ကြာသပတေးနေ့ညက ပြုလုပ်ခဲ့တဲ့ ဒီမိုကရက်ပါတီ သမ္မတလောင်းတွေရဲ့ ဒုတိယအသုတ် စကားစစ်ထိုးပွဲအတွင်း အမေရိကန်ဒုသမ္မတ Joe Biden ဟာ အဓိကပုဂ္ဂိုလ်အဖြစ် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ အထက်လွှတ်တော်အမတ် Kamala Harris က လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က လူဖြူမဟုတ်တဲ့ ကလေးငယ် ကျောင်းသားတွေကို ဘတ်စကားနဲ့ ကျောင်းကြို၊ ကျောင်းပို့ လုပ်ခဲ့တဲ့ကိစ္စကို ဥပမာပေးပြီး လူမျိုးရေးခွဲခြားဆက်ဆံတဲ့ လွှတ်တော်အမတ်တွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ကိစ္စအပေါ် ပြင်းထန်စွာ ဝေဖန် ပြောဆိုခဲ့ပါတယ်။
ကာလီဖိုးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ်လည်းဖြစ်၊ အစိုးရ ရှေ့နေဟောင်းလည်းဖြစ်တဲ့ Harris က အဲဒီလို လူမျိုးရေး ခွဲခြားဆက်ဆံံပြီး ပြေးဆွဲခဲ့တဲ့ ကျောင်းကားကို သူကိုယ်တိုင် စီးခဲ့ရတဲ့ အတွေ့အကြုံကို ဥပမာပေးပြီး ဒုသမ္မတဟောင်း Biden ကို ထိုးနှက် တိုက်ခိုက်ခဲ့တာပါ။
ဒါပေမယ့် သူ့အနေနဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုကို ထောက်ခံအားပေးခြင်း မရှိခဲ့ကြောင်းနဲ့ အဲဒီလို သူ့ကို စွပ်စွဲ ပြောဆိုတာဟာ မှားယွင်းကြောင်း Joe Biden က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ပါတီကို ကိုယ်စားပြုယှဉ်ပြိုင်နိုင်ရေး ကြိုးစားနေကြတဲ့ ဒီမိုကရက်ကိုယ်စားလှယ်လောင်း ၂၀ ရှိတဲ့အထဲ ဒုသမ္မတဟောင်း Joe Biden က ထိပ်ကနေ ဦးဆောင်နေတာကြောင့် သူ့ကို အများစုက ပစ်မှတ်ထား တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။
လူထုစစ်တမ်းတွေမှာ Biden နောက်က ကပ်လိုက်နေတဲ့ တခြားကိုယ်စားလှယ်လောင်းတဦးဖြစ်သူ Bernie Sanders ကတော့ သမ္မတ Trump ဟာ လူလိမ်၊ လူညာ၊ လူမျိုးရေးခွဲခြား ဆက်ဆံသူလို့ ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ၊ Osaka မြို့မှာ G-20 ထိပ်သီးစည်းဝေးပွဲ တက်ရင်းက ဒီမိုကရက်တွေရဲ့ စကားစစ်ထိုးပွဲကို စောင့်ကြည့်နေတဲ့ သမ္မတ Trump ကတော့ ဒီမိုကရက်တွေ အားလုံးက သန်းနဲ့ချီတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်နေသူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးချင်နေကြတာလို့ ပြောပါတယ်။
ဒီမိုကရက်တွေနဲ့ သမ္မတ Trump အကြား ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေအရေးတို့ဟာ အကြီးမားဆုံး သဘောထားကွဲပြားနေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။