သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ နဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး


စစ်အစိုးရ နဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး
စစ်အစိုးရ နဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး

လူသားတို့အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးရေးကြိုးပမ်းနေတဲ့ ပြည်ပက ထောက်ခံနေသူတွေကြား လှုပ်ရှားမှုတွေကို အတည်ပြု အားပေးခဲ့ တာမျိုး မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း နယူးရောက်တိုင်းမ် (Newyork Times) သတင်းစာမှာ နိုဝင်ဘာလ ၂၄ ရက်နေ့က မှတ်ချက်ပြု ရေးသားခဲ့တာဟာ မမှန်ကန်ဘူးလို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဦးဉာဏ်ဝင်း “အဲဒီ စာပိုဒ် တပိုဒ်လုံးဟာ လုံး၀ ဒေါ်အောင်ဆန်းစုကြည် မပြောပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာ က အဲဒီလို မိမိကို ထောက်ခံနေတဲ့လူတွေ၊ တစုံတခု ဆောင်ရွက်ခဲ့ရင်တောင်မှ အဲဒါကို မိမိတဦးတည်း အနေနဲ့ မထောက်ခံဘူးလို့ ဘယ်တုံးကမှ မပြောခဲ့ပါဘူး-တဲ့။ အဲဒါ ဖြေရှင်းချက်ကို ကျနော် တခါတည်း ပေးလိုက်တာပါ။”

နယူးရောက်တိုင်းမ် သတင်းစာရဲ့ ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားရင်းအတိုင်း တိုက်ရိုက် ဖော်ပြထားတာမဟုတ်ဘဲ မှတ်ချက်ပြု ရေးသားထားတာသာဖြစ်တဲ့အတွက် အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာ ဖြစ်နိုင်ပါတယ်။ နယူးရောက်တိုင်းမ် သတင်းစာမှာ တကယ်တမ်းပါရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားရင်းအတိုင်း တိုက်ရိုက်ကိုးကား ဖော်ပြချက်ကတော့ - သူတို့ကို နိုင်ငံတကာ တရားရုံးတင်ဖို့ လိုလားကြောင်း ကျမ တခါမှ မပြောခဲ့ဖူးပါဘူး ဆိုတဲ့ ငြင်းဆိုချက်ပါပဲ။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အဲန်အယ်လ်ဒီ အနိုင်ရပြီးကာစ ပါတီခေါင်းဆောင် ကွယ်လွန်သူ ဦးကြည်မောင်က မြန်မာနိုင်ငံမှာ နုရင်ဘတ်စစ်ခုံရုံးလို တရားစီရင်မှုတွေ မလိုအပ်ပါဘူးလို့ ပြောခဲ့တာကိုတောင် သွယ်ဝိုက် ခြိမ်းခြောက်မှု တခုအနေနဲ့ယူဆပြီး မြန်မာစစ်တပ် ခေါင်းဆောင်တွေက တင်းတင်းမာမာ တုံ့ပြန်ခဲ့တဲ့ဖြစ်ရပ်မျိုး ရှောင်လွဲှနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိထားပုံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ဖော်ပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ရည်မှန်းချက်တွေကတော့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကတော့ ပြည်တွင်း နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးနဲ့အဖြေရှာဖို့ အားပေးနေသလို မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့် အရေးချိုးဖောက်မှု၊ နိုင်ငံရေးဖိနှိပ်မှု၊ တိုင်းရင်းသားဒေသတွင်း တိုက်ခိုက် ကျူးလွန်မှု စတာတွေကို တားဆီး နိုင်ဖို့အတွက် ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို ရှာကြံနေကြတာပါ။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ရှုတ်ချမှုတွေလုပ်၊ လူ့အခွင့်အရေး အစီရင်ခံ စာတွေမှာ ဝေဖန်မှုတွေလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူးဆိုတာ သဘောပေါက်လာခဲ့ကြတဲ့နောက်ပိုင်း ပိုပြီး တိုက်ရိုက် ကျတဲ့ အရေးယူမှုတွေလုပ်နိုင်ဖို့ ဦးတည်နေကြတာပါ။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဦးဆောင်တင်ပြမှုအတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအဆင့်မှာ မြန်မာနိုင်ငံအတွက် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့အတွက် အမေရိကန်၊ ဗြိတိန်၊ သြစတျေးလျ စတဲ့နိုင်ငံတွေက ဦးဆောင် လုပ်ကိုင်နေကြပါပြီ။ ဒီလို စုံစမ်းရေး ကော်မရှင်ပေါ်ပြီးမှ လုံခြုံရေးကောင်စီက the Hague မြို့ နိုင်ငံတကာရာဇဝတ်ခုံရုံးကို အမှု လွဲှပြောင်း ကြားနာ စစ်ဆေးစေရေးအဆင့်မျိုးအထိ ထပ်ပြီးလုပ်ဆောင်ဖွယ်ရာရှိပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားတက္ကသိုလ် (Indiana University Bloomington) နိုင်ငံတကာ အခြေခံဥပဒေရေးရာဌာန (Center for Constitutional Democracy) ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်းငွန်ကျုံးလျှန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ ကုလသမဂ္ဂ ကမကထပြုပြီးတော့ ဖွဲ့ဖို့ကြိုးစားနေတဲ့ အခု Commission of Inquiry ဆိုတာ နည်း လေးမျိုးနဲ့ဖွဲ့လို့ရပါတယ်။ ပထမ UN General Assembly ရဲ့ Resolutions ချပြီးတော့ ဖွဲ့လို့ရ တယ်။ ဒုတိယက Human Rights Council က Resolution ချပြီးတော့ အားလုံးက သဘောတူတယ်။ ဒါမှ မဟုတ် အများစုကသဘောတူရင် ဆုံးဖြတ်ချက်ချလို့ရတယ်။ နောက်ပြီးတော့ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ Secretary General Mandate နဲ့ (လုပ်ပိုင်ခွင့်နဲ့) ကမ ကထပြုပြီးတော့ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံချက်နဲ့ ဖွဲ့လို့ရတယ်။ အဲလို နည်းလေးမျိုးနဲ့ ဖွဲ့လို့ရတယ်။ ဖွဲ့ပြီး တော့ ဒီလုပ်ငန်းကို စတင် ဆောင်ရွက်လို့ ရတယ်လို့ ကျနော်တို့တွေ့ပါတယ်

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ စုံစမ်းရေးကော်မရှင်ရဲ့အဓိကတာဝန်က ဘာလဲ။ ဒီစုံစမ်းရေးကော်မရှင် ဖွဲ့ပြီးလို့ရှိရင် သဘောကတော့ လုံခြုံရေးကောင်စီမှာ ဒီ စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်တွေကို ကြားနာ ပြီးတဲ့အခါ ကျလို့ရှိရင် နောက် ထပ်အဆင့်တခုအနေနဲ့ the Hague မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပြီးတော့ တရားစီရင် မှုတွေလုပ်ပေးဖို့ဆိုတဲ့အဆင့်က ဖြစ်ပေါ်လာနိုင်တဲ့အနေအထားလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ အဲဒါ သူတို့လုပ်နေတဲ့ဟာက အခြေခံ လုပ်ငန်းစဉ်ပါ။ ပြီးရင် တကယ်လို့် Resolution တခုခု ဘယ်အချက်က နေပဲ ထွက်လာ ထွက်လာ အဲဒီထဲမှာ သူ့ရဲ့ Mandate ပါလာတယ်။ လုပ်ပိုင်ခွင့်၊ ဘာတွေလုပ်ရမယ်၊ ဘာလုပ်ရ မယ်ဆိုတဲ့လုပ်ပိုင်ခွင့်တွေ၊ ဘယ်လိုပုံစံနဲ့လုပ်ရမယ်ဆိုတဲ့ ဟာတွေ အားလုံး ပါလာလိမ့်မယ်။ အဲဒီထဲမှာမှပဲ အဲဒီ Mandate ထဲမှာပဲ ဒီအမှုဟာ ကြားနေဖြစ်တဲ့ အဖွဲ့ အစည်းတွေကပဲ ကိုင်တွယ်ပြီးတော့ လုံခြုံရေးကောင်စီကို Report ပြန်ရေးမလား၊ General Assembly ကို ပြန်ရေးမလား၊ Human Rights ကောင်စီကိုပဲ ပြန်ရေးမလား၊ နောက်ပြီးတော့ နောက်ဆက်တွဲ ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ်လို့ရှိရင် Sudan နဲ့ Darfur ကိစ္စတုံးကလို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးကို လိုဟာမျိုး ဖြစ်လာ မလားဆိုတာ ဒုတိယနဲ့ တတိယအဆင့်မှာ ဖြစ်လာမယ့် အချက်တွေလို့ ကျနော် နားလည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ နောက်တခုက ကျနော်နားလည်တာကတော့ အခု ဒီ ICC - International Criminal Court လို့ခေါ်တဲ့ နိုင်ငံတကာခုံရုံးကို လွှဲပြောင်းပေးဖို့ဆိုတဲ့နေရာမှာ အရင်ဆုံးအခု ကျန်နေသေးတဲ့အဆင့်က စုံစမ်းရေး ကော်မရှင်အဖွဲ့ ဖွဲ့ဖို့ ဆိုတဲ့အဆင့်က ကျန်နေသေးတယ်ဆိုတော့ စုံစမ်းရေးကော်မရှင်အဖွဲ့ ဖွဲ့ဖို့ အရေးမှာတောင်မှပဲ အရှေ့ကို ဆက်ပြီး မတိုးနိုင်သေးတဲ့ အခြေအနေဆိုတော့ ဗမာနိုင်ငံမှာဖြစ်နေတဲ့ ရာဇဝတ်မှု ကျူးလွန်မှုတွေပေါ့နော်၊ လူသားတို့အပေါ် ကျူးလွန်တဲ့အမှုတွေအတွက် နိုင်ငံတကာခုံရုံးကို ရောက်ရမယ်ဆိုတဲ့အဆင့်ဟာ တော်တော်လေး အလှမ်းဝေး နေတယ်လို့ ပြောလို့မရဘူးလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ အလှမ်းဝေးတယ်လို့ ပြောလို့လည်းရတယ်။ နောက်ပြီးတော့ အမေရိကန် ဦးဆောင်ပြီးတော့ အင်္ဂလန်တို့၊ တခြားပြင်သစ်နိုင်ငံတို့ ဦးဆောင်ပြီးတော့ လုပ်ဆောင်မှုတွေဟာလည်း တခြား တိုင်းပြည်တွေ ဘယ်လောက်ထောက်ခံမှုရှိလာမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါ တယ်။ အဲဒီတော့ ဒီကိစ္စက ခန့်မှန်းရ ခက်ပါတယ်။ ရှည်လည်းရှည်နိုင်တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့လည်း ဆူဒန် (Sudan) လိုဟာမျိုး ဖြစ်သွားနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ နောက်တချက်က မြန်မာနိုင်ငံမှာရှိတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ပေါ့နော်၊ နိုင်ငံတကာရဲ့ ဒီလို ဖိအားပေးမှုတွေ ပြန်ဖြစ်လာပြီးတော့ နိုင်ငံတကာ ခုံရုံးတွေရောက်မယ်၊ တရားစွဲခံရမယ် ဆိုတဲ့ အနေအထားတွေရှိမယ်ဆိုရင် ဒီကိစ္စကို သူတို့အနေနဲ့ ဒါ သူတို့အပေါ်လက်စားချေဖို့ ဆောင်ရွက်မှုတွေလို့ မြင်ကြမှာမလွဲဘူးလေ။ အဲဒီတော့ ဒီကိစ္စတွေဟာ ဗမာပြည်ထဲမှာ ပြည်တွင်းနိုင်ငံရေးသမား အဖွဲ့အစည်း တွေက ပြောဆိုနေကြတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲ တောင်းဆိုမှုတွေအပေါ် ဘယ်လိုများ ဂယက်ရိုက်နိုင်သလဲ။ သက်ရောက်မှုတွေရှိနိုင်မလဲ။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့ ဆရာ၊ အဲဒီ မေးခွန်းက တော်တော်အရေးကြီးတယ်။ နောက်ပြီးတော့ ကျနော်တို့ ဗမာပြည်သား ပြည်သူတွေအားလုံး ပြန်ပြီးတော့ ရင်ကြားစေ့ရေးလုပ်ချင်တဲ့သူတွေအားလုံး သေသေချာချာ ပြန်စဉ်းစားဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ ICC ကို UN Security Council က Refer လုပ်လို့ ဗမာပြည်ကိစ္စ ရောက်သွားလို့ရှိရင် အဲဒီကိစ္စမှာ ICC ဗမာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို သာမန် ရာဇဝတ်မှု တရားစီရင်ရေးစနစ်ဖြစ်တဲ့ Criminal Justice System နဲ့ သူတို့က ဖြေရှင်း သွားမယ်။

Criminal Justice System ဆိုတာ ကျနော်တို့ ဗမာတွေအားလုံးက နားလည်ပါတယ်။ အပြစ်ရှိတဲ့သူကို ဖမ်းမယ်၊ တရားစီရင်မယ်၊ နောက်ပြီးတော့ ပြစ်ဒဏ်ချမယ်။ ပြီးရင် သူ့ကိုထောင်ချရင်ချမယ်။ အရေးယူရင်ယူမယ်၊ ထိုက်သင့်သလို ပြစ်ဒဏ်ကိုပေးမယ်။ အဲလို အပြုခံရတဲ့လူတွေကို နစ်နာကြေးတွေ၊ လျော်ကြေးတွေပေးမယ်။ ဒါဆိုရင် အမှုကပြီးသွားပြီလို့ ကျနော်တို့က ယူဆတယ်။

အမှန်တော့ ဗမာပြည်လိုဟာမျိုးဖြစ်ဖြစ်၊ တောင်အာဖရိကလိုဟာမျိုး၊ နောက်ပြီးတော့ အင်ဒိုနီးရှားလိုဟာမျိုး စစ်အုပ်ချုပ်ရေးကနေ အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာတဲ့ အချိန်မှာ သူတို့ဟာ အခုနပြောတဲ့ သာမန်ရာဇဝတ်မှု တရားစီရင်ရေး စနစ်တခုထဲကိုပဲ ကြည့်ပြီးတော့ မကျင့်သုံးဘဲနဲ့ တခြား - ဒီ ဥပမာ Restorative Justice System တို့၊ နောက် မဟုတ်လို့ရှိရင် Transformative Justice System တို့၊ Transitional Justice System စတဲ့ ဒီ ဦးတည်ချက်၊ ရည်ရွယ်ချက်ကို ရောက်နိုင်ဖို့အတွက် သင့်မြတ် လျော်ကန်တဲ့ တရားစီရင်ရေးစနစ်တွေ ကျင့်သုံးသွားတာရှိတယ်။ အဲဒါကို ကျနော်တို့ အလေးပေးပြီးတော့ ရှာဖွေသင့်တယ်၊ စူးစမ်းသင့်တယ်၊ စဉ်းစားထည့်သွင်းသင့်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီနေရာမှာ အရင် ကျနော်တို့ အင်တာဗျူးတွေ လုပ်ခဲ့တုံးကလည်း ဆလိုင်းငွန်ကျုံးလျှန် အနေနဲ့ ပြောပြထားဖူးတာတွေရှိတယ်လေ။ အဲဒါက အထူးသဖြင့်တော့ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ Restorative Justice System ပေါ့နော်။ ဗမာလို ဘယ်လိုပြန်ရမလဲ ဆိုတာတော့ ကျနော်တို့အနေနဲ့တော့ မသိနိုင်ဘူး။ အဓိက ကတော့ လူဖြူလူမည်း ခွဲခြားတဲ့ ခေတ်ကာလက လူဖြူအစိုးရကနေပြီးတော့ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို နောက်ပိုင်း လူမည်းအစိုးရတက်လာတဲ့အခါကျတော့ သင်ပုန်းချေတဲ့ System ပေါ့နော်။ တရားစီရင်ရေး System ပေါ့။ အဲဒီတော့ အဲဒီဟာနဲ့ ပတ်သက်လို့ ဥပမာလေးတခု ကျနော့်ကို ပြောပြပါလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ အာဖရိကမှာ လူဖြူတွေအုပ်ချုပ်တုံးက သူတို့ ချိုးဖောက်ခဲ့တဲ့ ပြစ်မှုတွေ အများကြီးရှိနေလို့ အဲဒီ လူဖြူတွေကို တော်လှန်ရင်းနဲ့ ပြစ်မှုတွေအများကြီး ဒီ ANC (African National Congress) ဘက် ကလည်း ချိုးဖောက် တာတွေရှိပါတယ်။ အများကြီးတော့ ပြောရင်တော့ မှားရင်မှားလိမ့်မယ်။ ချိုးဖောက် တဲ့ဟာ ရှိတယ်။ အဲဒီတော့ သူတို့လိုချင်တဲ့ ဟာက လူဖြူပဲဖြစ်ဖြစ်၊ လူမည်းပဲဖြစ်ဖြစ် တောင်အာဖရိကမှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားပြီးတော့ ဟိုဘက် ဒီဘက် အတူတကွ နေချင်တဲ့ဟာကို သူတို့ အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့ဟာ သာမန်လူတိုင်း သုံးစွဲနေကျဖြစ်တဲ့ သာမန် ရာဇဝတ်မှု တရားစီရင်ရေး၊ Criminal Justice ကို မကျင့်သုံးဘဲနဲ့ Restorative Justice ကိုကျင့်သုံးသွားတယ်။ ဥပမာ- အရင်တုံးက ဖြစ်ခဲ့တဲ့ကိစ္စတွေကို တရားရုံးမှာ သွားပြီးတော့ တရားရင်မဆိုင်ဘဲနဲ့ အမှုကျူးလွန်တဲ့ သူက အကျူးလွန်ခဲ့တဲ့သူကို လူအများရှေ့မှာ တောင်းပန်ပြီးတော့ ကျနော်မှားခဲ့ပါတယ်- ပြောလို့ရှိရင် အဲဒီပြစ်မှု ကျူးလွန်ခဲ့တဲ့သူကလည်း ခွင့်လွှတ်ရမယ်ဆိုပြီးတော့ ဟိုဘက် ဒီဘက်ညှိပြီးတော့ ဒီဟာတွေကို ဖြေရှင်းသွားတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့၊ ဒါဆိုလို့ရှိရင် နောက်ထပ်စနစ်တခုပေါ့နော်၊ ဒီ အမေရိကနဲ့ အာရှတိုက်၊ အထူးသဖြင့် အင်ဒိုနီးရှားတို့ အရှေ့တီမောတို့မှာ သုံးသွားတဲ့ Transformative Justice System ပေါ့နော်၊ အဲဒီ အကြောင်း ကိုလည်း နည်းနည်းလေး ရှင်းပြပါလား။ သူတို့ကတော့ အဓိကအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက်အကူပြုစေမယ့် တရားရေးဆုံးဖြတ်တဲ့ စနစ်သဘောမျိုးနဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းတယ်ဆိုတဲ့သဘောပေါ့နော်။ အဲဒီ ဥပမာလေးတွေကို နည်းနည်းလောက် ပြောပြပါလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ ဥပမာ ကျနော်တို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာဖြစ်သွားတဲ့ ကိစ္စ၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှား ပဋိပက္ခနောက်ပိုင်းမှာ အဲဒီ ပဋိပက္ခဖြစ်တုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို Criminal Justice System နဲ့ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီနေ့အချိန် အထိ အရှေ့တီမောဟာ လွတ်လပ်ရေးရချင်မှ ရလိမ့် မယ်။ ဒါမှမဟုတ် ပြဿနာက၊ ပဋိပက္ခက အခုထိ ပြီးချင်မှ ပြီးသွားလိမ့်မယ်။

ဒါပေမဲ့စစ်ရေးအရ အင်ဒိုနီးရှားက မရှုံးနိမ့်သည့်တိုင်အောင် သူ့မှာ အရှေ့တီမောဖြစ်ပျက်ခဲ့တဲ့ဟာတွေ အတွက် သူတို့မှာ ထွက်ပေါက်လေးတခုရထားလို့ အခု ဒီပြဿနာ ဖြေရှင်းသွားတာဖြစ်ပါတယ်။ တချိန်ထဲ မှာပဲ အင်ဒိုနီးရှားထဲမှာကိုက ဆူဟာတို (Suharto) အာဏာကျသွားတဲ့နောက်ပိုင်းမှာ ဆူဟာတိုနဲ့ သူ့ရဲ့ အဆက်အနွယ်တွေ အားလုံးအပေါ် မှာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အဲဒါတွေကို အင်ဒိုနီးရှားက ကိုင်တွယ်ဖြေရှင်းတဲ့ အချိန်မှာ ဒီ Criminal