ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Hillary Clinton ဟာ သူမနဲ့အတူ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်း အမည်ကို ရီပတ်ဘလစ်ကန်ပါတီ ညီလာခံပြီးဆုံးပြီး မကြာခင်မှာ ကြေညာလိမ့်မယ်လို့ အများစုက မျှော်လင့်နေကြပါတယ်။
Clinton အနေနဲ့ ဒုသမ္မတလောင်းအဖြစ် လျာထားသူ ဇကာတင် ၉ ဦးရှိတယ်လို့ Clinton နဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းက ပြောပါတယ်။
အခုလို လူတွေအများကြီး ဇကာတင်စာရင်းမှာ ရှိနေတာဟာ တကယ့် စာရင်းမဟုတ်ဘဲ ပါတီတွင်းက မတူညီတဲ့ အုပ်စုတွေနဲ့ သြဇာကြီးတဲ့ သူတွေ ကျေနပ်မှုရှိအောင် လုပ်ပြခြင်းဖြစ်တယ်လို့ Virginia တက္ကသိုလ် နိုင်ငံရေးဌာနက Larry Sabato က ဗွီအိုအေကို ပြောပါတယ်။
ဒုသမ္မတလောင်းဖြစ်နိုင်ခြေရှိသူတွေကို ရွေးချယ်တဲ့နေရာမှာ အကူအညီဖြစ်စေရေးအတွက် Clinton Campaign က နိုင်ငံရေးအခြေအတွေ လေ့လာသုံးသပ်တဲ့ အုပ်စုတွေနဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ပါတယ်။ Hillary Clinton အနေနဲ့ အဲဒီ ဒုသမ္မတ ဖြစ်လာနိုင်ခြေရှိသူ တချို့နဲ့ ဝါရှင်တန်ဒီစီက သူမ နေအိမ်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
Clinton အနေနဲ့ ဒုသမ္မလောင်းရဲ့ အမည်ကို သောကြာ၊ သို့မဟုတ် စနေနေ့လောက်မှာ ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒုသမ္မလောင်း ဘယ်သူဖြစ်မယ်ဆိုတာကို Hillary Clinton က သိထားပြီးဖြစ်ပြီး အပြင်လူတွေ မသိသေးတာသာ ဖြစ်ကြောင်း၊ ဒါဟာ အင်မတန် သိုသိပ်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ အပြင်ကို သတင်းလုံး၀ မပေါက်ကြားသလောက်အထိ ဖြစ်ကြောင်း Virginia တက္ကသိုလ် နိုင်ငံရေးဌာနက Larry Sabato က ပြောပါတယ်။