စစ်တပ်က ရိုက်သွင်းထားတဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ သတင်းအမှားတွေကို ချိုးဖျက်ဖို့ ပြည်ပအခြေစိုက် CDM စစ်အရာရှိတွေရဲ့ တန်ပြန်လုပ်ဆောင်မှုတွေဟာ ထိရောက်မှုရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ပန်းတိုင် တည်ထောင်သူ မသဥ္ဇာရွှန်းလဲ့ရည်က သုံးသပ်ပြောဆိုပါတယ်။ ပြည်သူ့ပန်းတိုင်အဖွဲ့ကိုယ်တိုင်လည်း CDM စစ်မှုထမ်းတွေကို အကူအညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်က နည်းမျိုးစုံနဲ့ ထွက်လာတဲ့ စစ်သည်အရေအတွက်ပေါင်း ၃၀,၀၀၀ ကျော် ရှိနေတဲ့အခြေအနေနဲ့ ပတ်သက်လို့ မသဥ္ဇာရွှန်းလဲ့ရည်နဲ့ ဘန်ကောက်မြို့မှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
မသဥ္ဇာရွှန်းလဲ့ရည် ။ ။ အခုကတော့ စစ်သားတွေက ကျမတို့တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာတယ်ဆိုတာ တကယ့်ကို ကျမတို့အတွက် ကြိုဆိုရမယ့်ကိစ္စ ဖြစ်တယ်။ နံပါတ်တစ်က ဒီစစ်တပ်ရဲ့အကြောင်းကို စစ်သားတွေ အသိဆုံးဖြစ်တယ်။ စစ်တပ်ထဲမှာ ကျူးလွန်နေတဲ့ ချိုးဖောက်မှု့တွေ အများကြီးရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ၊ အမျိုးသမီးတွေအပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင်စစ်သားတွေပေါ်မှာ အောက်ခြေစစ်သားတွေပေါ်မှာ ချိူးဖောက်နေတာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီစစ်သားတွေဟာ ဒီဖက်စစ်စနစ်၊ ဖက်စစ်စစ်တပ်လို့ ကျမတို့ ပြောတယ်။ တကယ်ကိုပဲ စစ်တပ်ထဲမှာလည်း ဖက်စစ်စနစ်ကို ကျင့်သုံးပါတယ်။ ကျင့်သုံးတဲ့အခါမှာ ဒီစစ်သားတွေကလည်းပဲ ဒီစနစ်ရဲ့ သားကောင်တွေ ဖြစ်တယ်။ သူတို့က သူတို့ကိုယ် သူတို့သားကောင်လို့ ဘယ်တောမှ မမြင်ဘူး။ သူတို့ကို လက်နက်တပ်ဆင်ပေးထားတဲ့အခါမှာ လက်နက်ရှိတာနဲ့ သူတို့က သူများကို ပြန်ပြီးတော့ ကျူးလွန်ခံရတဲ့အတိုင်း ကျူးလွန်ကြတာ ပြန်ပြီးတွေ့ရတယ်။ ဒါက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် သူတို့ကို ဆက်ဆံခံရတဲ့ အတိုင်း ပြည်သူတွေကို ပြန်ပြီးဆက်ဆံတာပေါ့နော်။ သူတို့ရိုက်နှက်ခံရတဲ့အတိုင်း ပြည်သူတွေကို ပြန်ရိုက်နှိက်တာတွေ တွေ့ရတယ်။ ဆိုတော့ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် အဓိကအားဖြင့် စစ်တပ်ထဲမှာ ပိတ်မိနေတဲ့သူတွေ အများကြီးရှိတယ်။ အထူးသဖြင့် အတွေးအခေါ်အားဖြင့်၊ လူအားဖြင့်၊ လုံခြုံရေးအားဖြင့် အကြောင်းအရာမျိုးစုံနဲ့ ပိတ်မိနေကြတယ်။
ဆိုတော့ ဒီလူတွေကို အဓိက ကျမတို့မြင်တာကတော့ ကျမတို့နိုင်ငံရဲ့ အပြောင်းအလဲက အတွေးအခေါ်ကနေ စပြောင်းရမယ်။ လူတွေက ဘာလုပ်လုပ် အတွေးအခေါ်က စတာဖြစ်တယ်။ ဒီအတွေးအခေါ်က မောင်းနှင်တဲ့ လုပ်ရက်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့ အတွေးအခေါ်မှန်ဖို့ လိုတယ်။ အဲ့အတွေးအခေါ်ကိုလည်း အခုလက်ရှိ စစ်တပ်က ပြောနေတဲ့ စကားလုံးတွေ ရှိတယ်။ ဘာသာ၊ သာသနာ၊ လူမျိူး ဘာညာစတဲ့ သူတို့ သုံးတဲ့ Propaganda တွေကို စစ်သားတွေက အလွယ်တကူ လက်ခံကြတယ်။ အဲ့ဒီလို လက်ခံတယ်ဆိုတာ သူတို့မှာ အခံစဥ်းစားချက် မရှိဘူး။ အဲ့ဒီ့ စစ်တပ်ကပြောတဲ့ စဥ်းစားချက်တွေကို အစားထိုးနိုင်မယ့် အခြား တော်လှန်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စဥ်းစားချက်တွေက သူတို့ဆီ မရောက်နေဘူး။ မရောက်နေတဲ့အခါမှာ ဒါတွေကို ကျမတို့ အစားထိုးလို့ မရတဲ့အခါမှာ စစ်တပ်တခုထဲသာလျှင် သူတို့ရဲ့ ကိုးကွယ်ရာလို့ မြင်သွားကြတယ်။ အခု စစ်သားတွေ ထွက်လာတဲ့အခါမှာ စစ်တပ်တခုထဲ မဟုတ်ဘူး။ ငါတို့မှာ ကိုယ်ပိုင်ဘဝ ရှိတယ်။ ငါတို့သည် လူသားဖြစ်တယ်။ ငါတို့မှာ ကိုယ်ပိုင် အတွေးအခေါ် ရှိတယ်ဆိုတဲ့ စဥ်းစားချက်ကနေ ထွက်လာကြတော့ အခုလို Brainwash လုပ်ထားတဲ့ propaganda တွေလိုမျိုး သတင်းတူ သတင်းမှားတွေ မျိုးစုံကို စစ်သားတွေကိုယ်တိုင်က တန်ပြန်လုပ်ကြတာ အများကြီးသက်ရောက်မှု့ ရှိတယ်လို့ ကျမအနေနဲ့ မြင်တယ်။
ဘာလို့ဆိုတော့ သူတို့စကားကို နားထောင်တဲ့ အခြားစစ်သားတွေ ရှိတယ်။ သူတို့မိသားစုဝင်တွေ ရှိတယ်။ သူတို့အသိုင်းအဝိုင်းတွေ ရှိတယ်။ ကျမတို့ တော်လှန်ရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ကိုယ်တယောက်ထဲ လုပ်လို့မရဘူး။ အမြဲတမ်း ပြောနေတဲ့အတိုင်းပဲ တော်လှန်ရေးဟာ ရေစီးကြောင်းတွေ စီးဝင်တဲ့ မြစ်ကြီးတခုလို တွေးလိုက်မယ်ဆိုရင် ရေစီးကြောင်းငယ်တွေ အများကြီးလိုတယ်။ အဲ့ဒီ ရေစီးကြောင်းတွေ တခုချင်းစီကလည်း အရေးပါတယ်။ ကိုယ့်ရေစီးကြောင်းက ပိုသန်လို့ ပိုပြီးတော့မြန်လို့ ကျန်တဲ့ ရေစီးကြောင်းတွေက အရေးမပါဘူးလို့ သွားပြောလို့ မရဘူး။ ရေစီးကြောင်းတွေ အားလုံးက တပြေးညီ စီးဝင်ပြီးတော့ Direction တခုထဲကို သွားနေကြတာ ဖြစ်တယ်။ ဆိုတော့ စစ်သားတွေထဲ သူတို့ နိုင်တာလေးတွေ သူတို့လုပ်နေတာ ရှိတယ်။ ပြန်ပြောနေတာတွေ ရှိတယ်။ ဒါတွေကို ကျမတို့ အားပေးမြှင့်တင်ရင်းနဲ့ သူတို့ရဲ့စဥ်းစားချက်တွေ ပိုအားကောင်းလာရမယ်။ အဲ့ဒီလို အားကောင်းလာတာက ကူးစက်လာမယ်ပေါ့နော်။ ဒီဘက် စစ်တပ်ထဲက စစ်သားတွေရဲ့မိသားစုဝင်တွေ အဲ့ဒီကနေတဆင့် ကျမတို့ institution နဲ့ society တခုလုံးကိုပါ လွှမ်းခြုံနိုင်တဲ့ စဥ်းစားချက်တွေ ဖြစ်လာဖို့လိုတယ်။
မအင်ကြင်းနိုင် ။ ။ မရွှန်းလဲ့ရည်တို့က စစ်တပ်ကနေပြီးတော့ ထွက်လာတဲ့ စစ်သားတွေကို ကူညီနေတဲ့အဖွဲ့ဆိုတော့ အခုလက်ရှိ စစ်အာဏာသိမ်းပြီးတဲ့ (၃) နှစ်ကျော်အတွင်းမှာ စစ်တပ်ကနေ ထွက်လာတဲ့ စစ်သားတွေပေါ့နော် ဘယ်လောက်လောက် ရှိနေပြီလဲရှင့်။
ဖြေ ။ ။ ကျမတို့ဒီမြန်မာပြည်မှာ တခါမှမကြုံစဖူးပေါ့ စစ်သားတွေရဲ့ ဘက်ပြောင်းခိုလှုံတဲ့ အရေအတွက်တွေကို ကျမတို့ တွေ့ရပါတယ်။ ဒီ (၃)နှစ်တာကာလအတွင်းမှာဆိုရင် NUG အစိုးရကို Register လို့ ပြောတဲ့ CDM code တွေ ထုတ်ဖို့အတွက် register လုပ်ထားတဲ့ အရေအတွက်အားဖြင့် NUG ရဲ့ထုတ်ပြန်ချက်အရ လူပေါင်း တစ်သောင်းလေးထောင်ကျော်ပြီပေါ့နော်။ ဒီတစ်သောင်းလေးထောင်ကျော်တဲ့ စစ်သားနဲ့ ရဲတွေဟာဆိုရင် NUGအစိုးရကို ယုံယုံကြည်ကြည်နဲ့ လာရောက်ပြီးတော့ သူတို့က ဘက်ပြောင်းခိုလှုံချင်ပါတယ်ဆိုပြီး စာရင်းပေးထားတဲ့စာရင်း ဖြစ်ပါတယ်။
တကယ့်တကယ့်မြေပြင်မှာ စာရင်းမရောက်တဲ့ အကြောင်းအရာတွေလည်း အများကြီးရှိတယ်။ စာရင်းပေးလို့ မရတဲ့ လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် မြေပြင်မှာ အများကြီး ဒီအတိုင်းပဲ သွားနေကြတာ ရှိတယ်။ ပြောရမယ်ဆိုရင်တော့ မြေပြင်စာရင်းက ဒီ့ထက်မက ပိုပြီးတော့ များတယ်လို့ ကျမတို့ ယူဆတယ်။ ဒါက စစ်တပ်ကနေ ဘက်ပြောင်းခိုလှုံတဲ့ အရေအတွက်ပဲ ရှိပါသေးတယ်။ နောက်စစ်တပ်ကနေမှ ထွက်ပြေးတိမ်းရှောင်တဲ့ Desserter လို့ခေါ်တဲ့ လက်နက်ချ အလင်းဝင်တဲ့ အရေအတွက်တွေကလည်း သီးခြားသက်သက် ရှိပါသေးတယ်။ အားလုံးပေါင်းမယ်ဆိုရင်တော့ သုံးသောင်း၊ လေးသောင်း ပတ်ဝန်းကျင်က ဒီတော်လှန်ရေးဘက်မှာ ပြန်ပြီးတော့ သက်ရောက်မှု့တွေ ရှိလာတယ်လို့ ပြောလို့ရပါတယ်။
မေး ။ ။ အဲ့ဒီတော့ လက်ရှိ သူတို့ ဒီစစ်တပ်က ထွက်လာပြီးနောက်ပိုင်း သူတို့ရပ်တည်နေတဲ့ အခြေအနေကကော ဘယ်လိုရှိလဲရှင့်။
ဖြေ ။ ။ စစ်တပ်က ထွက်လာပြီးနောက်ပိုင်းမှာ စစ်သားတွေက ဒါဘာကြောင့် ထွက်လာလဲဆိုတာမှာ မူတည်တယ်။ တယောက်ချင်းစီနဲ့ ဖြစ်ရပ်တွေကလည်း မတူကြဘူး။ ဥပမာ စောစောထွက်တဲ့ စစ်တပ်က ဘက်ပြောင်းခိုလှုံတဲ့သူတွေဆိုရင် သူတို့ရဲ့အနေအထားတွေက ပြောရမယ်ဆိုရင် အရှေ့ပိုရောက်တဲ့အခါမှာ ပြည်သူတွေနဲ့ ရင်းနှီးမှု့၊ ယုံကြည်မှု့ပိုရကြတယ်။ နောက်ပိုင်းက ထွက်တဲ့အခါမှာ သူတို့တွေအနေနဲ့တော့ ယုံကြည်မှု့ ပျက်ယွင်းတာကော နောက်ပြီးတော့ ပံ့ပိုးမှု့၊ ထောက်ပံ့မှု့စနစ် အားနည်းလာတာရော ပါတာကြောင့် နောက်ပိုင်း ထွက်လာတဲ့သူတွေက တော်တော်ခက်ခဲတာ တွေ့ရတယ်။ နောက်တခုကတော့ CDM တွေရဲ့ အနေအထားကို ပြောရမယ်ဆို စစ်သားနဲ့ရဲမှ မဟုတ်ဘူး။ လက်ရှိ ကျမတို့ CDM တွေ ဝန်ကြီးဌာနအသီးသီးက CDM တွေဆိုလည်း အတော်လေး ရုန်းကန်ကြရတာ တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် တော်လှန်ရေးမှာ အခုလက်ရှိ CDMအနေနဲ့ ပါဝင်ရုန်းကန်နေရသူတွေက တော်လှန်ရေး ကြာလာတာနဲ့အမျှ သူတို့က သူတို့ရဲ့ အခက်အခဲ အကျပ်အတည်းက များလာတယ်။ သို့သော်လည်း ကျမတို့ မြင်ရတာ ဘာလဲဆိုရင် ဘယလောက်ပဲ ခက်ခဲကျပ်တည်းပါစေ - အတွေးအခေါ်အားဖြင့် စစ်တပ်ရဲ့ လုပ်ဆောင်မှု့တွေကို လက်မခံဘူး ဆိုတဲ့သူတွေကတော့ ဆက်ပြီးထွက်လာနေဆဲ ဖြစ်တယ်လို့ သွားမြင်ရတယ်။
ပြီးရင်အရင်ထဲက ထွက်လာတဲ့ CDM လုပ်လာတဲ့ စစ်သားတွေ၊ ရဲတွေဆိုရင်လည်း သူတို့ရဲ့ခံယူချက်၊ ယုံကြည်ချက် ပြင်းထန်မှု့တွေ ရှိလာတဲ့အခါမှာ ခံယူချက်တွေ ခိုင်ကြည်လာတဲ့အခါမှာ စစ်တက်ဘက်ကိုတော့ ဘယ်တောမှ ပြန်မသွားဘူး။ ဘယ်လောက်ဘဲ ခက်ခဲနေပါစေ၊ ရပ်ခံပြီးတော့ ယုံကြည်ရာကို ဆက်လျှောက်မယ်ဆိုတဲ့ သူတွေလည်း အများကြီးရှိတယ်။ ဆိုတော့ အခုလက်ရှိ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ သက်မွေးဝမ်းကြောင်း ကိစ္စပေါ့နော်။ စစ်သားတွေဆိုတာ စစ်တပ်ထဲမှာ အမိန့်နာခံဖို့အတွက်ပဲ သင်ကြားခဲ့ရတော့ အမိန့်နာခံမှု့နဲ့ပဲ သူတို့က အသက်မွေးကြတယ်ပေါ့နော်။ ဒါပေမယ့် ပြည်ပအရပ်သားဘဝကို ရောက်လာတဲ့အခါမှာ သူတို့ရဲ့ ဘဝနေထိုင်မှု့ နောက်ပြီးတော့ သူတို့ရဲ့ သားသမီးတွေ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး ဒါတွေအတွက်လည်း အခက်အခဲတွေ အများကြီးကြုံရတယ်။ နောက်တခုက လုံခြုံရေးပေါ့။ လုံခြုံရေးထက်ပိုပြီး နောက်ထပ်အရေးကြီးတဲ့ ကျမ မြင်ရတဲ့ အခက်အခဲက ဘာလဲဆိုတော့ ဒီဘက်တော်လှန်ရေးဘက်က တက်ကြွလှုပ်ရှားသူတွေ၊ နောက်အစိုးရတွေ၊ နောက်ပြီးတော့ မိသားစုဝင်တွေရဲ့ တောင်းဆိုချက်တွေက ဒါတွေကို လိုက်မှီအောင် လေ့လာရတဲ့ အနေအထားရှိတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဥပမာပြောရရင် တရားမျှတမှု့ကိစ္စတွေဆိုရင် ဘာကြောင့်တရားမျှတမှု့လည်း အခြေခံလူ့အခွင့်အရေးဆိုတာ ဘာကို ပြောတာလဲ။ အခြေခံဒီမိုကရေစီဆိုတာ ဘာလဲ။ ဒါတွေကို သူတို့ တပ်တွင်းထဲမှာ လေ့လာမှု့တွေ အများကြီး အားနည်းတယ်။
တပ်တွင်းထဲမှာ ဒါတွေကို မလေ့လာရဘူး။ ပြည်ပရောက်လာတဲ့အခါမှာ ဒါတွေသူတို့ ကြိုးစားပြီး လေ့လာနေကြတာ ရှိတယ်။ ကျမတို့ အဖွဲ့အစည်းတွေအနေနဲ့ဆိုရင် စစ်သားနဲ့ ရဲတွေကို ကူညီတယ်ဆိုတာ အဓိကအားဖြင့် အတွေးအခေါ် တော်လှန်ရေးပေါ့။ အတွေးအခေါ် ပြောင်းလဲရေးအတွက်ကို အဓိက ကူညီပေးနေတဲ့ အစုအဖွဲ့လို့ ပြောရမှာပေါ့နော်။ အဲ့ဒီ အခက်အခဲကတော့ အဓိကလို့ ကျမက မြင်တယ်။ ဆိုတော့ အတွေးအခေါ် မှန်ကန်ခိုင်ကြည်ပြီးတော့ တည်တံ့ဖို့အတွက်က ကျမတို့ သာမန်အရပ်သားတွေတောင်မှ မနည်းကြိုးစားရတာ။ ဘက်ပေါင်းစုံကနေ စမ်းသပ်ခံနိုင်ရမယ်။ ဒါတခုခုကို ယုံကြည်ပြီဆိုရင်ပေါ့။ အဲ့တော့ စစ်သားတွေအနေနဲ့က အဲ့အဆင့်ကို ရောက်ဖို့အတွက် အခုချိန်မှာ ကျမတို့ အဖွဲ့အစည်းအနေနဲ့ သင်တန်းတွေပေးပြီးတော့ ရပ်တည်တာ သွေးစည်းညီညွတ်မှု့ပြတဲ့ လုပ်ရပ်တွေ ဒါတွေကို လုပ်ဖို့ကြိုးစားတယ်။ ဒီလိုနည်းနဲ့ စစ်သားတွေရဲတွေရဲ့ နိုင်ငံရေးမှာ ပါဝင်လာမှု့ကို ပိုပြီးမြှင့်တင်ဖို့ ကြိုးစားလာတဲ့ အနေအထားရှိပါတယ်။
မေး ။ ။ အဲ့ဒီတော့ အခု အမေရိကန်အစိုးရက သူတို့အသုံးစရိတ် ဘတ်ဂျက်ထဲမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့ ကူညီထောက်ပံ့ငွေ သန်းတရာကျော်ပေါ့လေ။ အဲ့ဒါရှိထားတော့ အထူးသဖြင့် ဒီလို စစ်တပ်ကထွက်လာတယ် ဘက်ပြောင်းလာတဲ့ စစ်သားတွေအတွက်ကို သူတို့ ထောက်ပံ့ကြေးပါတယ်ဆိုတဲ့ကိစ္စကတော့ ဘယ်လိုထိရောက်မှု့တွေ ရှိနိုင်မလဲရှင့်။
ဖြေ ။ ။ အဲ့ဒီလိုမျိုး အမေရိကန်အစိုးရကနေပြီးတော့ အခုလိုမျိုး သီးသီးခြားခြား ဘတ်ဂျတ်ကို ယျာထားလာတဲ့ကိစ္စကလည်း အမေရိကန် Burma Act နဲ့ ပတ်သက်ပြီးတော့ လှုံ့ဆော်တိုက်တွန်းကြတဲ့ အစုအဖွဲ့အသီးသီးရဲ့ ကြိုးစားမှုရလဒ်တခုပေါ့နော်။ ကျမတို့ အဓိကတိုက်တွန်းခဲ့တဲ့ အကြောင်းအရာတွေက ဘာလဲဆိုတော့ ဒီစစ်သားနဲ့ရဲတွေ ဘက်ပြောင်းခိုလှုံဖို့၊ အတွေးအခေါ်ပြောင်းလဲဖို့ ထောက်ပံ့တာက ကျမတို့နိုင်ငံ အပြောင်းအလဲအတွက် အလွယ်ဆုံးသော အမြန်ဆုံးသော နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေနိုင်တယ်။ အထူးသဖြင့် သွေးမြေကျမှု့ အနည်းဆုံး နိုင်ငံရေးလှုပ်ရှားမှု့ ဖြစ်လာမယ်။ နောက်တခုက အကြမ်းမဖက် အန်တုလှုပ်ရှားမှု့တခု ဖြစ်လာမယ်။ နောက်တခုက ရေရှည်တည်တံ့တဲ့ နိုင်ငံရေး အပြောင်းအလဲကို ဆောင်ကျဥ်းနိုင်တဲ့ အပြောင်းအလဲ အစကနဦး ဖြစ်လာမယ်။ ဘာြဖစ်လို့လဲဆိုတော့ ကျမတို့လက်ရှိ မြန်မာပြည်ရဲ့ သမိုင်းကြောင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပြဿနာရဲ့ အရင်းအမြစ်နဲ့ တရားခံက စစ်အုပ်စုပဲ ဖြစ်နေခဲ့တယ်။ အဲ့ဒီတော့ ဒီစစ်အုပ်စုထဲမှာ ကျင်လည်နေတဲ့ သူတို့ရဲ့မျိုးဆက်တွေဘဲ ဖြစ်စေ စစ်သားတွေ ကိုယ်တိုင်က သူတို့ရဲ့ လုပ်ရက်တွေကို သူတို့ ပြန်မြင်ပြီးတော့ အဲ့လုပ်ရက်တွေကို ပြန်ပြင်ဖို့ ကြိုးစားတာ သူတို့ရဲ့ Institution စစ်တပ်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြောင်းလဲဖို့ ကြိုးစားတာသည် ရေရှည်အပြောင်းအလဲအတွက် အထောက်အကူ ဖြစ်မယ်။ တကယ့်တကယ် အပြောင်းအလဲကတော့ ပြည်သူတွေဆီက လာရမှာပေါ့နော်။
