သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတဟောင်း Joe Biden ဒီမိုကရက်သမ္မတလောင်းရွေးခံမည်


ဒုသမ္မတဟောင်း Joe Biden
ဒုသမ္မတဟောင်း Joe Biden

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် အရွေးခံမယ့်အကြောင်း ဒုသမ္မတဟောင်း Joe Biden က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ ယှဉ်ပြိုင်ဖို့ သမ္မတလောင်းအဖြစ် ရွေးချယ်ခွင့်ရရေး ကြိုးပမ်းနေကြတဲ့ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်တွေ အများအပြား ရှိနေတဲ့အထဲမှာ Delaware ပြည်နယ် ဝါရင့်အထက်လွှတ်တော်အမတ်လည်းဖြစ် အရင်သမ္မတဟောင်း Barack Obama လက်ထက်မှာ ဒုသမ္မတအဖြစ် ၂ ကြိမ် တာဝန်ယူခဲ့ဖူးတဲ့ Biden ကတော့ ယှဉ်ပြိုင်သူတွေထဲမှာ ချက်ချင်းဆိုသလို ထိပ်ဆုံးနေရာ ရောက်ခဲ့တာပါ။

သမ္မတလောင်းအဖြစ် အရွေးခံဖို့ ဒုသမ္မတဟောင်း Biden ရဲ့ ဒီကနေ့ ကြေညာချက်ထဲမှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ အခြေခံစံတန်ဘိုးတွေနဲ့ ကမ္ဘာ့အလယ်မှာ ရပ်တည်ချက်တွေဟာ အန္တရာယ်နဲ့ ကြုံနေရကြောင်း ဖော်ပြထားပါတယ်။ သမ္မတ Trump ကိုသာ ၈ နှစ်ကြာ သက်တမ်း ၂ ဆက် အုပ်ချုပ်ခွင့် ပေးလိုက်မယ်ဆိုရင် တိုင်းပြည်ရဲ့ သွင်ပြင်လက္ခဏာတွေ အားလုံးဟာ အခြေခံကျကျ ပြောင်းလဲ သွားနိုင်တာကြောင့်၊ ဒီလိုအဖြစ်မခံနိုင်တဲ့အတွက် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အသက် ၇၆ နှစ်အရွယ် ဒုသမ္မတဟောင်း Biden ဟာ အများပြည်သူနဲ့ ပတ်သက်တဲ့ အခန်းအနားတွေမှာ ထိတွေ့တာ၊ ပွေ့ဖက်နမ်းရှုတ်တာတွေ ရှိခဲ့တဲ့အပေါ် စွပ်စွဲ ဝေဖန်မှုတွေ နဲ့လည်း မကြာသေးခင်ကပဲ ကြုံခဲ့ရတာပါ။ Nevada ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ အမျိုးသမီးတဦးအပါအဝင် အမျိုးသမီး ၇ ဦးထက် မနည်းက စွပ်စွဲခဲ့တာတွေကိုတော့ သူ့ဘဝတလျှောက် လူတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတဲ့ အပြုအမူအဖြစ် ကာကွယ်ပြောဆိုခဲ့ပေမဲ့ ရှေ့လျောက်ဆင်ဆင်ခြင်ခြင် ပြုမူဖို့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG