဲကဲ ဆင်ခြင်မဲ့ တိုက်ခိုက်တဲ့ဟာက ရှင်းနေတယ်လေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဓိကအချက်တချက်ကို ချိုးဖောက်တယ်ဆိုတာ အရမ်းရှင်းနေတယ်။ ဆိုတော့ အရမ်းရှင်းနေတဲ့အတွက်ကြောင့် ဒါကို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က Legally binding ဖြစ်တယ်။ Binding ဖြစ်တဲ့ဟာကို ချိုးဖောက်တယ်ဆိုရင်တော့ အရေးယူဖို့ ရှိကိုရှိရမယ်။ အခုလောလောဆယ်မှာ အခုနပြောတဲ့ လုံခြုံရေးကောင်စီရဲ့ အားနည်းချက်က ဒါမလုပ်ရင်၊ ချိုးဖောက်ရင် ဘာလုပ်မလဲဆိုတဲ့ အချက်က ပါမလာတဲ့အတွက်ကြောင့် ဒါကတော့ အားနည်းချက်တခု ဖြစ်နေတယ်။

မေး ။ ။ အဲဒီတော့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကိစ္စမှာ အခြေအနေ ဘယ်လို ရှိပါသလဲရှင့်။ အဓိကတော့ Tom Andrews ပြောသွားတဲ့အထဲမှာလည်း အခုလို အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီးတော့ လေကြောင်းကနေ တိုက်ခိုက်တာ၊ အင်အားကို အလွန်အကျွံသုံးပြီး တိုက်ခိုက်နေတာတွေက စစ်ရာဇဝတ်မှု၊ လူသားထုပေါ် ရာဇဝတ်ကျူးလွန်မှုတွေ ဖြစ်တယ်ဆိုတော့ တကယ်တမ်း အခု စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စစ်ကောင်စီကို ICC ရာဇဝတ်ခုံရုံးကနေ ကိုင်တွယ်ရေးအပိုင်းမှာကော စိန်ခေါ်မှုအခြေအနေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အခုဆိုရင်လဲ လုံခြုံရေးကောင်စီကနေ refer လုပ်မှ ဒီကိစ္စကို ICC က ဆွေးနွေးရမယ်ဆိုတဲ့ ဥစ္စာမျိုး ဖြစ်ဖို့ကတော့ အတိုင်းအတာတခုအထိ ခက်ခဲတယ်ဆိုတာကတော့ အားလုံးသိတယ်။ ဒါကြောင့် အဲဒါကို ကျော်လွှာနိုင်အောင် ဘယ်လိုလုပ်ကြမလဲပေါ့။ အခု ယူကရိန်းရဲ့ ဥပမာက ရှိတယ်။ ယူကရိန်းလည်း Article 12.3 အောက်ကနေ သူတို့ တရားစီရင်ရေး ရှိတယ်။ ဒါကြောင့် ဒီကိစ္စကို ဆွေးနွေးဖို့ဆိုတဲ့ဥစ္စာကို သူတို့လုပ်ခဲ့တာ ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်လို့ကတော့ ICC မှာ case က ရှိထားပြီးပြီ။ အဲဒီ case ကို နွယ်ပြီးတော့ ဆွေးနွေးနေတာတွေ investigate လုပ်နေတာတွေ ရှိတယ်ဆိုတာကိုတော့ အကြမ်းမျဉ်းသိရတယ်။ ဒါကတော့ ၂၀၁၇ ရဲ့ ဖြစ်ပျက်မှုကို အခြေပြုပြီးတော့ရှိတဲ့ case ပေါ့။ ကျနော်တို့ NUG အနေနဲ့တော့ ၂၀၂၁ ဇူလိုင်တုန်းက ဒီ 12.3 article Rome Statute အောက်ကနေ ICC Jurisdiction မြန်မာပေါ်မှာ ရှိပါတယ်။ အဲဒီကြေညာချက်ထုတ်ထားတဲ့အချိန် ကျနော်တို့တွေ အကြောင်းကြားတယ်။ ဒီလိုအကြောင်းကြားပြီးနောက်ပိုင်းမှာလည်း သိသာမြင်သာတဲ့ တိုးတက်မှုတော့ မတွေ့ရသေးဘူးကိုတော့ ပွင့်ပွင့်လင်းလင်း ပြောလိုပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံမှာက ပဇီကြီးကျေးရွာလို စစ်ကိုင်းတိုင်းဒေသက စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့နေရာတွေ။ အဲဒီနေရာတွေမှာ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ရှိသလို၊ စစ်ကောင်စီဘက်ကလည်း ပြင်းပြင်းထန်ထန် ဖိနှိပ်တာတွေလည်း ရှိတယ်။ တဘက်မှာလည်း စစ်ကောင်စီက သူအုပ်ချုပ်လို့ရတဲ့ မြို့ပြတွေလည်း ရှိတယ်။ နေရာတွေလည်း ရှိနေတဲ့အခါကြတော့ မြန်မာနိုင်ငံမှာ လက်ရှိပဋိပက္ခ ဖြစ်နေတဲ့အပိုင်းကို သံအမတ်ကြီးဘက်က ဘယ်လိုမြင်ပါသလဲရှင့်။ ဥပမာ တချို့ကတော့ Failed State ကျရှုံးနိုင်ငံ ဖြစ်လာပြီ။ တချို့ကြတော့လည်း ပြည်တွင်းစစ် ဖြစ်နေပြီဆိုပြီး တင်စားခေါ်ဝေါ်သုံးစွဲတာတွေလည်း ရှိတော့ သံအမတ်ကြီးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေက တကယ်ပဲ ပြည်တွင်းစစ် ဖြစ်နေပြီလား။ ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ခြုံပြီးတော့ ပြောရရင် မြန်မာနိုင်ငံရဲ့ နေရာဒေသ အများစုမှာ ရာခိုင်နှုန်းနဲ့တွက်ရင် ၇၀-၈၀% နေရာတွေမှာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုလို့ ပြောတဲ့နေရာမှာ Ethnic Resistance Organizations တွေလည်း ပါသလို၊ People's Defense Forces တွေနဲ့ ရိုးရိုးပြည်သူတွေပါအပါအဝင် အားလုံးက ပုံစံအမျိုးမျိုးနဲ့ တော်လှန်ရေးကို ပါဝင်ဆောင်ရွက်နေတဲ့ဟာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေပြီဆိုတာကိုတော့ ကျနော်တို့ မုချပြောလို့ရတယ်။ အခုနပြောတဲ့ ပြည်တွင်းစစ်ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်အမြင်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတယ်။ ဒီစစ်တပ်ကို ကျနော်တို့ ပြည်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် တော်လှန်နေရတဲ့နေရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့အတွက်ကြောင့် ဒါကတော့ Civil War ဆိုတာကို ကျနော့်အနေနဲ့ ဘယ်အတိုင်းအတာအထိ သုံးလို့ရသလဲ မရသလဲဆိုတာကို ပြောရတာတော့ ခက်တော့ခက်ပါတယ်။ ဒါပေမဲ့ အခုအနေအထား ဖြစ်ပျက်နေတာတွေကို အခြေပြုရင်တော့ ကျနော်တို့တွေက ပြည်တွင်းစစ်ထဲမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။

XS
SM
MD
LG