သို့သော် ခွန်အားနဲ့သတ္တိကတော့ မြေပြင်က ပြည်သူတွေဆီက လာရမယ်။ သို့သော် ဒီစစ်တပ်ဘက်ကနေမှ ပြည်သူတွေအပေါ်မှာ အမုန်းတရားနဲ့ ရန်လိုမှု့တွေအပေါ်မှာ မရှိနေဘူးဆိုရင် ကျမတို့ အပြောင်းအလဲက ပိုမြန်မယ်။ အဲ့ဒါလုပ်ဖို့အတွက် အဓိကတာဝန်ရှိတာ စစ်သားတွေ ကိုယ်တိုင်ပဲ ဖြစ်တယ်။ သူတို့ရဲ့ institution ကို စစ်သားတွေကိုယ်တိုင်ပဲ လုပ်ရမှာဖြစ်တယ်။ ဒီအတွက်ကြောင့်မို့ ထွက်လာကြတဲ့ ဘက်ပြောင်းခိုလှုံကြတဲ့ စစ်သားတွေမှာလည်း သူတို့မှာ သူတို့ institution ကို မြင်ချင်တဲ့ပုံစံတွေ၊ သဘောထားတွေ၊ အိမ်မက်တွေ ရှိတယ်။ ဘယ်လို ဖြစ်စေချင်တာတွေ ရှိတယ်။ ဒါတွေကို ကျမတို့က အသိပညာမြှင့်တင်တာရယ်။ သူတို့ကတဆင့် သတင်းစကားကို စစ်တက်ဘက်ကို ပြန်ပြီးတော့ ပေးချင်းအားဖြင့် တကယ့်အပြောင်းအလဲဆီကို ကျမတို့ သွားနိုင်မယ်လို့ ယူဆတယ်။ ဒါကြောင့်မို့လို့ ဒီလှုပ်ရှားမှု့ Defection လုပ်ရှားမှု့ဖြစ်စေ၊ နိုင်ငံရေးအန်တုလှုပ်ရှားမှု့ ဖြစ်စေ အားလုံးက ကျွန်းကိုင်းမှီ ကိုင်းကျွန်မှီ လက်ရှိ Civil Disobedience Movement ကျမတို့ ပြောတဲ့နိုင်ငံရေး အာဏာဖီဆန်တဲ့ CDM movement မှာလည်း အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ပြီး အခုချိန်ထိကို စစ်သားတွေဘက်က ကူးပြောင်းလာတာ မရပ်တန့်သေးဘူး။ စစ်သားတွေ ထွက်ပြေးတိမ်းရှောင်တာ၊ မသတ်ဖို့ ပြည်သူကို မသတ်ဖို့ ဆုံးဖြတ်တဲ့ စစ်သားတွေ ဆက်ရှိနေဆဲဖြစ်တယ်။ ပြီးရင် Surrender လို့ပြောတဲ့ လက်နက်ချအလင်းဝင်တဲ့ စစ်သားတွေလည်း ရှိလာလိမ့်မယ်။ ဒီလိုလုပ်ရက်တွေကို ကျမတို့ ပြည်သူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက မြှင့်တင်ခြင်းအားဖြင့် တကယ့်အပြောင်းအလဲအတွက်ကို အခွင့်အလမ်းတခု ရလာမယ်ပေါ့လေ။
မေး ။ ။ နောက်ဆုံးကတော့ အခုမြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပြစ်ဒဏ်က ကင်းလွတ်ခွင့်ပေါ့။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ အခု လူ့အခွင့်အရေးအဖွဲ့တွေကော လက်ရှိ မသဥ္ဇာရွှန်းလဲ့ရည်တို့အဖွဲ့တွေ ကိုယ်တိုင်ကလည်း ဒီမြန်မာနိုင်ငံမှာ ပြစ်ဒဏ်က ကင်းလွတ်ခွင့်ဆိုတာ မရှိရဘူးဆိုတဲ့ ဒီလှုပ်ရှားမှု့မျိုးတွေကို လုပ်နေတဲ့အခါကြတော့ အခုဆိုရင် ဘက်ပြောင်းခိုလှုံလာတဲ့ စစ်သားတွေထဲမှာ ဒီလိုမျိုး တချိန်က လူ့အခွင့်အရေး ချိုးဖောက်မှု့မှာ ပါဝင်ပတ်သက်ခဲ့တာ သူတို့နဲ့ ပတ်သက်ပြီးတော့ ရှိခဲ့တာမျိုးဆိုရင် ဒီစစ်သားတွေအပေါ်မှာကော ပြစ်ဒဏ်က ကင်းလွတ်ခွင့်ဆိုတဲ့ အချက်က ဘယ်လို သွားသက်ရောက်နေမလဲရှင့်။
