သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ ဒုသမ္မတဟောင်း Joe Biden အပြိုင်မဲဆွယ်


သမ္မတ Trump နဲ့ ဒုသမ္မတဟောင်း Joe Biden
သမ္မတ Trump နဲ့ ဒုသမ္မတဟောင်း Joe Biden

အမေရိကန် ပြည်ထောင်စုမှာ ရှေ့နှစ်ထဲ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် လက်ရှိသမ္မတ Donald Trump နဲ့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း အဖြစ် ယှဉ်ပြိုင်မယ့်သူတွေထဲမှာ ရှေ့တန်းရောက်နေတဲ့ ဒုသမ္မတဟောင်း Joe Biden တို့ မနေ့တုန်းက Iowa ပြည်နယ်မှာ အပြိုင်အဆိုင် စည်းရုံးရေးဆင်းခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံရေးမှာ အရေးပါတဲ့ ပြည်နယ်တခုမှာ စည်းရုံးရေး ထွက်ခဲ့ကြတဲ့ အတွက်လည်း ရက်ပေါင်း ၅၀၀ လောက်သာ ကျန်တော့တဲ့ ရွေးကောက်ပွဲမှာ ထိပ်တိုက်တွေ့မယ့် အကြိုမြင်ကွင်းတခုအဖြစ်နဲ့လည်း တေ့ွခဲ့ကြရတာပါ။ ဒုသမ္မတဟောင်း Biden ကတော့ သမ္မတ Trump ဟာ အမေရိကန်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တရပ်အဖြစ် Ottumwa မြို့က စည်းရုံးရေးခရီးစဉ်မှာ ပြောသွားပါတယ်။

ကမ္ဘာပေါ်မှာ အာဏာရှင်တွေ ဖြစ်ကြတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရုရှားသမ္မတ Vladimir Putin တို့နဲ့ သမ္မတ Trump တရင်းတနှီး ဆက်ဆံနေတာတွေ ကိုလည်း Mount Pleasant မြို့က Wesleyan တက္ကသိုလ်မှာ နောက်ပိုင်းပြောတဲ့ မိန့်ခွန်းမှာ ဒုသမ္မတဟောင်းက ထည့်သွင်းပြောဆိုခဲ့တာပါ။

Davenport မြို့မှာ တတိယအကြိမ် ပြောဆိုရာမှာလည်း ဒီမိုကရေစီစနစ်ရဲ့ အထိန်းအကွပ်တွေကို ဖြိုဖျက်နေသူအဖြစ် သမ္မတ Trump ကို ဝေဖန်သွားခဲ့ပါတယ်။ သမ္မတ Trump ကတော့ Iowa ပြည်နယ်ကို စည်းရုံးရေးခရီးအတွက် အိမ်ဖြူတော်က မထွက်ခွာခင်မှာပဲ သမ္မတအဖြစ် တာဝန်ယူရမယ့် အချိန်မှာ အသက် ၇၈ နှစ်ပြည့်မယ့် ဒုသမ္မတဟောင်း အနေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအရ စွမ်းဆောင်နိုင်စွမ်း ရှိမရှိ မေးခွန်း ထုတ်ခဲ့တာပါ။ ဒါပေမဲ့လည်း သောကြာနေ့ကပဲ အသက် ၇၃ နှစ်ပြည့်တဲ့ သမ္မတ Trump အပေါ်မှာလည်း ဝေဖန်သူတွေက အလားတူမေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG