နျူကလီးယားကင်းမဲ့ရေးဆိုတာအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားအကြား အဓိပ္ပါယ်သတ်မှတ် ချက် ကွာခြားနေတာက သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un တို့ရဲ့ မေလမှာလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးစည်းဝေးပွဲ အတိမ်းအစောင်း ဖြစ်သွားနိုင်ခြေရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ Christy Lee ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un က ထိပ်သီးစည်းဝေးဖို့ ကမ်းလှမ်းတာကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ လက်ခံခဲ့ပါတယ်။ အဲဒီကမ်းလှမ်းချက်ကို Kim Jong-Un နဲ့ ပြုံယမ်းမှာတွေ့ခဲ့တဲ့ တောင်ကိုရီးယား သံတမန်တွေက သမ္မတထရမ့်ပ်ကို ပြောပြခဲ့တာပါ။
“မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို ဖယ်ရှားပေးမယ်၊ Kim အစိုးရရဲ့လုံခြုံရေးကို အာမခံမယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေး ခိုင်မာတဲ့သန္နိဋ္ဌာန်ကို မြောက်ကိုရီးယားဘက်က ရှင်းလင်းစွာ အတည်ပြုပါ တယ်” လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြီးအကဲ Chung Eui-yong က ပြောပါတယ်။
ဒါပေမဲ့ မေလမှာလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေး အလားအလာဟာ နျူကလီးယားကင်းမဲ့ခြင်းဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်ဆိုတဲ့အပေါ် မူတည်နေပါတယ်။ Merriam-Webster အဘိဓာန်မှာတော့ “တနေရာရာက နျူကလီးယား လက်နက်များကို ဖယ်ရှားခြင်း သို့မဟုတ် တနေရာရာတွင် နျူကလီးယားလက်နက် အသုံးပြုခြင်းကို တားမြစ်ခြင်း” လို့ ဖွင့်ဆို ထားပါတယ်။ အခုဖြစ်ရပ်မှာတော့ မြောက်ကိုရီးယားပါပဲ။
နျူကလီးယားကင်းမဲ့ရေးဆိုတာကို အရင်က မြောက်ကိုရီးယား အဓိပ္ပါယ်ဖွင့်ထားတာက ခြိမ်းခြောက်မှုတွေလို့ သူတို့ယူဆတာတွေ ကို ဖယ်ရှားပစ်တာပါ။ အဲဒီထဲမှာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်က နျူကလီးယားနဲ့ ထီးလိုမိုးပြီး ကာကွယ်ပေးထားတာ၊ အမေရိကန်-တောင်ကိုရီးယား စစ်ဘက်မဟာမိတ်ပြုထားတာ။ တောင်ကိုရီးယားမှာ အမေရိကန်တပ်တွေချထားတာတွေ ပါဝင် တယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ အမေရိကန်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အစီအစဉ်ကို လုံးဝ ဖျက်သိမ်းပစ်ရေးပါ။
နျူကလီးယားကင်းမဲ့ရေးကိစ္စဟာ ထိပ်သီးအစည်းအဝေးမှာ Kim Jong-Un ဆွေးနွေးချင်တဲ့ကိစ္စဖြစ်လိမ့်မယ်လို့ သမ္မတထရမ့်ပ် မျှော်လင့်မထားသင့်ကြောင်း မြောက်ကိုရီးယားနဲ့ အရင်ကဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူဟောင်း Evans Revere ကပြောပါတယ်။
“သိပ်ကိုရှုပ်ထွေးတဲ့ အခြေအနေတခုဟာ အများကြီး ပိုပြီးရှုပ်ထွေးလာပါတယ်။ အဓိကအကြောင်းကတော့ မြောက်ကိုရီး ယားခေါင်းဆောင်က နျူကလီးယားကင်းမဲ့ရေးကိစ္စ ဆွေးနွေးဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ အခြေခံအချက် ဒါမှမဟုတ် ယူဆချက်နဲ့ ဆွေးနွေးဖို့ လက်ခံခဲ့တာကြောင့်ပါ။ နျူကလီးယားကင်းမဲ့ရေး ဆွေးနွေးဖို့ Kim က တကယ်တမ်း စိတ်ဝင်စားတယ်ဆိုတဲ့ ဘယ်လို အထောက်အထားမျိုးမှ ကျနော်မတွေ့ရပါဘူး။”
မြောက်ကိုရီးယားအနေနဲ့က သူ့ရဲ့နျူကလီးယားအစီအစဉ် ရပ်ဆိုင်းရေးပေါ် အာရုံစိုက်နေကြတာကနေ လမ်းကြောင်းလွှဲပြီး သူတို့အစိုးရအပေါ် ခြိမ်းခြောက်မှုလို့ ယူဆတာတွေကို အမေရိကန်က ဖယ်ရှားပေးမှ နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်မယ် ဆိုတဲ့ သတ်မှတ်ချက်မျိုးချဖို့ ကြိုးစားဖွယ်ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ တောင်ကိုရီးယားကနေ တပ်ဖွဲ့တွေ ရုပ်သိမ်းရေးကိစ္စဟာ အမေရိကန်အတွက် လက်ခံနိုင်ဖွယ်ရာမရှိဘူးလို့ အတ္တလန်တိတ်ကောင်စီက အကြီးတန်းသုတေသီ Robert Manning ကပြောပါတယ်။
ထိပ်သီးစည်းဝေးပွဲရဲ့ ရလဒ်တွေအပေါ် ထရမ့်ပ်နဲ့ Kim အကြား အမြင်မတူကြဘူးဆိုရင် သံတမန်ရေးကြိုးပမ်းမှု တိုးတက်ရေးမှာ ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မယ်လို့ Revere က ယူဆပါတယ်။
“သံတမန်ရေးမှာ သတ်မှတ်ချက်တခုရှိပါတယ်။ ထိပ်သီးအစည်းအဝေးကနေ ကိုယ်လိုချင်တဲ့ရလဒ်ကို ကိုယ်တိုင်က နားလည်သလို တဘက်ကလည်း နားလည်ပြီးတော့ နှစ်ဘက်လုံးက လိုချင်တဲ့ရလဒ်အပေါ် သဘောတူတယ်ဆိုမှသာ ထိပ်သီး အစည်းအဝေးလုပ်ဖို့ သဘောတူရမယ်ဆိုတာပါ။”
နျူကလီးယားကင်းမဲ့ရေးအပေါ် ထိပ်သီးအစည်းအဝေးမှာ အငြင်းပွားလာနိုင်ခြေကနေ သံတမန်ရေးကြိုးပမ်းမှု ပျက်သွားပြီး အမေရိကန်က စစ်ရေးအရလုပ်ဆောင်ဖို့ အလားအလာ တိုးလာနိုင်ခြေရှိတယ်လို့ Manning က သတိပေးပါတယ်။
သံတမန်ရေး မအောင်မြင်တော့ဘူးဆိုရင် စစ်ရေးနဲ့လုပ်ဖို့ အမေရိကန်မှာတောင်းဆိုတာတွေ အရှိန်ပိုရလာနိုင်ပြီး သံတမန်ရေး အသံ တိမ်မြုပ်သွားပါလိမ့်မယ်လို့ ရေတပ်ရေးရာ လေ့လာသုံးသပ်ရေးဌာနက နိုင်ငံတကာရေးရာအုပ်စုရဲ့ ဒါရိုက်တာ Ken Gause ကလည်း ပြောပါတယ်။