သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒု-ဘဏ္ဍာရေးဝန်ကြီး သမ္မတနဲ့တွေ့ဆုံ


အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ ဒီနေ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရ ထိပ်ပိုင်း အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ (သတင်းဓာတ်ပုံ- သမ္မတရုံး Website)
အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ ဒီနေ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရ ထိပ်ပိုင်း အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ (သတင်းဓာတ်ပုံ- သမ္မတရုံး Website)
အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ ဒီနေ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရ ထိပ်ပိုင်း အရာရှိတွေနဲ့ ဒီကနေ့ နေပြည်တော် မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံကို နှစ်ရက်ကြာ ခရီး ရောက်ရှိနေတဲ့
မစ္စတာ ဝိုလင် ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ
လုပ်ငန်းတွေမှာ အကူအညီပေးဖို့အတွက် အခုလို မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက ပြောဆိုထားပါတယ်။ မစ္စတာ ဝိုလင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အကြောင်း အပြည့်စုံ သိရအောင် မခင်ဖြူထွေးက ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်တွေ၊ ဘဏ္ဍာရေး စနစ် ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ မနေ့က ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းကတော့ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် သမ္မတအိမ်တော် ခန်းမဆောင်မှာ သမ္မတ ဦးသိန်းစိန် အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သမ္မတ ရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

“တွေ့တယ်ဗျ။ တွေ့တယ်ဆိုတာ မနက်က တွေ့တာ။ ဘယ်သူတွေ ပါလဲ ဆိုတော့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ကြီးတွေ ပါတယ်။ ပြည်ထဲရေး ပါတယ်။ ဒီညနေ သူ ပြန်မှာ။ သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ ဆက်ပြီးတော့ တွေ့တာတော့ ရှိကောင်း ရှိလိမ့်မယ်။ အသေးစိတ်တော့ ကျနော် မသိဘူး။ အကြောင်းအရာကတော့ ဘဏ္ဍာရေး ဆိုင်ရာပေါ့ အဓိက ကတော့။ ဘဏ္ဍာရေးဆိုင်ရာမှာ ငွေကြေး လွှဲပြောင်းမှုတွေ၊ အထူးသဖြင့် ဒေါ်လာငွေ အလွှဲအပြောင်း လုပ်တာတွေနဲ့ ပတ်သက်လို့ ဒဏ်ခတ် ပိတ်ဆို့ခံထားရတဲ့ ဟာတွေ။ ငွေကြေး ခဝါချမှု နဲ့ ပတ်သက်လို့ ကျနော်တို့နိုင်ငံက ဆောင်ရွက်နေတဲ့ဟာကို ဟိုဘက်က နည်းပညာ အကူအညီ ဘယ်လို ပေးနိုင်မလဲ ဆိုတဲ့ဟာတွေ။ အဓိက ကတော့ အဲဒါတွေပါ။”

မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို အထောက်အကူ ဖြစ်စေမယ့် ဘဏ္ဍာရေး နဲ့ ငွေကြေးလုပ်ငန်း ဆိုင်ရာ ပညာရပ်တွေ၊ နည်းပညာတွေနဲ့ နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်လာအောင် အကူအညီတွေ ပေးသွားဖို့ စတဲ့ ကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကျန်နေသေးတဲ့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို အပြီးပိုင် ရုပ်သိမ်းပေးဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း သမ္မတ ရုံးကလည်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နေပြည်တော်က တွေ့ဆုံမှုမှာတော့ သမ္မတ ဦးသိန်းစိန်နဲ့အတူ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်နဲ့ ဒေါက်တာ ကံဇော် တို့ ပါဝင်ပြီး နိုင်ငံခြားရေးဌာနက ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသိန်းညိမ်း တို့ ပါဝင်ခဲ့သလို အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့အတူ ရန်ကုန်သံရုံးက အဆင့်မြင့် အရာရှိတွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စတာ ဝိုလင် ဟာ အောက်တိုဘာလ ၂၃ ရက်နေ့ကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်ကြတဲ့ စင်ကာပူ အခြေစိုက် အမေရိကန် ကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နိုင်မှု အခြေအနေတွေ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကို မေးမြန်းဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် တို့လို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ မြန်မာနိုင်ငံကို ငွေကြေး ကူညီ ထောက်ပံ့မှုတွေ ပေးနိုင်ဖို့မှာ အရေးကြီးတဲ့ ဥပဒေတရပ်ကို အမေရိကန်သမ္မတ ဘာရတ်ခ် အိုဘားမားက လက်မှတ်ရေးထိုး အတည်ပြုခဲ့သလို ဒီလို နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရကြား ပုံမှန် ဆက်ဆံရေး ထားရှိနိုင်အောင် အမေရိကန်က ကူညီသွားမယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခုလို အမေရိကန် ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော်ကလည်း အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William Burns မြန်မာနိုင်ငံကို ရောက်လာခဲ့သလို လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပို့စ်နာ ဦးဆောင်တဲ့ အမေရိကန် ထိပ်တန်း စစ်ဘက် အရာရှိတွေပါ ပါဝင်တဲ့ အဖွဲ့တခုဟာလည်း ပထမဆုံးအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်အရေး အခြေအတင် ဆွေးနွေးပွဲ တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါသေးတယ်။
XS
SM
MD
LG