ဖြေ ။ ။ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပဲပြောပြော လူ့အခွင့်အရေး ဒီမို့ကရေစီဘဲပြောပြောနောက်တရားမျှတမှု့ Justice and Accountability တာဝန်ယူမှု့၊ တာဝန်ခံမှု့ဘဲပြောပြော ဒီစကားတွေပြောလိုက်ရင် ဘယ်လူသားကမှ ချို့ယွင့်ချက် မဟုတ်ဘူး။ ဘယ်အစု့အဖွဲ့မှ ချို့ယွင်းချက် မဟုတ်ဘူး။ မဟုတ်တော့ ကျမတို့က ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ရမယ်လို့ ဒီတော်လှန်ရေးက ကြွေးကြော်ထားတယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်ပဲ ဖြစ်နေပါစေ ဘယ်လိုအစိုးရပဲ ဖြစ်နေပါစေ။ ဘယ်လိုအစုအဖွဲ့ပဲ ဖြစ်နေပါစေ။ ပြစ်ဒဏ်ကျူးလွန်ခဲ့ရင် ကျူးလွန်ခဲ့ပါစေ ကျူးလွန်ခဲ့တဲ့အတိုင်း ပြန်ပေးဆပ်ရမယ်ဆိုတဲ့ မူနဲ့ပဲ သွားတာဖြစ်တယ်။ စစ်သား၊ ရဲတွေလည်း ချွင်းချက်မဟုတ်ပါဘူး။ အရပ်သားတွေဆိုရင်လည်း ဘယ်လောက်ပဲ ကောင်းရာကောင်းကျိုး အခုပဲ လုပ်နေလုပ်နေ အရင်က လုပ်ခဲ့တဲ့ ပြစ်မှု့တွေအတွက် ပြန်ပြီးတော့ ပေးဆပ်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီပေးဆပ်တဲ့အခါမှာ အခုဆိုရင် NUCC အမျိုးသားညီညွတ်ရေးကောင်စီကဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဒီ transitional justice နဲ့ပတ်သက်တဲ့ မူဝါဒတွေကို စတင်ထုတ်ပြန်ထားတယ်။ ဒီ transitional justice ရဲ့ မူဝါဒမှာ အခြေခံစံနှုန်းတွေ တန်ဖိုးတွေ ရှိတယ်။ ကျမတို့နိုင်ငံမှာ တခါမှ မရှိခဲ့ဖူးသော ဒီလိုစဥ်းစားချက်တွေနဲ့ ဒီလိုမူဝါဒတွေ ထုတ်ပြန်လာနိုင်တာ ဖြစ်တယ်။ ဆိုတော့ ရေရှည်သွားရမှာ ဖြစ်တယ်။ အခုလက်ရှိ စစ်သားတွေ ကူးပြောင်းလာတဲ့အခါမှာ စစ်သားတွေထဲမှာရော ပြစ်ဒဏ်ကင်းလွတ်နေတဲ့ သူတွေကော မရှိနိုင်ဘူးလား။ ရှိနိုင်တယ်။ ရှိကိုရှိတယ်။ ရှိခဲ့လို့လည်း ကျမတို့တွေ စစ်သားတွေကို လက်ခံတဲ့အခါမှာ အဖွဲ့အစည်းအသီးသီးက နောက်ခံ Background တွေကို check လုပ်တယ်။ Verify လုပ်တယ်။ အရမ်းဆိုးရွားပြင်းထန်တဲ့ လုပ်ရက်တွေ လုပ်ဆောင်ခဲ့တဲ့ တပ်မတွေ တပ်ရင်းတွေကနေ ကူးပြောင်းလာတဲ့သူတွေဆိုရင် သူတို့ကို ထိန်းသိမ်းတာတွေ သူတို့ရဲ့နောက်ခံ Background တွေကို စစ်ဆေးတာတွေ ဒါတွေလုပ်ကြတယ်။ ဆိုတော့ ပုံစံမျိုးစုံနဲ့တော့ စစ်ဆေးနေကြတယ်။ သို့သော် စနစ်တကျ လုပ်နိုင်တာကတော့ တော်လှန်ရေးအလွန်ကာလ သေချာပေါ့ Infrastructure တွေ ရှိတဲ့အခါကြတော့ တရားရုံးတွေ ဘာတွေနဲ့ ကျမတို့သွားရမှာ ဖြစ်တယ်။ ဆိုတော့ အဲ့လမ်းကြောင်းကတော့ ကျမတို့ဘယ်တော့မှ သွေဖယ်လို့ မရဘူး။ ဒီတရားမျှတမှုနဲ့ သွားတဲ့လမ်းကြောင်းမှာဆိုရင် ပြီးခဲ့တဲ့ပြစ်မှု့တွေကို ကျမတို့က လျှော့ပေးလိုက်တယ်ဆိုတာ မရှိဘူး။
အကယ်လို့ လျှော့ပေးလိုက်တောင်မှ စနစ်တကျ ဥပဒေနဲ့အညီ ဖြစ်ရမယ်။ အဲ့ဒီ ဥပဒေက ဘာဖြစ်မလဲဆိုရင် ကျမတို့ တခြားနိုင်ငံမှာလည်း ရှိတယ်။ စစ်သားတွေက သူတို့ မှားခဲ့ပါတယ်ဆိုတာ ဝန်ခံတယ်။ ပြည်သူကို ဝန်ချတောင်းပန်တယ်။ ဒီလိုဖြစ်ရပ်တွေအပြင် လက်ရှိ တော်လှန်ရေးမှာ တနည်းတဖုံနဲ့ ပါဝင်ဆောင်ရွက်တယ်။ လက်ရှိတော်လှန်ရေး အားကောင်းအောင် ဥပမာ ICC ICJ ကမ္ဘာ့ခုံရုံးတွေမှာ သက်သေတွေ စုနေတာတွေရှိတယ်။ ဒီလိုမျိုး အစုအဖွဲ့အသီးသီးကနေ လူ့အဖွဲ့အစည်းချိုးဖောက်မှု့ မှတ်တမ်းတွေကို ပြုစုနေတဲ့အခါမှာ စစ်သားတွေက ပါဝင်ဆောင်ရွက်တာ ပါဝင်ပြီးတော့ အားဖြည့်တာ။ ဒီလိုလုပ်ရက်တွေ လုပ်ခြင်းအားဖြင့်လည်း သူတို့လုပ်ခဲ့တဲ့ လုပ်ရက်တွေကို ပြန်ပြီးတော့ ဖာထေးဖို့ ကြိုးစားတယ်။ ဒီလုပ်ရက်တွေ လုပ်ထားခြင်းအားဖြင့် တချိန်မှာ ကျမတို့ တရားရုံးတွေ ပေါ်လာတဲ့အခါမှာ သူတို့က အယူခံလျှောက်လို့ရတယ်။ ကျနော်တို့ ဒီလိုပါဝင်ခဲ့ပါတယ်။ ကျနော် မှားခဲ့ပါတယ်။ ဆိုတော့ ဒီလိုနည်းတွေနဲ့ပေါ့နော်။ ဒါကတော့ ဥပမာပေးတာ အဲ့လိုမျိူး စနစ်တကျ နည်းလမ်းတွေကတော့ ကျမတို့ အခုချိန်ထိ ဥပဒေတွေ မူတွေရေးဆွဲနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြောချင်တာကတော့ စစ်သားတွေ ဘက်ကူးပြောင်းလာပြီးဆိုရင် ဘက်ကူးပြောင်တယ်ဆိုကထဲက တဘက်က သတ်ဖြတ်နေမှု့ကို မကြိုက်တာ၊ မတရားမှု့ မကြိုက်လို့ တရားမျှတမှု့ဘက်ကို ကူးလာတာဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့နဲ့ လမ်းကြောင်း တောင်နဲ့မြောက် အဲ့ဒီလိုမျိုး opposite ဖြစ်နေတယ်လို့ ကျမ မထင်ဘူး။ လမ်းကြောင်း တူတယ်။ သို့သော် ကျမတို့ လမ်းကြောင်းတူတူ ဘယ်လိုသွားမလဲ။ ယုံကြည်မှု့ရှိရှိနဲ့ ဘယ်လိုသွားမလဲဆိုတဲ့ မူတွေ ဥပဒေတွေကတော့ ပြုစု့ဖို့ လိုနေသေးတယ်။
ဒါပေမဲ့ စစ်သားတွေကလည်း သူတို့လည်း တရားမျှတမှု့ကို လိုချင်တဲ့သူတွေလို့ ကျမ ထင်ပါတယ်။ ဒါကြောင့်မို့လည်း သူတို့ ဘက်ကူးပြောင်းလာကြတယ်။ ပြည်သူတွေနဲ့ အတူရပ်တည်လာကြတယ်။ ဆိုတော့ တရားမျှတမှု့ကို လိုချင်တဲ့သူအချင်းချင်း ပြည်သူတွေလည်း လိုချင်တယ်။ အဲ့ဒီတော့ ကျမတို့ လမ်းကြောင်းမှန်ပေါ်မှာ စနစ်တကျနဲ့ အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်။ ဒီဟာကတော့ ကျမတို့ လက်ရှိ အဖွဲ့အစည်းအနေနဲ့ ချမှတ်ထားတဲ့ စဥ်းစားချက်။ ဒီစဥ်းစားချက်နဲ့ ကျမတို့ သွားပါတယ်။ အခြားအဖွဲ့အစည်းတွေမှာလည်း ဒီလို စဥ်းစားချက်တွေ ပိုပြီးနားလည်လာအောင် လက်ခံလာအောင် ကျမတို့အများကြီး advocacy တွေ လုပ်ဖို့ လိုပါသေးတယ်။
မအင်ကြင်းနိုင် ။ ။ မသဥ္ဇာရွှန်းလဲ့ရည် ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို အချိန်ပေးပြီး တော့ မေးခွန်းတွေ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျမကို ဖိတ်ကြားပေးတဲ့အတွက်။
Forum