Justice System တခုထဲကို မကြည့်ဘဲနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြန်လည်သင့်မြတ်ကြ ပြီးတော့ ဒီမိုကရေစီ စနစ်ကြီးအရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်ရေးအတွက်ကိုပါ ထည့်တွက် စဉ်းစားငဲ့ကွက် ပြီးမှ သူတို့က တရား စီရင်ရေးတွေကို တခုပြီးတခု လုပ်ကိုင်သွားတာဖြစ်တယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင် အာဖရိကမှာဖြစ်ဖြစ်၊ အရှေ့တီမောမှာဖြစ်ဖြစ်၊ လက်တင်အမေရိက နိုင်ငံတွေမှာဖြစ်ဖြစ်၊ သူတို့တရားစီရင်ရေး၊ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဒါမှမဟုတ် ပြန်လည်ရင်ကြား စေ့နိုင်ရေးအတွက် တရားစီရင်ရေးစနစ်တခုကို ကျင့်သုံးတဲ့အချိန်မှာ သူတို့ဟာ သာမန်ရာဇဝတ်မှု တရား စီရင်ရေးဆိုင်ရာဖြစ်တဲ့ Criminal Justice System တခုကိုပဲ မကြည့်ဘဲနဲ့ တခြားနည်းနဲ့ သူတို့ရဲ့ပန်းတိုင်ကို အရောက် ခေါ်ဆောင်သွားနိုင်မယ့် အသွင်ပြောင်းနိုင်အောင် အားပေးအားမြှောက်ပြုနိုင်မယ့် တရားစီရင်ရေး နည်းတွေကို ရှာဖွေတယ်။ အဲဒါကို ကျနော်တို့ ဗမာပြည်မှာလည်း ရှာဖွေသင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာလည်း ဘာပဲပြောပြော၊ မြန်မာ့ဒီမိုကရေစီရေးမှာ အင်မတန်ကို ကြီးမားတဲ့အခန်းကဏ္ဍတခု ဖြစ်တယ်ဆိုတာကို အသိအမှတ် ပြုပြီးတော့ ဖြစ်ခဲ့သမျှ ပြဿနာတွေကို နည်းလမ်းရှာကြံပြီးတော့ ဖြေရှင်းသွားဖို့ဆိုတဲ့ အကြံပြုချက်ပေါ့။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ပါတယ်။ မြန်မာပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ တပ်မတော်မပါဘဲနဲ့ မဖြစ်ဘူး၊ တိုင်းရင်းသားတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီမိုကရေစီအင်အားစုတွေ မပါဘဲနဲ့ မဖြစ်ဘူး။ အဲဒီမှာ ပါဝင်တဲ့ လူတွေအားလုံးရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့အနေအထား၊ သူတို့ရဲ့အနာဂတ် လုံခြုံရေး၊ သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့ ပြီးခဲ့တဲ့ ပြဿနာတွေအားလုံးကို တရားဥပဒေအရ အဖြေရှာတဲ့ အချိန်မှာ Criminal Justice တခုထဲကို ကြည့်ပြီးတော့ အဖြေရှာတာထက် တခြားဖြစ်နိုင်ချေရှိတဲ့ နည်းစနစ်တွေ၊ ရှိသမျှတွေကို ကျနော်တို့ ရှာကြံပြီးတော့ ဘယ်ဟာ ကျနော်တို့ အတွက် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ စိတ်ဓာတ်မျိုး ကျနော်တို့ထားနိုင်မယ် ဆိုလို့ရှိရင် အသွင်ကူး ပြောင်းရေးအတွက်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ပိုပြီးတော့ အကျိုးဖြစ်စေမယ်၊ အဲဒီလို လုပ်ဆောင်ရာမှာလည်း အောင်မြင်မှု ရနိုင်မယ်လို့ ကျနော်တော့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာတက္ကသိုလ်၊ နိုင်ငံတကာ အခြေခံ ဥပဒေရေးရာ ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်း ငွန်ကျုံးလျှန်ကို ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG